အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)
မီဒီယာဥပဒေကြမ်းဟု သတင်းကြီးနေခဲ့သော ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲသည့် ဥပဒေကြမ်းမှာ ပုံနှိပ်မီဒီယာ တစ်ခုတည်း အတွက်သာဖြစ်ပြီး ဥပဒေ မူကြမ်းကို ရှေ့နေချုပ်ရုံးသို့ ပေးပို့ထား ပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေမူကြမ်း ရေးဆွဲရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
"ကျွန်တော်တို့ ဥပဒေမူကြမ်းကို ဇန်န၀ါရီလထဲမှာပဲ ရှေ့နေချုပ်ရုံးကို ပို့ထားပါတယ်။ ဒါက အကြမ်းပါပဲ။ နာမည်ကတော့ The Printing Press and Publications Law ပါ။ ဒါက ပုံနှိပ် မီဒီယာအတွက်ဥပဒေပါ။ အီလက်ထရွန်းနစ်မီဒီယာအတွက် ရေးဆွဲတာ မပါပါ ဘူး။ ရုပ်သံအတွက်လည်း မပါပါဘူး။ ပုံနှိပ်သီးသန့်ပါ"ဟု ၎င်းက ပြောသည်။
အဆိုပါ ဥပဒေမူကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူ ခုနစ်ဦးက ကော်မတီ ဖွဲ့ကာ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အခန်း ၁၁ ခန်း ပါဝင်သည်။
အဆိုပါဥပဒေကြမ်းသည် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို အခြေခံထားသော်လည်း အိမ်နီးချင်းနိုင်ငံ များနှင့် ကမ္ဘာ့နိုင်ငံများမှ မီဒီယာဥပဒေများကို လေ့လာကာ ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု ဦးတင့်ဆွေက ပြောသည်။
"၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေကို အခြေခံတာဆိုပေမယ့် ပြောင်းလဲတာတွေ အများကြီးရှိပါမယ်။ ကျွန်တော်တို့က အရင် ဥပဒေတွေရဲ့ မာတိကာတွေလောက်ပဲ ယူတာ။ အထဲကဟာတွေကို မယူဘူး။ အခုက မှတ်ပုံတင်ရတယ် ဆိုပေမယ့် အရင် အဆင့်ဆင့်လုပ်ရတာတွေ အများကြီးရှိတယ်။ အခုက လာလျှောက်တယ်ဆိုရင် လွတ်လွတ်လပ်လပ်ပေးမှာပဲ"ဟု ၎င်းက ပြောသည်။
ဇန်န၀ါရီလ ၃၀ နှင့် ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည့် မီဒီယာအလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် အကြံပြုချက်များနှင့် နောက်ထပ်ပြု လုပ်မည့် ဆွေးနွေးပွဲများမှ အကြံပြုချက်များကိုလည်း မူကြမ်းတွင် ထည့်သွင်းသွားရန်ရှိပြီး အဆိုပါမူကြမ်း နှင့်ဆိုင်သည့် ၀န်ကြီးဌာန အဆင့် ဆွေး နွေးပွဲတစ်ရပ်ကို မတ်လတွင် ကျင်းပရန် ရည်ရွယ်ထားပြီး ယူနက်စကိုကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ပါဝင်ဆွေးနွေးမည်ဟု သိရသည်။
"တခြား မီဒီယာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတုန်းကလည်း သူတို့ကမေးပါတယ်။ ရှေ့နေချုပ်ရုံးကို ပို့ထားပြီးသား ဆိုတော့ ဒါက အတည်ဖြစ်ပြီလားပေါ့။ ဒါက အကြမ်းပဲရှိပါသေးတယ်။ ပို့ထားတာပဲ ရှိသေးတယ်။ ခုလို အလုပ်ရုံ ဆွေးနွေးပွဲတွေက ရလာတဲ့ ရလဒ်တွေ ကိုလည်းယူမယ်။ နောက် မတ်လထဲမှာ ၀န်ကြီးဌာနအဆင့် ဆွေးနွေးတဲ့အခါ ဒါကို ကျယ်ကျယ်ပြန့် ပြန့်ဆွေးနွေးမယ်။ လွှတ်တော်ထဲကလူတွေလည်းဆွေးနွေး ကြမှာပဲ"ဟု ၎င်းက ပြောသည်။
"အစက ဒီတစ်ခေါက်လွှတ်တော်မှာ တင်ဖို့ပဲ။ ဒါပေမယ့် ဒီတစ်ခေါက်က ဘတ်ဂျက်ကို အဓိက ဆွေးနွေးမှာဆိုတော့ ဒီတစ်ခေါက်မှာ မီချင်မှမီမယ်။ရှေ့နေချုပ်ရုံးက ပြန်လာမယ်ဆိုရင်တောင် ဥပဒေနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေပဲရမယ်။ ကျန်တဲ့ ပါဝင်တဲ့အကြောင်း အရာတွေကိုတော့ ဒီဆွေးနွေးပွဲတွေ၊ နောက်ထပ်လုပ်မယ့် ဆွေးနွေးပွဲတွေက ရလာတဲ့ အကြံဉာဏ်တွေ ပြန်ထည့်ရမှာဆိုတော့ ၂၀၁၂ ထဲမှာတော့ သေချာပေါက် ထွက်နိုင်မှာပါ။ အဲဒီအခါကျရင်တော့ ကြိုတင်စီစစ်ရတဲ့ ဆင်ဆာတွေ မရှိတော့ဘူး"ဟု ၎င်းက ပြောသည်။
"တချို့လည်းပြောကြတယ်။ ဒီ ရေးဆွဲနေတဲ့ ဥပဒေကြမ်းက စာပေစိစစ်ရေးကိုဖြုတ်ပြီး သတင်းမီဒီယာကို ပိုတင်းကျပ်ချင်လို့ လုပ်တယ်ပေါ့။ ဒါကတော့ စောင့်ကြည့်ရမှာပဲလေ။ ပြောရမယ်ဆိုရင်တော့ မီဒီယာဥပဒေဆိုတာ အခြေခံ ဥပဒေဘောင်အတွင်းမှာ ရှိနေတာတွေကို ကာကွယ်ပေးရမှာပဲလေ။ သတင်းတွေကို ချုပ်ချယ်ဖို့မှမဟုတ်တာ"ဟု ဗွီအိုအေသတင်းဌာန၏ မြန်မာပိုင်း အစီအစဉ်အကြီးအကဲ ဦးသန်းလွင်ထွန်း က ပြောသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်