Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေး

From : ..သမ္မတရုံး

နေပြည်တော် ဧပြီ ၆
       
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် တို့သည် ဧပြီ (၅) ရက် ညနေ(၆)နာရီ(၁ဝ)မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့ရှိ Sheraton ဟိုတယ် အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြ သည်။
       
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦး နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ နှင့်အတူ ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့် ပါတီမူဝါဒရေးရာ သုတေသနဌာန အကြီးအကဲ Mr. Wang Huning၊ ကွန်မြူနစ်ပါတီဗဟို ကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့် ပါတီအုပ်ချုပ်ရေးဌာန အကြီးအကဲ Mr. Li Zhan Shu၊ နိုင်ငံတော်ကောင်စီဝင် မစ္စတာယန်ကျဲချိ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဝန်ကြီး Mr. Xu Shao Shi၊  စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr.Gao Hu Cheng ၊ ဟိုင်နန်ပြည်နယ်ပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ အာရှဒေသဆိုင်ရာ တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
       
တွေ့ဆုံရာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက အဆွေတော်သမ္မတ အနေဖြင့် မိမိတို့ နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မှုအပေါ် များစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အစဉ်အလေးထားလျက် ရှိသည်ကို ပြသခြင်းဖြစ်ပါ ကြောင်း၊ မိမိတို့ အနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှု တို့ဖြင့် အကျိုးဖြစ်ထွန်းမှုများကို ရှေးရှုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဒေသတွင်း ပတ်ဝန်းကျင် နိုင်ငံများအားလုံး မျှဝေဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
       
မြန်မာနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ရပ်တည်ချက်ကို ကျေးဇူးတင်ရှိ ပါကြောင်း၊  ကမ္ဘာ့အခြေအနေမှာ နက်ရှိုင်းစွာပြောင်းလဲ ဖြစ်ပေါ်နေသကဲ့သို့ နိုင်ငံအသီးသီး သည်လည်း ပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်နေပါကြောင်း၊ ထိုသို့ဖြစ်ပေါ်နေ သော်လည်း မိမိတို့နှစ်နိုင်ငံ၏ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်း သွားမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်မှုဖြင့် ပိုမို နီးကပ်သည့် ဆက်ဆံရေးကို ဖြစ်ထွန်းစေပြီး အပြန်အလှန် နားလည်မှု ရှိရှိဖြင့် ပြဿနာများ ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီဖြေရှင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေးကို အလေးထား ပါကြောင်း။
       
မြန်မာနိုင်ငံတွင် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များတွင် မိမိတို့က ဆက်လက်၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတိုးတက် ဖွံ့ဖြိုးလာရန် အတွက် စိုက်ပျိုးရေးသရုပ်ပြစင်တာ တည်ဆောက်မှုကို ဆောင်ရွက်ပေးမည့်အပြင် လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ အသေးစားချေးငွေ စီမံကိန်းတွင်လည်း သက်ဆိုင်ရာ ဌာနများနှင့် ဆက်စပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူများအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်လိုပါကြောင်း၊ တရုတ်နိုင်ငံ CRI (China Radio International) အသံလွှင့်ဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့အကြား အသံလွှင့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် လာမည့် ဒီဇင်ဘာလ၌ ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နည်းပညာ အကူအညီပေးရေး ကိစ္စရပ်များကို ပါဝင်ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထို့အတူ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ နောက်ရက်တွင် ကျင်းပမည့် ဘိုအောဖိုရမ် အစည်းအဝေးတွင် အာရှဒေသတွင်း နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်မည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။
       
