Subscribe to our RSS Feed

မလေးရှားမှ မျိုးချစ်မြန်မာလူငယ်တစ်စုထံသို့ အိတ်ဖွင့်ပေးစာ

မလေးရှားက မြန်မာမတွေ နော်ဝေက ဒုက္ခသည် မြန်မာမတွေလောက် မဆိုးပါ

အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ်ပြောချင်တာလေးနည်းနည်း ရှိပေမဲ့ ဘယ်လိုဆက်သွယ်ရမှန်း
မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာအနေနဲ့ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာကနည်းနည်း
ရှည်သွားလို့ သည်းခံပြီး အဆုံးထိဖတ်ပေးစေချင်ပါတယ်နော်။

ညီမက ပီနန်မှာအလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက်ပါ။ အစ်ကိုတို့အကြောင်းကို ညီမစသိတာတော့
နည်းနည်းကြာပါပြီ။ ညီမသူငယ်ချင်းတစ်ယောက်က ညီမကိုပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ
တခြားနိုင်ငံသားတွေနဲ့တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး
အဖွဲ့ဖွဲ့ပြီးလုပ်ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။

ဖြစ်သင့်တာ ကြာပြီလို့။ ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေးတချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော်
သဘောတွဲပြီး အခြေအနေဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ ပတ်သက်ပြီး အဆိုနှစ်ခုကြားရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။

နောက်တစ်ခုကတော့ မြန်မာယောက်ျားလေးတွေက ပြောတာပါ။ မြန်မာနိုင်ငံပြန်ရောက်လို့ မိန်းမယူမယ်ကြံရင်
မလေးရှားကိုရောက်ဖူးတဲ့မိန်းမဆိုရင်တော့ ဝေးဝေးရှောင်မယ်တဲ့။ ညီမလေ အဲ့စကားတွေကြားရတော့ တော်တော်
စိတ်မကောင်းပါဘူး။ အစ်ကိုတို့သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက်ရတော့ ညီမတော်တော်ပျော်မိတယ်။ ညီမကိုယ်တိုင်
လဲ အပြင်တွေဘာတွေသွားရင် မြန်မာမိန်းကလေးတွေ လူမျိုးခြားယောက်ျားလေးတွေနဲ့ တွဲနေတာမြင်ရင် မချိအောင်
နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန်အိမ်ကို ပိုက်ဆံပို့တဲ့အချိန်ရယ်
ချက်ဖို့ပြုတ်ဖို့ဈေးမသွားမဖြစ် ကိုယ်တိုင်သွားရမယ့် အချိန်ရယ်။ ဒီနှစ်ချိန်လောက်ပဲ အပြင်ထွက်တာပါ။ ဒါတောင်
ညီမထွက်တိုင်း မိန်းကလေးတွေကို တခြားလူမျိုးတွေနဲ့တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့
သတင်းလေးကြားတော့ ညီမအရမ်းဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လိုကူညီမလဲ။ ဘယ်လိုလုပ်ဆောင်မလဲ။

ညီမအမြဲနားစွင့်နေပါတယ်။ ဒါပေမဲ့ ညီမကိုယ်တိုင်ကလဲ အပြင်သိပ်မထွက်လို့လားတော့ မသိ။ အစ်ကိုတို့အဖွဲ့ရဲ့သတင်းကို မျက်ခြည်ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်းကလေးကမှ အစ်ကိုတို့ အင်တာနက်ပေါ်ကိုတင်လိုက်တဲ့ ဗီဒီယိုလေးကြောင့် အစ်ကိုတို့လုပ်ဆောင်နေတာတွေကို ညီမသေချာသိခဲ့ရပါတယ်။

ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင်တာလေးနှစ်ခုရှိပါတယ် အစ်ကိုရေ။

