Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ တောင်သူပညာပေး ဧက ၅ဝဝ စက်မှုလယ်ယာစံပြစိုက်ခင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံ

From : ..သမ္မတရုံး

နေပြည်တော် မေ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၁ဝ နာရီခွဲ တွင် နေပြည်တော်ရှိ တောင်သူပညာပေး ဧက ၅ဝဝ စက်မှုလယ်ယာစံပြစိုက်ခင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်၊ ဖလုံစဝေါ်ပါတီဥက္ကဋ္ဌ ဦးစောသိန်းအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ချင်းအမျိုးသားပါတီ(CNP) အထွေထွေ အတွင်းရေးမှူး ဦးငယ်ပီးထီယံအုပ်ထန်း၊ ချင်းတိုးတက်ရေးပါတီ (CPP) ဥက္ကဋ္ဌ ဦးနိုထန်ကပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဒီမိုရက်တစ်ပါတီ(မြန်မာ) အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ရွှေ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်၊ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူးဦးမျိုးညွန့်၊ အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းရွှေ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးဇင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကမိမိတို့ နိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးသည့် ကာလမှာ နှစ်နှစ်ကျော်ရုံလေးသာ ရှိပါသေးကြောင်း၊ လူ့အဖွဲ့အစည်း တစ်ခုလုံးတွင် ဒီမိုကရေစီအလေ့အထနှင့် ကျင့်စဉ်များ ယဉ်ပါးမှု မရှိသေးသည့် အပြင် အတွေ့အကြုံလည်း မရှိသဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ရှာဖွေစမ်းသပ်လုပ်ဆောင်ခဲ့ရပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍအားလုံးတွင် မျှော်လင့်ချက်ရှိသည့် အနာဂတ်ကို ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်းက ဆောင်ရွက်နေခြင်း မဟုတ်ပါကြောင်း၊ လွှတ်တော်အဆင့်ဆင့်၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ပြည်သူများ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး တည်ဆောက်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လုံးပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

ယခုအခါ နိုင်ငံတကာက အသိအမှတ်ပြုရသည့် အောင်မြင်မှုများ ရရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် Nation Building, State Building, Peace Building ဆိုသည့် တည်ဆောက်ရေးလုပ်ငန်းသုံးခုကို တစ်ပြိုင်တည်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ အမျိုးသားရေး မျှော်မှန်းချက်သည် လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်စဉ်နှင့် တန်းတူရည်တူယှဉ်ပြိုင်နိုင်ခွင့်ရှိသည့် စီးပွားရေးဖြစ်စဉ်များဖြင့် တည်ဆောက်ထားသည့် မြန်မာနိုင်ငံတော်သစ် (New Myanmar)ကို တည်ဆောက်ရန် ဖြစ်ပါကြောင်း၊ မိမိတို့၏ အမျိုးသားရေးပန်းတိုင်သည် အားလုံးပါဝင်နိုင်ွင့်ရှိပြီး လွတ်လပ်ပွင့်လင်းသည့် လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာရေးပင်ဖြစ်ပါကြောင်း၊ ထိုအမျိုးသားရေး မျှော်မှန်းချက်နှင့်ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက် ရာတွင် အားလုံးပါဝင်ဆောင်ရွက်ရန်လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ ရလဒ်ကိုပြည်သူများအချိန်တိုအတွင်း လက်တွေ့ခံစားနိုင်ရေး၊ ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့များတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ ဖြေရှင်းရေး တို့နှင့် ပတ်သက်၍ ၄င်းတို့၏ သဘောထားကိုပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံရေး အမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေး အမြင်၊ လုံခြုံရေးအမြင်၊ နိုင်ငံတကာအမြင်များဖြင့် လေ့လာသုံးသပ်ပြီး ပါဝင်ပူးပေါင်းဆောင်ရွက်ရေး အတွက် ဖြည့်စွက် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြကြသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြည်သူလူထု၏ တူညီသော ဆန္ဒနှစ်ခုဖြစ်သည့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် လုပ်ဆောင်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို ရှင်းပြသည်။

ယင်းနောက် မိမိတို့အနေဖြင့် ပထမနှစ်နှစ်တွင် ပြုပြင်ပြောင်းလဲမှုများအတွက် လိုအပ်သည့် စွမ်းဆောင်ရည်ပြည့်ဝရေး လုပ်ငန်းများ(Capacity Building) နှင့် Institution များ တည်ဆောက်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ပြည်သူများအနေဖြင့် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို လက်တွေ့ခံစားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နှစ်ပေါင်းများစွာတည်ရှိခဲ့သည့် ပြဿနာများအားလုံးကို မိမိတို့အစိုးရ လက်ထက်တွင် အပြီးတိုင်ဖြေရှင်းနိုင်မည်ဟု မယုံကြည်ပါကြောင်း၊ ဖြေရှင်းနိုင်သလောက် ဖြေရှင်းပြီးနောင်အစိုးရများ လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် လိုအပ်သည့် အခြေခံအုတ်မြစ်များ (Foundation)တည်ဆောက်ထားခဲ့မည် ဖြစ်ပါကြောင်း၊ ဗဟိုချုပ်ကိုင်မှု ကို လျှော့ချပြီး ပြည်သူကိုဗဟိုပြုသည့်စနစ်ဖြင့် အုပ်ချုပ်နိုင်ရေး ပြောင်းလဲဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်မှုကဏ္ဍ ပြုပြင်ပြောင်း လဲရေးကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တတိယအဆင့်အဖြစ် ဆောင်ရွက်နေပါကြောင်း။

ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်းအုပ်ချုပ်မှုကဏ္ဍ၏ ချို့ယွင်းချက်၊ အားနည်းချက်များကို တိကျသေချာသော အထောက်အထားများဖြင့် တိုင်ကြားနိုင် ပါကြောင်း၊ မိမိတို့အနေဖြင့်အားနည်းချက်များ၊ လိုအပ်ချက်များကို လျစ်လျူရှုထားခြင်း မရှိပါကြောင်း၊ အသိအမှတ်ပြုပြီးဖြေရှင်းနိုင်အောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း ဖြင့် ပြောကြားပြီးတွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။




.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်