ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)
မြန်မာနိုင်ငံသို့ အနောက်တိုင်းကုမ္ပဏီများ လှိမ့်ဝင်လာရန် တာစူနေကြစဉ် မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအပေါ် ရှစ်နှစ် အခွန်ကင်းလွတ်ခွင့် ပေးရန်စီစဉ်လျက်ရှိသည်ဟုသိရှိရသည်။
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်လျက်ရှိသော ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲတွင် ၎င်းတွေ့ဆုံခဲ့ရသော စီးပွားရေးခေါင်းဆောင် များသည် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေသော မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု ကြီးမားစွာ ပြသခဲ့ကြသည်ဟု စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်များအား ပြောသည်။
"ကျွန်တော်တို့က တံခါးဖွင့်စပဲ ရှိသေး တယ်။ သူတို့က ပြေးဝင်လာနေကြပြီ"ဟု ၎င်းက ပြောသည်။
လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ခြောက်ရာခိုင်နှုန်းအထိ ရှိမည်ဟု မျှော်လင့်ထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများ အတွက် ဆွဲဆောင်မှုရှိသောနေရာ ဖြစ်လာနေပြီဆိုသည်ကို အောင်မြင်သောသူ၏ 'ဒါဗို့စ်' ခရီးက သက်သေထူနေကြောင်း ၀န်ကြီး ဦးစိုးသိန်းက ပြောသည်။
"ကျွန်တော် လူတွေအများကြီးနဲ့ တွေ့ဆုံခဲ့တယ်။ ၀န်ကြီးတွေနဲ့သာမက ကုမ္ပဏီအကြီးအကဲ CEO တွေနဲ့လည်း တွေ့တယ်။ တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံရာ လမ်းဆုံ နေရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အလားအလာကောင်းလှတဲ့ ပထ၀ီ အနေအထားကို ရှင်းပြတယ်။ ကျွန်တော်တို့ တိုင်းပြည်အနေအထားက အလားအလာ အလွန်ကောင်းပါတယ်။ "ကျွန်တော်တို့မှာ ရေအား အလားအလာတွေ များစွာရှိတယ်။ ငါးဖမ်းစရာ နေရာတွေနဲ့ ငါးဖမ်းလုပ်ငန်း အလား အလာတွေလည်း များစွာရှိတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေက အင်္ဂလိပ် ဘာသာလည်း အကျွမ်းတ၀င်ရှိကြတယ်။ ဒီတော့ ဆက်သွယ်ရေးမှာ လွယ်ကူ တယ်"ဟု ဦးစိုးသိန်းက ပြောသည်။
ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်ရန် ဥပဒေများကို အခြေခံကျကျ ပြုပြင် ပြောင်းလဲရန် အစိုးရက စီစဉ်နေသည်ဟု မီးရထား ဒုဝန်ကြီး ဦးသောင်းလွင်က ပြောသည်။
"လောလောဆယ် မြန်မာ့ ရင်းနှီးမြှုပ်နှံ မှုဥပဒေတွေ ရှိပေမယ့် ကန့်သတ်ချက် တွေများနေလို့ ပြန်လည်သုံးသပ်နေတယ်"ဟု ၎င်းက ပြောသည်။
"နိုင်ငံခြားက အတိုင်ပင်ခံပုဂ္ဂိုလ်တွေ ငှားထားတယ်။ ကျွန်တော်တို့ အိမ်နီးချင်း တွေထက် ပိုဆွဲဆောင်မှုရှိအောင် ဥပဒေတွေ ရေးဆွဲပေးဖို့ ပြောထားတယ်။ "အခွန်ကင်းလွတ်ခွင့် ရှစ်နှစ်အထိ ပေးမယ်။ လုပ်ငန်းက မြန်မာနိုင်ငံ အတွက် အကျိုးများရင် ဒီမက်လုံးကို ထပ်တိုးပေးဦးမယ်။ ဥပဒေမူကြမ်း ဆွဲပြီးသွားပါပြီ။ ဖေဖော်ဝါရီလကုန် လောက် ထွက်လာလိမ့်မယ်"ဟု ဒုဝန်ကြီး ဦးသောင်းလွင်က ပြောသည်။
အီးယူဌာနချုပ်ရှိရာ ဘရပ်ဆဲလ်မြို့မှ သံတမန်များ၏ အဆိုအရ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့ မှုများကို ဖေဖော်ဝါရီလ လောက်မှာပင် ရုပ်သိမ်းပေးရန် စဉ်းစားနေပြီဟု သိရသည်။
အမေရိကန် ပြည်ထောင်စုကတော့ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်လျှင် ရုပ်သိမ်းပေးမည်ဟု ကတိပေးထားသည်။
ပြင်သစ်နိုင်ငံမှ Total ရေနံကုမ္ပဏီကြီးကဲ့သို့သော အနောက်တိုင်းကုမ္ပဏီ အနည်းငယ်တော့ မြန်မာနိုင်ငံတွင် ရင်းနှီးလုပ်ကိုင် လျက်ရှိသည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ချမှတ်ခဲ့သော ဒဏ်ခတ်ပိတ်ဆို့မှုတွင် ယခင်ကတည်းက လုပ်ကိုင်ဆဲ လုပ်ငန်းကုမ္ပဏီကြီးများကို ကင်းလွတ်ခွင့်ပြုထားသည်။
မြန်မာ့ အနောက်ဘက် ကမ်းရိုးတန်းကမ်းလွန်တွင် ဓာတ်ငွေ့သိုက်များရှိကြောင်း၊ လောလောဆယ် တရုတ်နှင့် ထိုင်းနိုင်ငံ သို့ တင်ပို့ရန် စီစဉ်နေကြောင်း၊ ဆန်စပါး တင်ပို့နိုင်မည့် အလားအလာများလည်း ရှိကြောင်း ဦးစိုးသိန်းက ပြောသည်။
အရပ်သားအစိုးရ တက်လာပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြီးနောက် အထီးကျန် မြန်မာနိုင်ငံကို နိုင်ငံတကာ နယ်ပယ်ထဲသို့ ဆွဲခေါ်လိုက်သည့် လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။
အစိုးရက အများဆုံး မျှော်လင့်ထားသော ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နယ်ပယ်ထဲတွင် ခရီးသွားလုပ်ငန်းသည် ထိပ်ဆုံးက ပါဝင်သည်။
Myanmar Express
1 comments:
ဘယ်သူ့ကိုမှ အကောင်းမမြင်တဲ့ ငတုံးတွေရဲ့ comment
တွေက စည်းလုံးညီညွတ်ရေးကို ပျက်အောင်လုပ်မှာ။စိစစ်
ပြီးမှ ဖော်ပြပေါ့။ မင်းတို့သက်ဆိုးကို ဆက်ပေးနေတဲ့ နိုင်ငံ
မျက်နှာ ကိုထောက်ဦးဟ ငတုံး တွေရဲ့။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်