ပထမ ရှင်းပြချင်တာကတော့ မလေးရှားက မြန်မာမိန်းကလေးတိုင်းမပျက်စီးပါဘူးဆိုတဲ့ အချက်ပါပဲ။ အစ်ကိုတို့ရေ
ညီမဖတ်မိဘူးတာလေး တစ်ခုရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ဒကါအကြောင်းပါ။
တစ်နေ့ အဲ့ဒီဒကာအိမ်ကို သူ့မိတ်ဆွေတစ်ယောက်က ရောက်လာပြီး“ဟေ့ကောင် မင်းကတော့ မစားရက်မသောက်ရက်နဲ့စုပြီး ကျောင်းတိုက်ကြီးလှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့
ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်းခါးတောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ”ဆိုပြီး လာပြောသတဲ့။ အဲ့ဒါနဲ့ အဲ့ဒီဒကါကလည်း “ဟုတ်လား လာ ကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့အတူ နှစ်ယောက်ကျောင်းကိုသွားကြသတဲ့။ ကျောင်းရောက်တော့ သူ့သူငယ်ချင်းပြောတဲ့အတိုင်းပေါ့လေ။ ကျောင်းဝင်းထဲမှာ ဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ်ခဏတက်ဦး”ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ကိုရင်တွေစာသင်တဲ့ဘုန်းတော်ကြီးတွေ တရားထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကိုတွေ့သတဲ့။ အဲ့ဒီအခါ ဒကါက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲလို့”မေးလိုက်ပါတယ်။ သူ့သူငယ်ချင်းကလဲ “မင်းမတွေ့ဘူးလား ဘုန်းကြီးငါးပါးခြင်းခတ်နေတာ။” ဒကါက ထပ်ပြီးတော့

“ဟော့ဒီကျောင်းပေါ်မှာ စာအံစာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါးရှိမယ်ထင်သလဲ ”လို့ ထပ်မေးလိုက်ပါ
တယ်။ သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီအခါ ဒကါက “အေးဟုတ်တယ် မင်းအပြင်မှာ
ခြင်းခတ်နေတာကိုပဲ မြင်တာကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ပြောသတဲ့။

အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာတွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကိုကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူးနေလိုက်တာ။ မြင်လို့မှမကောင်း။ -ါလုံးလုံးဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီးရှိပါတယ်။

၂၀၁၁ တုန်းက မလေးရှား NLD-LA ကို မလေးရှားရဲက ဝင်ဆီးခဲ့စဉ်

ဒုတိယ ရှင်းပြချင်တာကတော့ မလေးရှားကိုရောက်နေတဲ့ မြန်မာမိန်းကလေးတော်တော်များများရဲ့ ဘဝပေးအခြေ
အနေပါ။ မလေးရှားကို လာပြီးအလုပ်လုပ်နေတဲ့မြန်မာမိန်းကလေးတော်တော်များများဟာ မြန်မာနိုင်ငံရဲ့ အခြေခံ
လူတန်းစား တစ်နေ့လုပ်တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာများပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံအလယ်
အလတ်အဆင့်ရှိတဲ့လူတွေတောင် မလေးရှားကိုမလာပါဘူး။ သူတို့တွေနိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို
အနိမ့်ဆုံး ထွက်တတ်ပါတယ်။ ပြီးတော့ မလေးရှားကိုလာတဲ့ မိန်းကလေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ
ပိုက်ဆံချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့မိန်းကလေးတွေရဲ့ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ လက်မထပ်
ရသေးတဲ့ မိဘအုပ်ထိန်းမှု့အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့အချိန်မှာတော့ မျှော်လင့်
ချက်တွေ တစ်နင့်တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့မစားရဝမခန်းပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။
အဲ တကယ်ရောက်ပြီဆိုတဲ့ အချိန်မှာတော့ ………………….။

မလေးရှားမှာ အလုပ်လုပ်တဲ့မြန်မာမိန်းကလေးတော်တော်များများရဲ့ အခြေခံလစာကို တွက်ရင် မလေးငွေ ရင်းဂစ်
၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ကျော်လောက်နဲ့ တစ်လမှ ၆၀၀ကျော်လောက်ပဲ ရကြပါတယ်။
အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှတွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော်ထွက်နေတဲ့လူတွေလည်း ရှိပါတယ်။
ဒါကရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်းအတွေ့အကြုံရှိ စကားပြောလေးတက်လာတဲ့အချိန်မှပါ။ ) ရောက်စ
၂လ လောက်မှာ ဘယ်လိုမှပိုက်ဆံမပို့နိုင်ပါဘူး။ ဒီမှာ စားဖို့အိုးလေးခွက်လေးတွေ လိုတဲ့ပစ္စည်းလေးတွေဝယ်ရတာကို။

