Subscribe to our RSS Feed

သောက်သုံးရေရှားပါးမှုပြဿနာ ဖြေရှင်းရန် ကျပ်သန်း ၇၅၀၀ သုံးမည်

From : ..dvb


နယ်စပ်ရေးရာဝန်ကြီးဌာနက အပူပိုင်းဒေသ သောက်သုံးရေရှားပါးမှု ပြဿနာကို ကျပ်ငွေသန်းပေါင်း ၇၅၀၀ သုံးစွဲပြီး ဖြေရှင်းသွားမယ်လို့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီငွေပမာဏဟာ ကျေးရွာ ၇၀၀ ဝန်းကျင်အတွက် ဒီနှစ်လျာထားငွေဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအကူအညီနဲ့ နောက်ထပ် ကျေးရွာပေါင်း ၃၀၀ အထိ တိုးချဲ့ကူညီနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလက်အောက်ရှိ ရေရရှိရေးနဲ့ ကျန်းမာသန့်ရှင်းရေးဌာနခွဲ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျမတို့ကတော့ လုပ်ငန်းကို အကောင်အထည်ဖော်မှာပဲ။ တင်ဒါစနစ်တို့ဘာတို့ဆိုတာက အခုမှ အစည်းအဝေးထိုင်ရဦးမှာလေ။ ငွေအနေနဲ့သာ သန်းပေါင်း ၇၅၀၀ လို့သာပြောတာ၊ ရေတွင်းနဲ့တွက်တော့ လုပ်ငန်းပမာဏက နည်းလာတယ်။ ဘတ်ဂျက်ကျလာတဲ့အပေါ်မှာ မူတည်လုပ်တာလေ။ သန်းပေါင်း ၇၅၀၀ ဆိုပေမယ့် အရမ်းအများကြီး မဟုတ်ဘူး၊ မြန်မာတပြည်လုံးမှာ ရွာပေါင်း ၆ သောင်းကျော်ရှိတာလေ။ ၆ သောင်းကျော်ရှိတဲ့ ရွာနဲ့ တွက်ရင်တော့ ရေပေးဝေမယ့် ငွေအကောင်အထည်ဖော်မှုက နည်းပါသေးတယ်။”
စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတွေက သောက်သုံးရေရှားပါးတဲ့ ကျေးရွာတွေကို အဓိကထား ကူညီသွားမှာဖြစ်သလို သောက်သုံးရေခက်ခဲတဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက ကျေးရွာတချို့နဲ့ စက်ရေတွင်းတူးဖို့ အခက်ခဲရှိတဲ့ ရှမ်းနဲ့ ကယားပြည်နယ်တွေကိုပါ သောက်သုံးရေရဖို့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းလောက်ရှိတဲ့အနက် သောက်သုံးရေ ရရှိဖို့ လုပ်ပေးရမယ့် ရွာအရေအတွက်ကတော့ ၄ သောင်းလောက် ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုအပ်ချက်ကို တသီးပုဂ္ဂလိက အလှူရှင်တွေရဲ့ အလှူဒါနနဲ့  ကိုယ်ထူကိုယ်ထနည်း၊ နိုင်ငံခြားအလှူရှင်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့တွေကလည်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ၊ လွှတ်တော်အမတ်တွေက စီမံတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အစိုးရက လွှတ်တော်အမတ် တဦးကို ကိုယ့်နယ်မြေအတွင်း ဖွံ့ဖြိုးရေးလုပ်ဖို့အတွက် သိန်း ၁ ထောင်ဆီ ချပေးမယ်ဆိုတဲ့ သတင်းလည်း မကြာသေးခင်က ထွက်ပေါ်ခဲ့သေးတာကြောင့်  ရေတွင်းနဲ့ ရေကန်တူးဖော်ရေးမှာ စိုက်ထုတ်သုံးစွဲမှုတွေလည်း ရှိဦးမှာ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်အမတ် ဦးပိုက်ကိုက အပူပိုင်းဒေသ သောက်သုံးရေရရှိရေး စီမံချက်အပေါ် ကြိုဆိုလိုက်ပါတယ်။
“ကြိုဆိုပါတယ်။ ကျနော်တို့အရပ်ဒေသတွေမှာ ရေကရှားရှားပါးပါး။ ရေရှားပါးတာဟာ လူမှုရေးအဆင့်အတန်းတွေပါ နောက်ကျစေတယ်။ ဧပြီလ ၆ ရက်နေ့က မီးလောင်တာဆိုရင် အဲအရပ်ဒေသမှာ ရေမရှိလို့ ဖြစ်သွားတာ။ ရေ ၁ ပုံးကို ၂၅ ကျပ်လောက်ပေးရတယ်။ ၁ ပုံးကို ၂ ရက်လောက်သုံးရတယ်။ ချွေချွေတာတာသုံးရတာပေါ့။ အခုလိုပေါ်လာမယ်ဆို သဘောကျပါတယ်။ ဖြစ်ပါစေလို့ ဆုတောင်းရမယ်။”
အခုလက်ရှိမှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက သောက်သုံးရေပြတ်လပ်နေတဲ့ ဒေသတွေအတွက် ပုဂ္ဂလိက စက်ရေတွင်းအလှူရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ်ပိုင်းအတွင်း ငလျင်လှုပ်ခတ်မှု၊ မိုးခေါင်မှုနဲ့ ရာသီဥတုအပြောင်းအလဲကြောင့် ရေကန်တွေ ခန်းခြောက်မှုနဲ့ လက်တူးရေတွင်းတွေက ရေတွေ ဆုတ်သွားတာတို့ဟာလည်း သောက်ရေသုံးရေ ပိုမိုလိုအပ်မှုကို ဖြစ်စေပါတယ်။
အရင်နှစ်တွေထက် အပူချိန်ပိုမြင့်လာနေတဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုသက်ရောက်မှုကြောင့် အပူပိုင်းဒေသတွေအပြင် နေရာအတော်များများမှာ သောက်သုံးရေရဖို့ ခက်ခဲနေပါတယ်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို မနှစ်ဇွန်လမှာ  အသစ်ဖွဲ့စည်းခဲ့ပြီး မနှစ်ဘဏ္ဍာရေးနှစ်မှာ အညာဒေသအပါအ၀င် တနိုင်ငံလုံးက ကျေးရွာပေါင်း ၇၆၀ ခန့်ကို ရေရရှိရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ 

.. www.MyanmarExpress.net
 

3 comments:

ဝမ်းသာစရာကောင်းပါတယ် ရေအလှုဟာအမြတ်ဆုံးပါပဲ
အစိုးရတာဝန်ရှိသူအပေါင်းနဲ့အလှုရှင်များအားလုံး ရေလိုအေးချမ်းကြ
ပါစေ

ေ၇ကြည်တပေါက် သောက်ပါ၇စေမေ။

Myanmar government plant millions of trees in အပူပိုင်းဒေသ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသ to prevent သောက်သုံးရေရှားပါးမှု .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်