နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ (၂၀၁၃ခုနှစ်၊ဇန်န၀ါရီလ ၁ရက်နေ့)နံနက် ၇ နာရီအချိန်တွင် မြန်မာပြည်သူများသို့ မြန်မာ့ အသံ ရေဒီယိုအစီအစဉ်နှင့် အက်ဖ်အမ်ရေဒီယို အစီအစဉ်များမှ တစ်ဆင့် နှစ်သစ်ကူး မိန့်ခွန်းအား ငါးမိနစ်ကြာ ပြောကြားခဲ့ပါသည်။
အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မိဘပြည်သူများ ခင်ဗျား -
ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်းများနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။
ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေတစ်ဆင့် တိုက်ရိုက် စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယိုကနေတစ်ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက် ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက်ဆက်ဆံရေးလမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက် တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား အပြန်အလှန် ယုံကြည်မှုကို ကျွန်တော်တို့ ပြန်လည်တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်ကစတင်ပြီး ပြည်သူလူထုနဲ့ အစိုးရအကြား အပြန်အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေး လမ်းကြောင်းများ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
အခါအခွင့်သင့်တိုင်း ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာများကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
သတင်း အချက်အလက် ပွင့်လင်းမြင်သာမှုအတွက်လည်း ကျွန်တော် အပါအဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ကျင်းပပြီး ပြည်သူလူထုထံသို့ သတင်းအချက်အလက်များ စီးဆင်းစေခဲ့ပါတယ်။
အခုလို မီဒီယာမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိမိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုရှိပြီး တစ်နိုင်ငံလုံးက ပြည်သူအများစု အားထားရတဲ့ သတင်းဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အတွက် ရေဒီယိုမိန့်ခွန်းများ စတင်ပြောကြားရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
ယခင်နှစ်အတွင်း ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များက ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု များကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်စ ပြုခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျွန်တော်တို့ အစိုးရ အထူးသတိပြုရမယ့် ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အစိုးရယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားရမယ်ဆိုတာ ကျွန်တော့ အနေနဲ့ လေးလေးနက်နက် ယုံကြည် ထားပါတယ်။
ပွင့်လင်းလွတ်လပ်မှုများ မရှိခဲ့ဘဲ အထီးကျန်ဆန်ခဲ့ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပြုပြင်စရာ၊ ပြောင်းလဲစရာတွေနဲ့ ပြည့်နက်နေတာကို ကျွန်တော်တို့အားလုံး သိရှိကြပါတယ်။
ကျွန်တော်တို့အနေနဲ့ ယခုလို ပြုပြင် ပြောင်းလဲရေးကာလမှာ အကောင်းဆုံး အခြေအနေကို မျှော်လင့်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ အကောင်းဆုံးမျှော်လင့်တာ သဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးဆုံးကတော့ အခုလက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုများက တစ်ဆင့် သေချာရေရာတဲ့ အနာဂတ်ဖြစ်အောင် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ လွတ်လပ် ပွင့်လင်းမှု ရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှု ရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဖက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး အစွန်းမရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ယခင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာကပင် အံ့သြစရာကောင်းလောက်အောင် နိုင်ငံရေး ဖြစ်ထွန်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို မြှင့်တင်နိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးစနစ် တစ်ခုကို ကျွန်တော်တို့အတူ အုတ်မြစ်ချနိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။
လာမယ့်နှစ်တွေမှာ အထွေထွေ ပြုပြင်ပြောင်းလဲမှုများရဲ့ အသီးအပွင့်တွေကို ပြည်သူတစ်ဦးချင်းစီ လက်တွေ့ ခံစားခွင့် ရစေဖို့၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့ဆက်ဆောင်ရွက်မယ့် ကိစ္စရပ်များနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကြီးထံကို စဉ်ဆက်မပြတ် ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။
မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်းအရာတစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူစဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းစီက လက်တွဲလုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခု ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲမသွေ ကျော်လွှားနိုင်မယ်ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။
ပြည်သူလူထု အများစု အနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူတစ်ရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်