ကဲ ပိုက်ဆံပို့ပြီဆိုတော့ ။ ရတဲ့လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကိုဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံ
တခြားဝယ်စရာတိုလီမှုတ်စလေးတွေက ၁၀၀ ပဲထားဦး။ ဒါအနည်းဆုံးနှုန်းကို တွက်ပြနေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ကုန်ပြီ။ အိမ်အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကိုပို့တဲ့ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။

အဲ့ဒီမှာ အရေးကြီးတာက နောက်မှာကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့အခြေအနေပဲ။ ချေးထားတဲ့ပိုက်ဆံကလည်း
အတိုးကတက်နေ။ ဒါလေးကိုကျေဖို့အမြန်ဆပ်နေတဲ့ အချိန်မှာ အိမ်ကလူတွေက တစ်ခြားပိုက်ဆံဝင်ငွေရှိရဲ့လား။
ကိုယ့်တစ်ယောက်တည်းဆီကပဲ မျှော်ကိုးနေရတဲ့လူတွေလား။ အဲ့ဒီအခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ
ခမျာ အဆင်ပြေသလို လှုပ်ရှားနေရတာတွေ ညီမတွေ့နေရတယ်။ ညီမလေ သူတို့ကို အရမ်းသနားပါတယ်။ သူတို့
လုပ်ချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။ တခါတလေကျရင် ဘယ်လိုမှလွန်ဆန်လို့မရတဲ့ ဘဝတွေရှိတတ်ကြတယ်
အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင်ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကိုမောင်နှမတွေအတွက်
…………………………………………………..။

နောက်ထပ်လာချင်လာပါ... မထူးဆန်းတော့ပါ.......

အစ်ကိုတို့ရေ တော်တော်များများကပြောပါတယ် မြန်မာနိုင်ငံမှာ ထမင်းငတ်လို့သေတဲ့မသာ မရှိဘူးတဲ့။ ဟုတ်ပါ
တယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံငါးသောင်းလောက်မရှိလို့ သေတဲ့မသာတွေ ရှိပါတယ်
အစ်ကိုတို့ရေ။ ပိုက်ဆံငါးသောင်းဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။

အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာတင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ပြောဆိုဆုံးမနေတဲ့စကားတွေ ညီမကြားခဲ့ရပါတယ်။ အဲ့ဒီအထဲမှာတစ်ခုက နင်တို့ရုပ်ရည်လေးနဲ့ဆို မြန်မာနိုင်ငံမှာ လင်ကောင်းကောင်းရှာယူလို့ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေအတွက်က ယောက်ျားကောင်းကောင်း တစ်ယောက်ရှာယူလိုက်ရင် သူ့အတွက် ပူစရာမလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာပေါ့နော့။ ဒါပေမဲ့ အဲ့ဒီယောက်ျားက သူ့မိန်းမကိုပဲရှာကျွေးမှာလေ။ သူ့မိန်းမနောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ်မထင်ပါဘူးအစ်ကိုတို့ရေ။ ဒါကညီမ

