Subscribe to our RSS Feed

ဆီးရီးယား လက်နက်တိုက်ကို အစ္စရေး လေကြောင်းမှ တိုက်ခိုက်

From : ..eleven


isaraeattackseria-may5
အစ္စရေး၏ ဆီးရီးယားနယ်စပ်တွင် လုံခြုံရေး ခြံစည်းရိုး တည်ဆောက်နေသည့် အလုပ်သမား တစ်ဦးကို ဧပြီ ၂၄ က တွေ့ရစဉ် (Photo:AFP)
အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လက်နက်များ သိုလှောင်ထားသည်ဟု မသင်္ကာသည့် နေရာတစ်ခုကို ပစ်မှတ်ထားပုံရကြောင်း အမေရိကန်ပြည်ထောင်စုမှ သက်ဆိုင်ရာ အာဏာပိုင်များက မေ ၃ ရက်ည၌ ပြောကြားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုသည် မေ ၂ ရက် တစ်ညလုံးနှင့် မေ ၃ ရက်၌ ပြုလုပ်ခဲ့ကြောင်း အမေရိကန် အာဏာပိုင်များက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
သို့သော် ယင်းသည် ဓာတုလက်နက်များ ထားရှိသည့်နေရာ ဖြစ်နိုင်ဖွယ် မရှိဟု ဆိုသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် ဂိုထောင်တစ်ခုကို ထိမှန်ခဲ့သည်ဟု ဆိုသည်။ ၎င်းတို့၌ ယခုကိစ္စကို ထုတ်ဖော်ပြောကြားပိုင်ခွင့် မရှိသောကြောင့် အမေရိကန် အာဏာပိုင်များက ၎င်းတို့၏အမည်နာမကို မဖော်ပြခဲ့ပေ။
အစ္စရေးသည် ယခင်ကလည်း လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအုပ်စုသို့ ဖြန့်ဝေပေးမည့် လက်နက်တိုက်များ ရှိရာနေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးသည်။ ယခုသီတင်းပတ် အစောပိုင်းက ဟစ်ဇ်ဘိုလာခေါင်းဆောင် ရှိတ်ဟက်ဆန်နာဆရယ်လာက သူတို့အဖွဲ့သည် နှစ်နှစ်ကြာ မငြိမ်မသက်မှုကို အဆုံးသတ်ရန် လိုအပ်ပါက ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ကို ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာထားသည်။
အစ္စရေးသံရုံးမှ ပြောရေးဆိုခွင့်ရှိသူ အေရွန်ဆာဂွိုင်းက အစ္စရေးနိုင်ငံသည် ဓာတုလက်နက် သို့မဟုတ် အခြားအရေးပါသော လက်နက်များကို ဆီးရီးယားအစိုးရလက်မှ အကြမ်းဖက်အဖွဲ့များ (အထူးသဖြင့် ဟစ်ဇ်ဘိုလာ) သို့ ရောက်ရှိမသွားစေရေးအတွက် ကာကွယ်ရန် ဆုံးဖြတ်ထားသည်ဟု အေပီသတင်းဌာနသို့ အီးမေးလ်မှတစ်ဆင့် ပြောကြားခဲ့သည်။
၂၀၀၇ ခုနှစ်က အစ္စရေး ဂျက်လေယာဉ်များသည် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ယူဖရိတ်မြစ်တစ်လျှောက်ရှိ နျူကလီးယား ဓာတ်ပေါင်းဖို ထားရှိသည်ဟု မသင်္ကာဖွယ် နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသည်။ ယင်းကိစ္စကြောင့် တုန်လှုပ်သွားသော ဆီးရီးယားအစိုးရသည် လေကြောင်းကာကွယ်ရေး စနစ်တစ်ရပ်ကို တည်ဆောက်ထားခဲ့သည်။


.. www.MyanmarExpress.net
 

1 comments:

အစ္စရေးဘာလုပ် လုပ် ဘယ်သူဘာပြောနိုင်မလဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်