အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)
မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်း ယခုနှစ်အတွင်း အမြန်ဆုံးသုံးသပ်ပြုပြင် ရန်ရှိကြောင်း စီးပွားရေးကျွမ်းကျင်သူများက ပြောသည်။ ဇန်န၀ါရီလအတွင်းက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်) ၏ အာတီကယ် (၄) ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့ပြီး ယခင်ကသတ်မှတ်ခဲ့သော အမေရိကန်တစ်ဒေါ်လာလျှင် ခြောက်ကျပ်စနစ်ကို ဖျက်သိမ်း၍ ဈေးကွက်နှင့် လျော်ညီသောလဲနှုန်းကို ပြောင်းလဲသွားရန် လာမည့်ဘဏ္ဍာနှစ်ဆန်း ဧပြီလတွင် စတင်မည်ဟု ဆွေးနွေးပွဲ အရသိရသည်။
မြန်မာနိုင်ငံတွင်းငွေလဲနှုန်း အမျိုးမျိုး (multiple) ရှိရာမှ တစ်မျိုးတည်း (Single) သို့စုစည်းမည့်အချိန်တွင် အက်ဖ်အီးစီနှင့် ပို့ကုန်ရ ၀င်ငွေလည်း ပပျောက်သွားနိုင်သည်ဟု သိရသည်။
ဈေးကွက်အတွင်းဈေးကစားမှုအပါ အ၀င်အခြားအကြောင်းအချက်များကြောင့် ၂၀၁၁ ခုနှစ်အတွင်းက ပြည်တွင်း၏ စီးပွားရေးကဏ္ဍ အသီးသီးပေါ်ငွေလဲ နှုန်းက သိသိသာသာရိုက်ခတ်ခဲ့သည်။
အဆိုပါပြဿနာများ လိုက်လျောညီထွေ ကိုင်တွယ်ဖြေရှင်းရန်အတွက် ငွေလဲနှုန်းကို နှုန်းရှင်ထားရန်၊ သို့မဟုတ် အတိအကျ သတ်မှတ်ရန်ကိုမူ ယခုထိ မဆုံးဖြတ်ရသေးပဲရှိသည်။
"အိုင်အမ်အက်ဖ်လာတဲ့ အထဲမှာ အရေးအကြီးဆုံးက ငွေလဲနှုန်းကိစ္စပဲ။ ဒီတစ်ခုတည်းဇောင်းပေးလို့လည်း မရဘူး။ သူ့ကိုပီပြင်ရင် တခြားစီးပွားရေးကိစ္စတွေ အများကြီးလုပ်ရမယ်။ ငွေလဲနှုန်း အမျိုးမျိုးအစား တစ်မျိုးတည်းလုပ်ဖို့၊ ငွေလဲကောင်တာတွေ ပီပီပြင်ပြင် လုပ် ဖို့လိုတယ်"ဟု ကမ္ဘောဇဘဏ်၏ ဒုတိယ ဥက္ကဋ္ဌဦးသန်းလွင်က ဇန်န၀ါရီလဆန်း က ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲ တစ်ခုတွင် ပြောသည်။
ထို့ပြင်ဈေးကွက်တွင် ငွေလဲနှုန်း အလွန်အတက်အကျဖြစ်နေပါက ဗဟိုဘဏ်က ၀င်စွက်သင့်ကြောင်းနှင့် open market operation (omo) ပုံစံဖြင့် ဈေးကွက်ကို ထိန်းကျောင်းသင့်ကြောင်း၊ ထိုသို့ ထိန်းကျောင်းနိုင်ရန် ပညာရှင်များ ခန့်ထားဖို့လိုကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူးဦးလှမောင်ရွှေက ငွေလဲနှုန်းပြုပြင်ရန်မှာ အမြန်ဆုံးလုပ်ရ မည့်ကိစ္စရပ်ဖြစ် ကြောင်း ပြောသည်။
"၂၀၁၂ အတွင်းမဖြစ်မနေလုပ်ရမယ်။ ဒီအပေါ်မှာ ဘယ်လိုလုပ်မလဲဆိုတာက စိန်ခေါ်မှုတစ်ခုပဲ"ဟု ၎င်းက ပြောသည်။
