Subscribe to our RSS Feed

စိတ်မပျက်နဲ့ အားတင်းပါ

မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်းတစ်ယောက် လာလည်ပါ တယ်။ သူက ရာထူးကြီးတစ်ခုကနေ ပင်စင်ယူပြီးတဲ့နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည်ထောင်ပြီး စီးပွားရေးလုပ်နေတာကြောင့် မတွေ့ဖြစ်ကြတော့တာပါ။ အခုမှ အသက်ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော်နေပြီဖြစ်တာကြောင့် သားသမီးတွေလက်ထဲ အားလုံးလွှဲပြီး လုံးလုံးကြီး အနားယူလိုက်တာလို့ ပြောပါ တယ်။

အအိုမြန်လိုက်တာ

‘ကျုပ်တို့ သက်တမ်းကလူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်းကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာမှာပဲ အမြဲနေတဲ့လူနဲ့ အားလုံးဆုံကြဖို့တော့ မလွယ် တော့ဘူး’

သူက မန္တလေးကိုလည်း ရောက်သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်းတချို့ကို သွားတွေ့ခဲ့တဲ့အကြောင်း ဆက်ပြောပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေဖြစ်ကုန်ကြပြီလို့လည်း ပြောပါ တယ်။

‘ကျုပ်တို့ဗမာတွေဟာ ပင်စင်ယူပြီးတာနဲ့ သေဖို့ပဲ စဉ်းစားနေကြလို့နဲ့တူပါရဲ့ဗျာ။ အအိုမြန်လိုက်ကြတာ’

သူက ညည်းသလိုလို စကားဆိုပါတယ်။ သူကတော့ အရွယ်တော်တော်တင်ပါတယ်။ ဖျတ်ဖျတ်လတ်လတ်၊ သွက်သွက်လက်လက် ရှိဆဲပါပဲ။ မကြောင့်မကြ မတောင့်မတ နေနိုင်တာကြောင့်လား မဆိုနိုင်ဘူး။ ၇၆ နှစ် လို့ကို မထင်ရပါဘူး။ ၆ဝ လောက်လို့သာ ထင်ရပါတယ်။ အခုချိန်ထိ ပြည်တွင်းပြည်ပခရီးတွေ သွားနေဆဲပါ ပဲ။ သမီးရှိတဲ့အင်္ဂလန်က ပြန်ရောက်လာတာ တစ်လကျော်ကျော်သာ ရှိသေးတယ်လို့ လည်း သိရပါတယ်။


သူများတွေနဲ့ ကွာလိုက်တာ

သူပြန်သွားတဲ့အထိ ‘အအိုမြန်လိုက်ကြတာ’ ဆိုတဲ့ သူ့စကားကို ဆက်စဉ်းစားနေမိတယ်။ သူများနိုင်ငံက ၇ဝ ကျော် ပင်စင်စားကြီးတွေ စုဝေးပြီး ကမ္ဘာ့လှည့် လည်ပတ်ကြတာတွေ မြင်ရ၊ တွေ့ရတော့ တို့ဆီကနဲ့များ ကွာ လိုက်တာ’ လို့ မကြာမကြာ တွေးမိခဲ့ရတယ်။ ဒီမှာကတော့ မိတ်ဆွေပြောသလို ပင်စင်ယူပြီးတာနဲ့ သေဖို့ပဲ စဉ်းစားနေကြတယ်နဲ့တူပါရဲ့။ မိတ်ဆွေဖြစ်သူလို ပင်စင်ယူပြီး ကုမ္ပဏီမထောင်နိုင်ကြတာလည်း အဓိက အကြောင်းတစ်ရပ် ဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်စင်ယူပြီးပြီဆိုတာနဲ့ လူရောစိတ်ပါ ကျ သွားကြတာတော့ အမှန်ပဲ။ ရပ်ရေး၊ ရွာရေး၊ လူမှုရေးကိစ္စတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တတ် သူ တချို့ကလွဲရင် အများစုက အအိုမြန်ကြ၊ အသေမြန်ကြတာကို သတိပြုမိတယ်။