နိုင်ငံတော်သမ္မတက ဆွေးနွေးပြောကြားရာတွင် မိမိနှင့်အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြား ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အစဉ်အလာကောင်းသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှတစ်ဆင့် အနှစ် သာရပြည့်ဝပြီး ပိုမိုနက်ရှိုင်းသည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအဆင့်ကို တက်လှမ်းရောက်ရှိခဲ့သည်ဟု မိမိယုံကြည်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် တူညီသည့် သမိုင်းကြောင်းများရှိခဲ့ကြပြီး ဖြစ်ပေါ်ပြောင်းလဲ လာနေသည့် မျက်မှောက်ကမ္ဘာ့ရေးရာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြည်တွင်းတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာ၌ အပြန်အလှန် နားလည်မှု၊ စာနာထောက်ထားမှုကို အခြေခံပြီး ဆက်ဆံ နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ အနှစ်သာရပင် ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်(၂ဝ)ကျော် ကာလအတွင်းတွင် တရုတ်နိုင်ငံက မိမိတို့နိုင်ငံအား နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားနယ်ပယ်များမှာပါ ထောက်ခံ ကူညီပေးခဲ့မှုများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပေါ်ထွန်းလာခဲ့သည့်ဖြစ်စဉ်၊ လက်ရှိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ စေတနာဖြင့် ထောက်ခံအားပေးမှုများအတွက် မိမိတို့အစိုးရနှင့် ပြည်သူများက အစဉ်အမြဲ ကျေးဇူးတင်နေမည် ဖြစ်ကြောင်းကို အခွင့်သင့်ခိုက်တွင် ပြောကြားလိုပါကြောင်း။
       
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အဆွေတော် ဦးဆောင်သည့် ကာလတွင်လည်း ယခင်ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် အစဉ်အလာကို ဆက်လက် ထိန်းသိမ်းပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆတက်ထမ်းပိုးဖွံ့ဖြိုး တိုးတက်နိုင်စေမည်ဟု အပြည့်အဝ ယုံကြည် ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ ဆက်လက်ထောက်ခံ ကျင့်သုံး သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းပြောကြား လိုပါကြောင်း။
       
နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြား ရေးမူဝါဒနှင့်အညီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး မူကြီး (၅) ချက်ကို အခြေခံပြီး ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းတွင် မဟာဗျူဟာကျသည့် တည်နေရာ အနေအထားရှိသဖြင့် ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရေးကိုလည်း များစွာအလေးထားပါကြောင်း၊ ထို့အတူ ကုလသမဂ္ဂ အဖွဲ့ကြီး၏ အဖွဲ့အစည်းများနှင့်လည်း တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အာဆီယံ၊ အက်ခ်မက်၊ ဘင်းမ်စတက် စသည့်ဒေသတွင်း အဖွဲ့အစည်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း။
       
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မိမိတို့နှစ်နိုင်ငံ၏ ထူးခြားသည့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများ ဆက်ဆံရေး အဆင့် သတ်မှတ် တက်လှမ်းနိုင်ခဲ့သည့် (၂) နှစ်နီးပါး ကာလအတွင်း အကောင်အထည် ဖော်မှုနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်ကာ ထိရောက်အောင်မြင်သည့် ဆောင်ရွက်ချက်များ ဖော်ဆောင်နိုင်ရန် အတွက်  လုပ်ငန်းစီမံချက်များ ချမှန်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိ၏ခရီးစဉ်အတွင်း နှစ်ဖက်ညှိနှိုင်းပြီး ထုတ်ပြန်မည့် ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင် ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်ကို ကြိုဆိုပါကြောင်း၊ အထူးသဖြင့် မိမိတို့နှစ်နိုင်ငံအကြား နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များကို ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့မမျှော်မှန်း နိုင်သည့် အခက်အခဲအချို့ကိုလည်း ကြုံတွေ့ခဲ့ရပါကြောင်း၊ ယင်း အခက်အခဲများကိုလည်း မိမိတို့နှစ်ဖက် အပြန်အလှန် နားလည်မှုရှိရှိဖြင့် စိတ်ရှည်သည်းခံပြီး နှစ်ဦးနှစ်ဖက် ရေရှည်အကျိုး ကို မျှော်ကိုးဖြေရှင်း ဖော်ဆောင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း။
       
