Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Daily သတင်းစာ နိုင်ငံတကာ သတင်းဌာနမှ သတင်းထောက် Ms. Li Xiaokun နှင့် China Nonferrous Metal Mining Group Co.,Ltd. အကြီးအကဲ Mr. Luo Tao တို့အား လက်ခံတွေ့ဆုံ

From : ..သမ္မတရုံး

နေပြည်တော် ဧပြီ  ၆  
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Daily သတင်းစာ နိုင်ငံတကာ သတင်းဌာနမှ သတင်းထောက် Ms. Li Xiaokunအား ယနေ့နံနက်(၉)နာရီ (၁ဝ)မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့ရှိ ခေတ္တတည်းခိုသည့် MGM Grand ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ပြီး တွေ့ဆုံမေးမြန်းခန်း အဖြစ် မေးမြန်းချက်များကို ပြန်လည် ဖြေကြားသည်။

ထိုသို့ဖြေကြားရာတွင် နိုင်ငံတော်သမ္မတက ဘိုအောမြို့တွင် ကျင်းပမည့် ဘိုအောဖိုရမ် အစည်းအဝေးနှင့် ပတ်သက်၍ သဘောထား အမြင်များ၊ မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲလာမှု အခြေအနေများ၊  မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရေးပါသော နေရာ တွင်တည်ရှိသည့်အပြင် ရာသီဥတုသင့်တင့်မျှတမှုကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲပြီး ထုတ်ကုန်များ ပိုမိုထွက်ရှိစေ ကာ ဒေသတွင်း စားနပ်ရိက္ခာ လိုအပ်ချက်ကို  ဖြည့်ဆည်းပေးနိုင်သည်အထိ ရည်မှန်းဆောင်ရွက်နေသည့် အခြေအနေ များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေး အတွက် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက် နေမှု အခြေအနေ၊ မြန်မာနိုင်ငံ တွင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေမှု အခြေအနေ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် အစဉ်အလာကောင်းသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှတစ်ဆင့် အနှစ်သာရပြည့်ဝပြီး ပိုမိုနက်ရှိုင်းသည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအဆင့်ကို တက်လှမ်းရောက်ရှိခဲ့မှု အခြေအနေများကို အသေးစိတ် ရှင်းလင်း ပြောကြားသည်။

ထို့နောက်နိုင်ငံတော်သမ္မတသည် နံနက်(၉)နာရီ(၄၅)မိနစ်တွင် တရုတ်နိုင်ငံ China Nonferrous Metal Mining Group Co.,Ltd. အကြီးအကဲ Mr. Luo Tao အား MGM Grand ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ တကောင်းတောင်ဒေသ၌ နီကယ်သတ္တုတူးဖော်ရေး လုပ်ငန်း များ စတင်ဆောင်ရွက်နေမှု၊  အကျိုးအမြတ် ခွဲဝေရာတွင် စီမံကိန်းစာချုပ်ပါအတိုင်း လိုက်နာ ဆောင်ရွက်မည့်အခြေအနေ၊ သတ္တုတူးဖော်ရာတွင် နည်းပညာမြှင့်တင် ဆောင်ရွက်မည့် အခြေအနေ၊ စီမံကိန်းတွင် မြန်မာပညာရှင်များနှင့် ကျွမ်းကျင် လုပ်သားများကို အဓိကထား ခန့်ထားဆောင်ရွက်ရေး၊ စီမံကိန်းဆောင်ရွက်ရာ တွင် နိုင်ငံတော်၊ ရင်းနှီးမြှုပ်နှံသူနှင့် ဒေသခံ ပြည်သူများ အကျိုးဖြစ်ထွန်းရေး၊ စီမံကိန်းဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေးနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကုမ္ပဏီက ဖြည့်ဆည်းဆောင် ရွက် ပေးရေး၊ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ထိန်းသိမ်းဆောင်ရွက်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီး စွာ ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက ကဏ္ဍအလိုက် ပါဝင် ဆွေးနွေးခဲ့သည်။ 



.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်