‘ဒုက္ခသုက္ခတွေ များလွန်းလို့ အသက်မရှည်ချင်ပါဘူး၊ မြန်မြန်သွားလေ ကောင်းလေပါပဲ’ လို့လည်း ပြော တတ်ကြပါတယ်။ လောကမှာ ဒုက္ခနဲ့ကင်းသူ ဘယ်သူရှိလို့လဲ။ တကယ်က ဒုက္ခက လူကိုသေစေတာ မဟုတ် ပါဘူး။ ဒုက္ခကိုကြောက်ပြီး စိတ်ကျလို့ အသေမြန်ရတာဖြစ်တယ်။


လူငယ်တွေလည်း စိတ်ကျတာပဲ

လူကြီးတွေသာ စိတ်ကျတတ်တာ မထင်နဲ့။ လူငယ်တွေလည်း စိတ်ကျတတ်ကြတာပဲ။ ကျောင်းဆရာ တစ် ယောက်အနေနဲ့ လူငယ်လူရွယ်လေးတွေနဲ့ အထိအတွေ့များလေတော့ ဒီခေတ်လူငယ်လေးတွေ တော် တော်များများဟာ အရွယ်နဲ့ မလိုက်အောင်ကို လောကကြီးကို အဆိုးမြင်ပြီး စိတ်ကျနေတတ်ကြတာကို သတိ ပြုမိပါတယ်။ သူတို့တစ်တွေမှာ လူငယ့်အားမာန်၊ လူငယ့်ဇွဲသတ္တိ အတော်လျော့နည်းကြတယ်။ ဘာမဆို မလုပ်ခင်က အရှုံးပေးစိတ် များနေကြတယ်။ ‘အားမတန် မာန်လျှော့’ ဆိုတဲ့စကား၊ ‘ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်’ ဆိုစကားမျိုးတွေ လွယ်လွယ်သုံးပြီး အရှုံးပေး၊ အညံ့ခံလိုက်တတ်ကြ တယ်။ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်မျိုး တစ်နေ့တခြား ခေါင်းပါးလာနေတယ်လို့ ထင်မိတယ်။ ထောက်ပြ ပြောဆိုလိုက်ရင်လည်း သူတို့မှာ အကြောင်းပြချက်တွေက တစ်ပုံတစ်ပင်ကြီး။ သူတို့က သူတို့နေထိုင်ရတဲ့ ခေတ်ကြီးတစ်ခုလုံးကို ကျေနပ်ကြတာ မဟုတ်ဘူး။ တချို့လူငယ်များဆိုရင် အဆိုးမြင်စိတ်တွေ လွန်ကဲပြီး ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် ဘာမှအရာရောက်မှာမဟုတ်ဘူး။ ဘာမှမလုပ်ဘဲနေလိုက်တာပဲ အေး တယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေတောင် ရှိနေကြတာတွေ့ရတယ်။

သူတို့က အီရတ်နိုင်ငံတစ်ခုလုံး သွေးချောင်းစီးဖြစ်နေတာကို မနှစ်မြို့သလို ပါလက်စတိုင်းလူမျိုးတွေ ရာစုနှစ် တစ်ဝက်တိုင်တိုင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခြင်းပြုနေကြရတာကိုလည်း စိတ်မကောင်းကြပါဘူး။ နျူကလီးယားလက်နက်များရဲ့ အန္တရာယ် တစ်နေ့တခြား ကြီးမားသထက် ကြီးမားလာနေတာကို စိုးရိမ်နေကြ သလို ဖန်လုံအိမ်အာနိသင်လွန်ကဲမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပေါင်းအိုးကြီးထဲရောက်နေသလို ခံစားနေရ တာကိုလည်း မလိုလားကြပါဘူး။


