From :
..သမ္မတရုံး
..
www.MyanmarExpress.net



နေပြည်တော် မတ် ၁၅
နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ ချစ်ကြည်ရေးခရီး
ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် မတ်(၁၅)ရက် နံနက်ပိုင်းတွင် Fonterra
Company သို့ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား
ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Mr. Theo Spierings နှင့် ဥက္ကဋ္ဌ Mr. John Wilson က
ဖောင်တီရာကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို
ရှင်းလင်းတင်ပြကြသည်။
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်
ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများ၌ အထောက်အကူ ဖြစ်စေရန်အတွက်
နို့စားနွားများကို တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ရေး လုပ်ငန်းများ
ဆောင်ရွက်နိုင်မည့် အလားအလာများ၊ ရှမ်းပြည်နယ်အတွင်း ပြည်နယ်
ဖွံ့ဖြိုးရေးအတွက် နွားမွေးမြူရေး လုပ်ငန်းကြီးများနှင့်
နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများအတွက်
ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများ၊ မြန်မာနိုင်ငံတွင် တစ်ဦးချင်း
နွားနို့သောက်သုံးမှု နှုန်းထားမြှင့်မားရေးနှင့် ကလေးငယ်များ၏ ကာယ၊
ဥာဏစွမ်းအား မြှင့်မားရေးအတွက် နို့တိုက် ကျွေးနိုင်မည့် အခြေအနေများ
ဆွေးနွေးခဲ့ကြသည်။
Fonterra Company သည် နှစ်ပေါင်း(၁ဝဝ)
သက်တမ်းရှိသည့် မွေးမြူရေးနှင့် သမဝါယမအသင်း နှစ်ခုတို့ကို ၂ဝဝ၁ ခုနှစ်တွင်
ပေါင်း၍ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး သမဝါယမအသင်းကြီးအဖြစ်
ဖွဲ့စည်းခဲ့ပြီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁ဝ၅ဝဝ)
အစုရှယ်ယာဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးမားဆုံး နို့နှင့်နို့ထွက်ပစ္စည်း
ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်ပြီး နယူးဇီလန်နိုင်ငံရှိ စက်ရုံ(၂၇)ရုံမှ
တစ်နှစ်လျှင် နွားနို့ (၁၇) ဘီလီယံလီတာကိုပြုပြင် ထုတ်လုပ်
လျက်ရှိပြီးနိုင်ငံပေါင်း (၁ဝဝ) သို့ ဖြန့်ချိနိုင်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
အော့ကလန်တက္ကသိုလ်သို့ ရာက်ရှိကြရာ တက္ကသိုလ်မှ Professor Stuart McCutcheon
နှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ
စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် အရင်းအနှီး၊ နည်းပညာနှင့်
လူ့စွမ်းအားအရင်းအမြစ်တို့ လိုအပ်ကြောင်း၊ ၎င်းတို့အနက် အရင်းအနှီးနှင့်
နည်းပညာကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ ရရှိနိုင်ကြောင်း၊
သို့သော် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပညာရေး
ကဏ္ဍမှသာမွေးထုတ်ပေးနိုင်ကြောင်း၊ ထို့ကြောင့်
မြန်မာနိုင်ငံတွင်ရှိပြီးဖြစ်သည့်
တက္ကသိုလ်များကိုအဆင့်မြှင့်တင်ခြင်း၊တက္ကသိုလ်(၆)ခုကိုCentre of Excellent
များ အဖြစ် ပြောင်းလဲဖွဲ့စည်းရန်
ဆောင်ရွက်နေကြောင်း၊တက္ကသိုလ်များအဆင့်မြှင့်တင်နိုင်ရေးအတွက် အမေရိကန်၊
ဂျပန်၊ကိုရီးယားနိုင်ငံများမှ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်
လျက်ရှိကြောင်း၊ နယူးဇီလန်နိုင်ငံအော့ကလန်တက္ကသိုလ်
အနေဖြင့်လည်းမြန်မာနိုင်ငံတက္ကသိုလ်များနှင့်ချိတ်ဆက်ပြီးပူးပေါင်းဆောင်ရွက်ရန်
ဖိတ်ခေါ်ပါကြောင်း၊ လက်ရှိအခြေနေတွင် မြန်မာနိုင်ငံမှ
ပညာတော်သင်ကျောင်းသားအချို့ လာရောက်သင်ကြားနေသည်ကို သိရှိရကြောင်း၊
သို့သော်နောင်တွင် ပညာသင်များကို ယခုထက် ပိုမိုလက်ခံပေးစေ
လိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်
ဒေါက်တာမြအေး၊ ဒေါက်တာကိုကိုဦး၊ ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး
ဦးဝင်းမြင့် တို့က အော့ကလန်တက္ကသိုလ်နှင့် အင်္ဂလိပ်စာ၊ အဏ္ဏဝါသိပံ္ပပညာ၊
ပြည်သူ့ကျန်းမာရေး၊ ဘူမိသိပံ္ပ စသည့် ဘာသာရပ်များတွင်
ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဘူမိသိပ္ပံပညာရပ်ဌာနမှ မြေငလျင်တိုင်းတာမှုဆိုင်ရာ ရှင်းလင်းပြသမှုများကို လေ့လာကြသည်။





0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်