"၂၀၁၁ ရဲ့ အဖြစ်တွေပေါ် အခြေခံပြီး ဒီ grey sector ကြီးဘယ်လောက်ကြီးလဲဆိုတာ အားလုံးက လက်ခံသွားကြ ပြီ" ဟု ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီအတွင်းက တစ်ဒေါ်လာလျှင် ကျပ် ၁,၂၀၀ မှ ၂၀၁၁ ခုနှစ်ဇူလိုင်လတွင် ကျပ် ၆၈၀ အထိ ကျဆင်း သွားပြီး ၂၀၁၁ ခုနှစ်အောက်တို ဘာမှစခါ ယခုအချိန်အထိ ကျပ် ၈၀၀ ၀န်းကျင်၌ရှိနေသည်။
နိုင်ငံရေးဆောင်းပါးများရေးသားသူ နှင့် လေ့လာဆန်းစစ်သူတစ်ဦးဖြစ်သည့် ဦးဘိုဘိုကျော်ငြိမ်းက ဇန်န၀ါရီလ ၈ ရက် နေ့က ယုဇနဟိုတယ်တွင်ပြုလုပ်သော ဘဏ္ဍာရေးဆိုင်ရာ ဟောပြောပွဲတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အရင်ဆုံး ငွေကြေးကို ထိန်းချုပ် ကိုင်တွယ်ရမည် ဖြစ်ကြောင်း ပြောသည်။
လက်ရှိငွေလဲနှုန်းဈေးမှာ ဘဏ်များ က တရားဝင်ဖွင့်လှစ်ထားသော သိမ်ဖြူ ငွေလဲကောင်တာရှိ ပေါက်ဈေးအတိုင်း သာဖြစ်ပြီး အဆိုပါနှုန်းထားကို တည်ငြိမ် စေရန် စနစ်တကျလုပ်ယူနိုင်မှသာ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများအတွက် အဆင် ပြေမည်ဖြစ်ကြောင်း ကုန်သည်/စက်မှု အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးက ပြောသည်။
အကြောင်းမှာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက တစ်ဦးတည်းပိုင်ထက် ကော်ပို ရေးရှင်းပုံစံမျိုးဖြင့် ပြည်တွင်းသို့ဝင် ရောက်လာလေ့ရှိပြီး ၎င်းတို့၏စာရင်းများ၊ နှစ်ချုပ်များကို ရှယ်ယာဝင်များထံ တင်ပြရာတွင် ငွေလဲနှုန်းအပြောင်းအလဲကြောင့် လုပ်ငန်းတိမ်းစောင်းသွားနိုင် ကြောင်း ၎င်းကပြောသည်။
" အမြန်ဆုံးပြောင်းလဲတာ (ငွေလဲနှုန်း ပြုပြင်ပြောင်းလဲဖို့) ကောင်းပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ငွေလဲနှုန်းတိတိ ကျကျတွက်ယူ လို့ရအောင် စနစ်တကျ လုပ်သင့်တယ်။ သူတို့ကထင်မြင်ချက် တွေ၊ ဈေးကွက်တွင်းဈေးကစားတာမျိုး တွေနဲ့မသွားဘူး။ နှုန်းထားက ဒီနေ့တစ်မျိုး၊ နောက်နေ့တစ်မျိုးဖြစ်လို့မရဘူး" ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ငွေလဲနှုန်းပြန်လည်တစ်စု တစ်စည်း(Re-unify) ဖြစ်ဖို့နှင့် အားလုံး လွတ်လပ်စွာကိုင်တွယ်နိုင်ဖို့ ဥပဒေများ ပြုပြင်ရန် လိုအပ်ကြောင်းပြောသည်။
"ဒီလိုဆိုရင် နိုင်ငံခြားဘဏ်တွေလည်း လာအလုပ်လုပ်လို့ရမယ်။ ကိုယ်စားလှယ်ရုံးခွဲလေးဖွင့်ရုံနဲ့ ကျေနပ်လို့မရဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံမှ၊ ၀င်ဆံ့အောင်ကြိုးစားနိုင်မှ မြန်မာနိုင်ငံလည်း ဇာတာကောင်းလာမှာပေါ့"ဟု ၎င်းက ပြောသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်