အနိဋ္ဌာရုံကမ္ဘာကြီး

လူငယ်တွေရဲ့စိုးရိမ်ကြောင့်ကြမှုတွေနဲ့ သူတို့ရဲ့မကျေနပ်ချက်တွေဟာ သဘာဝကျပါတယ်။ မှန်လည်း မှန်ပါတယ်။ ဒီနေ့ ကမ္ဘာကြီးက အနိဋ္ဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာကြီးဖြစ်နေတာကိုး။ ကမ္ဘာကြီးရဲ့ ဘယ်ထောင့်ဘယ်နေရာကို ကြည့်လိုက်၊ကြည့်လိုက် တိုက်ခိုက်သတ်ဖြတ်တာတွေ၊ ကြီးနိုင်ငယ်ညှဉ်း လုပ် တာတွေ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်တာတွေချည်း မြင်တွေ့နေရပါတယ်။ အနိဋ္ဌာရုံတွေ ကင်း စင်တဲ့နိုင်ငံရယ်လို့ လက်ညှိုးထိုးပြစရာ တစ်ခုတောင်မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။


ရေအောက်ရောက်သွားနိုင်တယ်

နိုင်ငံရေး၊ စစ်ရေး၊ မျက်နှာစာကို ထားတော့။ စီးပွားရေးမျက်နှာစာကို ကြည့်တော့လည်း မြင်တွေ့နေရတာ တွေက စိတ် မချမ်းသာစရာတွေချည်းပါပဲ။ ဖန်လုံအိမ်အာနိသင်ကြောင့် ဝင်ရိုးစွန်းက ရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း ကြောက်စရာကောင်းလောက်အောင် မြင့်မားနေတယ်။ ဒီအတိုင်းဆက်သွားရင် ပင်လယ်ရေမျက်နှာပြင် မြင့်သထက်မြင့်တက်လာပြီး တချို့နိုင်ငံတွေ ရေအောက်ရောက်သွားနိုင်တယ်လို့ ပညာရှင်များက အကြိမ်ကြိမ် သတိပေးနေကြတာများ ကြားသိနေရတယ်။ စက်ရုံ၊ အလုပ်ရုံတွေက မီးခိုး ထုတ်လွှတ်မှုတွေ ကန့်သတ်တားဆီးဖို့ လိုပြီလို့လည်း ထောက်ပြကြတယ်။


မိုက်တွင်းနက်နေကြ

ဘယ်လိုပဲ ထောက်ပြထောက်ပြ၊ ဘယ်လိုပဲ သတိပေး သတိပေး၊ မီးခိုးတွေ အများဆုံးထုတ်လွှတ်နေတဲ့ စက်မှုနိုင်ငံကြီးတွေက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုသာ မိုက်မဲစွာကြည့်ရှုပြီး နိုင်ငံတကာ သဘောတူစာချုပ်နဲ့ ထိန်းချုပ်တာကို လက်မခံ ငြင်းဆန်နေကြတယ်။ ဒီလုပ်ရပ်ဟာ အင်မတန် အသိဉာဏ် ကင်းမဲ့ရာကျတယ်။ ဖန်လုံအိမ်အာနိသင်ကြောင့် အိုဇုန်းလွှာ ပါးလျားလာတဲ့ဒဏ်၊ အက်ဆစ်မိုးတွေ ရွာချတဲ့ ဒဏ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ဒဏ်၊ မုန်တိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ်၊ အပူလှိုင်း၊ အအေးလှိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ် စတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရပြီဆိုလျှင် ဘယ်နိုင်ငံမှ လွတ် ကင်းနိုင်မယ် မဟုတ်ဘူးဆိုတာ သိပါလျက်နဲ့ မိုက်တွင်းနက်နေကြခြင်းသာဖြစ်တယ်။


ဖုန်းဆိုးတောတွေဖြစ်

ဒါတင်မက လတ်တလောအကျိုးစီးပွားလေး တစ်ခုတည်းကိုကြည့်ပြီး မြေပေါ်မြေအောက် သယံဇာတတွေကို အဆီးအတားမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ တောတွေပြုန်း၊ တောင်တွေပြိုပြီး တဖြည်းဖြည်းချင်း ကန္တာရ ဖုန်းဆိုးတောတွေ ဖြစ်လာနေတာများလည်း မြင်တွေ့ကြားသိနေရတယ်။ လူတွေ သောင်းသိန်းချီသေကြရတဲ့ ငလျင်လှုပ်မှုကြီးတွေနဲ့ ဆူနာမီလို၊ နာဂစ်လို အန္တရာယ်ကြီးတွေ ဘာ့ကြောင့် ပေါ် ပေါက်လာကြရတာလဲဆိုတာများကို သေသေချာချာ၊ လေးလေးနက်နက် သုတေသနပြုဖို့လည်း ပျက်ကွက် နေကြဆဲဖြစ်တယ်။