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများက အသိအမှတ်ပြုသည့် အနေဖြင့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရန် ကန့်သတ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးနေပြီ ဖြစ်ပါကြောင်း၊ ယင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပြိုင်ဆိုင်လုပ်ကိုင် လာကြရာတွင် ရေရှည်လုပ်ကိုင်နိုင်ရန် နိုင်ငံတကာ အဆင့် သတ်မှတ်ထားရှိသည့်စံနှင့်  သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ထို့အပြင်ဒေသခံ ပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိရန်လည်း လိုအပ်ပါကြောင်း၊ ၎င်းတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုပါ စောင့်ရှောက်သည့် တာဝန်သိ ရင်းနှီးမြှုပ်နှံသူများအဖြစ် တရုတ်စီးပွားရေး ကုမ္ပဏီများအပေါ် သတ်မှတ်ယုံကြည် လာအောင် ပြုလုပ်သွားမည်ဟု မိမိအနေဖြင့် ယုံကြည် မျှော်လင့်ပါကြောင်း။
       
မိမိတို့နိုင်ငံရှိ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများ အတွက် တရုတ်နိုင်ငံက အတိုးနှုန်း သက်သာသည့် ချေးငွေ အကူအညီရယူရန် နှစ်ဖက် သဘောတူခဲ့ပါကြောင်း၊ ယင်းချေးငွေများကို ကျေးရွာအလိုက် ရင်းနှီးမတည်ငွေအဖြစ် စိုက်ပျိုးစရိတ်ချေးငွေ အဖြစ်ထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိရာ အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရန် ဆန္ဒရှိပါကြောင်း။
       
ကျေးလက်ဒေသ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အရင်းအနှီးနှင့် အတတ်ပညာပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ဖြစ်သည့် ဆန်၊ ပြောင်းနှင့် ရာဘာတို့ကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းအရည်အသွေးနှင့် ပိုးမွှား ကင်းစင်မှု စစ်ဆေးရေးစံနှုန်းများနှင့် ကိုက်ညီ တင်ပို့ခွင့် မရသေးသည့် အတွက် အမြန်ဆုံး တင်ပို့ခွင့် ရရှိလိုပါကြောင်း။
       
အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်စေရန် လိုအပ်သည့် ကျွမ်းကျင်သူ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လေ့ကျင့်သည့် ကဏ္ဍများ တွင် အဆွေတော်တို့ အနေဖြင့် တတ်နိုင်သမျှ ကူညီပေးစေလိုပါကြောင်း၊ အဆွေတော်တို့ ကဲ့သို့ မိတ်ဆွေနိုင်ငံများက ပေးအပ်လာသည့် အကူအညီများကို အကျိုးရှိရှိ အသုံးချနိုင်ရန် စီမံခန့်ခွဲရေး အဖွဲ့များဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း။
       
နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့်အေးချမ်းရေးသည် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်ဖက်နယ်စပ်ဒေသနေ ပြည်သူများ လူမှုစီးပွားဘဝ တိုးတက်ရေးတို့အတွက် များစွာ အရေးကြီး သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း အရေးပါ ပါကြောင်း၊ အဆွေတော်ကိုလည်း အဆင်ပြေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်လည်ပတ်ရန် ဖိတ်ကြား လိုပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။
       
တွေ့ဆုံ ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကျင်းပရာ နှစ်နိုင်ငံသမ္မတများ တက်ရောက် ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Mr. Gao Hu Cheng တို့က စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကို လည်းကောင်း၊ သံအမတ်ကြီး ဦးတင်ဦးနှင့် တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန် ဘဏ်ဥက္ကဋ္ဌ Mr. Li Rougu တို့က အထက်ရဲရွာ-ရွှေစာရံ ဓာတ်အား ပို့လွှတ်ရေး စီမံကိန်းအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် တရုတ်ပို့ကုန် သွင်းကုန်ဘဏ်တို့ ဦးစားပေးဝယ်သူ ချေးငွေစာချုပ်နှင့် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အသေးစားငွေကြေး ဝန်ဆောင်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချေးငွေရယူရေး အစီအစဉ် သဘောတူစာချုပ်တို့ကိုလည်းကောင်း အသီးသီးလက်မှတ် ရေးထိုးခဲ့ကြ သည်။      


. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်