ပြဿနာက အန္တရာယ်မဟုတ်

ဒီအချက်တွေကြောင့် လူငယ်တွေက မျက်မှောက်ခေတ်ကြီးကို စိတ်ပျက်လက်ပျက်ဖြစ်နေတာ သဘာဝကျပါ တယ်။ ဒါပေမဲ့လို့ ဒါတွေဟာ တားဆီးကာကွယ်လို့ မရနိုင်တာတွေမဟုတ်ဘူးလို့ လူငယ်တွေ သိစေချင်ပါ တယ်။ ပြဿနာတစ်ရပ်ဖြစ်လာ၊ ရှိလာတာဟာ ကြောက်စရာမဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ရှိနေတယ် လို့ မသိခြင်းကသာ ကြောက်စရာကောင်းတာဖြစ်တယ်။ ပြဿနာရှိနေမှန်းသိရင် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာရမှာပဲဖြစ်တယ်။ ရှာရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့လာရမှာဖြစ်တယ်။


အနိုင်ရမှာ သေချာတယ်

ဒီနေ့ ကမ္ဘာတစ်လွှားမှာ ပြဿနာမျိုးစုံ၊ အနိဋ္ဌာရုံပေါင်းစုံ ဖြစ်ပွားပေါ်ပေါက်နေတာကို လူတိုင်း တွေ့မြင်နေကြ ရတယ်။ ပြဿနာတွေဖြစ်လာရတဲ့ ဇာစ်မြစ်အကြောင်းရင်းကိုလည်း လူတိုင်းသိကြတယ်။ ဥပမာ-ဖန်လုံအိမ် အာနိသင်ရဲ့ဆိုးပြစ်တွေကို လူတိုင်းသိသလို ဖန်လုံအိမ် အာနိသင်ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းကို လည်း လူတိုင်းသိမြင် သဘောပေါက်နေကြတာဖြစ်တယ်။ ဒီတော့ ဘာကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ကမ္ဘာ ပေါ်က စစ်ပွဲကြီးတွေကို ဖန်တီးသူတွေနဲ့ ကမ္ဘာကြီးရဲ့သာယာလှပမှုကို ဖျက်ဆီးနေသူတွေက လက်တစ်ဆုပ် စာလောက်သာရှိတဲ့လူတွေ ဖြစ်ကြတယ်။ ရှိလှမှ ကမ္ဘာ့လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းပေါ့။ ကျန် ၉ဝရာခိုင်နှုန်းက ညီညာဖြဖြနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြရင် ဒီ ၁ဝ ရာခိုင်နှုန်းရဲ့အန္တရာယ်ကို ဘာ့ကြောင့် မကာကွယ်နိုင်ရမှာလဲ၊ ဒါကြောင့် လူငယ်တွေကိုပြောချင်တယ်။ စိတ်မပျက်ပါနဲ့။ ကမ္ဘာ့လူဦးရေရဲ့ ၉ဝ ရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲဆောင်ရွက်ပါ။ နောက်ဆုံးမှာ ကောင်းမြတ်ခြင်းတရားက အနိုင်ရမှာ သေချာပါတယ်။


လူထုစိန်ဝင်း


ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့

´ ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ``စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။

ဘ၀င်လေဟပ်သူတွေရဲ့စကား
စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး``
စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။

နွားနဲ့ရုန်းနေတာ ပျင်းတာလား
မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။ မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေးမှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။

တီထွင်လုပ်တတ်တဲ့လူတွေ
နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။
မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့် လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင် တယ်။
မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။

ကိုရွှေဗမာတွေ
မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကားကြရမှာ မဟုတ်လား။

သတိပေးလိုက်ချင်တယ်
အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ်လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကားမလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ လူထုစိန်ဝင်း၏ ဆောင်းပါးအား ကူးယူ ဖော်ပြသည်)


Myanmar Express