ပြောပြချင်တဲ့ မလေးရှားကမိန်းကလေးတော်တော်များများရဲ့ ဘဝပေးအခြေအနေပါ။
အစ်ကိုတို့ရေ သိတတ်နားလည်တဲ့လူကြီးမပြောနဲ့ ငယ်ရွယ်စဉ်ကလေးဘဝမှာတောင် မိဘတွေက သားလေးကြီးလာ
ရင် လူကောင်းလုပ်မှာလား လူဆိုးလုပ်မှာလားဆိုရင် လူကောင်းလုပ်မယ်လို့ ဖြေခဲ့ကြ လူကောင်းလုပ်ချင်ခဲ့ကြတာ
ချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော်များများဟာ လူဆိုးတွေဖြစ်ကြ
ရတယ်။ အစ်ကိုတို့ရေ အစ်ကိုတို့ရော ဘဝမှာမလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ်လုပ်နေရတဲ့
အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူးလားဟင်။ မကြုံခဲ့ဖူးဆိုရင်တော့ အစ်ကိုတို့ဟာ တော်တော်ကံကောင်းတဲ့လူတွေပါပဲ။
ညီမတောင် အခုဖြစ်နိုင်ရင် မလေးရှားမှာအလုပ်မလုပ်ချင်ပါဘူး။ မြန်မာပြည်ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော်
ရွှင်ရွှင်လွတ်လွတ်လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ်လုပ်ရတာ အနည်းနဲ့အများအခက်
အခဲတွေ ရှိနေတာ ဖိနှိပ်မှု့တွေရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့လူတွေပဲဆိုတော့ သိမှာပါအစ်ကို
ရေ။ ဒါတောင်ညီမက တချို့သော မိန်းကလေးတွေလို မိသားစုမှာတစ်ဦးတည်း ပိုက်ဆံရှာသူမဟုတ်ခဲ့ပါဘူး အစ်ကို
ရေ။ မြန်မာပြည်ကနေ မလေးရှားကိုလာဖို့ပြင်ရတည်းက သတင်းတွေကလည်း ကြားနေတော့ ငါကံဆိုးလိုက်တာ
မသွားချင်ပေမယ့်လည်း သွားရဦးမယ် ငါတော်တော်ကံဆိုးတာပဲလို့ ထင်နေခဲ့သမျှ ဒီက တချို့သော မြန်မာ
မိန်းကလေးတွေရဲ့ ဘဝကို အသိမှာ ငါတော်တော်ကံကောင်းသေးတာပဲလို့ ကိုယ့်ကိုယ်ကို အားပေးမိပါတယ်။
အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုးသားသားနည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေနေနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အစ်ကိုတို့က ပျက်စီးနေပါတယ်ဆိုတဲ့ မြန်မာမိန်းကလေးတွေရဲ့ဘဝကိုလည်း ညီမ စာနာနားလည်ပေး
နိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့တွေပါ ရောပြီးနာမည်ပျက်နေရတာလို့ လက်ညှိုးမထိုးရက်ခဲ့ပါဘူး။ သူတို့နေရာ
မှာ ငါသာဆိုရင်ရောဆိုတဲ့ အတွေးနဲ့တင် ညီမအပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့
စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။
အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေရှက်ပြီး မြန်မာပြည်
ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ပေါက်တဲ့နဖူးမထူးပါဘူး အခုဆိုရင် ငါတို့အကြောင်းတွေ
အကုန်သိကုန်ပြီဆိုပြီး အဲ့ဒီနီပေါတွေဆီအပြီးလိုက်သွားတာမျိုး ဘဝကိုဖြစ်သလိုရေစုန်မျှောလိုက်တာမျိုး ဒါမှမဟုတ်
ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာမျိုးဆိုရင်တော့ …………………………………..။

အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာလည်တက်တယ်လေ။ တစ်ချိန်မှာအစ်ကိုတို့မှာ သမီးလေးများ
ရလာခဲ့လို့ အဲ့လိုများဖြစ်သွားကြရင်……………။ အစ်ကိုတို့ရေ စိတ်မဆိုးဘူးဆိုရင် မေးခွန်းတစ်ခုလောက်မေးချင်ပါ
တယ်။ အစ်ကိုတို့ ညီမအရင်းလေးတွေဆိုရင်ရော အဲ့လိုလုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင်ဖြေလိမ့်မယ်။
ညီမအရင်းဆိုရင်လည်း ရိုက်နှက်ဆုံးမသင့်ရင်ဆုံးမရမှာပဲ။ ဒါမှမဟုတ် ငါ့ညီမသာဆို အစောထဲက ငါကိုယ်တိုင်သတ်
ပစ်လိုက်ပြီ အစရှိသဖြင့်ပေါ့။ ညီမသိချင်တာက အဲ့ဒါတွေမဟုတ်ပါဘူး။အစ်ကိုတို့ ညီမအရင်းလေးတွေဆိုရင်ရော
အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ်ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေးအပေါင်းအသင်းတွေ ခေါ်ပြီးတော့
တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေ မနေ့က အစ်ကိုတို့
တင်ထားတာကိုကြည့်ပြီးတော့ မျက်ရည်တောင်ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေဖတ်ခဲ့ဖူးတာလေးတစ်ခု ထပ်ပြောပြချင်ပါတယ်။ စာကလည်း ရှည်နေပြီဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။

တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ်လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူရွာသားတွေက ခဲနဲ့ဝိုင်းပေါက်ကြသတဲ့။အဲ့ဒီအချိန်မှာ ဂျီးဇက်ရောက်လာပြီး ဘာဖြစ်တာလဲလို့မေးတော့ ဒီမိန်းမက ပြည့်တန်ဆာအလုပ်လုပ်တဲ့အတွက်ဝိုင်းအပြစ်ပေးနေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့်မရပါဘူး။ အပြစ်ရှိရင်တော့ အပြစ်ပေးရမှာပဲလို့ ပြောပြီး ခဲနဲ့ထပ်ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကားတစ်ခွန်းထပ်ပြောလိုက်ပါတယ်။ အဲ့ဒီစကားအဆုံးမှာတော့အဲ့ဒီအမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။

ဂျီးဇက်ဘာပြောလိုက်လဲဆိုတော့သင်တို့ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာအပြစ်ကင်းခဲ့တဲ့လူတွေအပြစ်မလုပ်ခဲ့ဖူးတဲ့လူတွေ ဆိုတာသေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ဆက်ပေါက်ကြပါ တဲ့။

အစ်ကိုတို့ရေ အစ်ကိုတို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ စာကလည်းရှည်သွားပြီဖြစ်တဲ့အတွက်
ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့လုပ်ရပ်နဲ့
အကောင်အထည်ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြုလိုက်ပါတယ်။

ရေးသားသူ= မလေးငယ်
၃.၁.၂၀၁၂

19 comments:

မလေးငယ် ပြောတာ အကုန် မှန်တယ်

မငယ်ဆိုပေမယ် ဦးနှောက်ကတော့မငယ်ပါလား ကဲငါညီတို့ သိကြပြီနော် ဘာပြောသွားလဲဆိုတာ။ မျိုးရိုးဂုဏ် နိုင်ငံဂုဏ် စောင့်စည်းစေခြင် ကိုယ်ကလဲစောင်းစည်းတာ ကောင်းသောစိတ်ဓါတ်ပါငါညီတို့ လေးစားပါတယ် ဒါပေသိ လုပ်ရပ်ကိုပြန်သုံးသပ်ပါ နောက် ဘယ်လိုနည်းမျိုးနဲ သူတို့ လေးတေရဲ ဘ၀အခက်အခဲပြဿနာတေ ဒါမှ မဟုတ် ကာမဆာလောင်မှု့တေကို ဖြေရှင်းပေးကြမလဲ ဆိုတာကို ညီလေးတို့ အသင်းလေးဖွဲလိုက်ပါ နောက် အကြမ်းမဖက်တဲ့နည်းသုံးပြီး ဆွေးနွေးခြင် တိုင်ပင်ခြင်းတွေနဲ့ အဖြေရှာကြလျှင် မကောင်းဘူးလား..နောက်အကြံပေးခြင်ပါတယ် မိန်းကလေးတေပါ ပါဝင်အဖြေရှာပို့ ပါ...

မလေးငယ် ပြောသွားတာ အကုန်ထောက်ခံပါတယ်။ မလေးရောက်နေတဲ့ မိန်းကလေး အားလုံးမဟုတ်ပါဘူး။ အေးအေးဆေးဆေးလေး ပြောဆို ဆုံးမသင့်တယ်လို့ထင်ပါတယ်။

မျက်ကန်းမျိုးချစ်မြန်မာ လို့ပဲ တိုတိုနဲ့ ဒဲ့ဒိုးကြီး comment ပေးပါရစေ။

လေးငယ်ပြောတာ သွေးထွက်အောင် မှန်တယ်။
ဒါလူမှုအသိုင်းအ၀ိုင်းပါ....
အဲတော့ ဒီအဖွဲ့ရဲ့ ဒီလုပ်ရပ်ကိုကြည့်ပြီး မျက်ကန်းမျိုးချစ်မြန်မာ လို့ပဲ ဒဲ့ဒိုးကြီး ကွန်းမန့် ပေးပါရစေ။

မစားရတဲ့ အမဲ သဲနဲ့ ပက်တာ။

လူလိုလုပ်ပါ။

မလေးငယ် ရေးသားတင်ပြသွားတာ ကောင်းပါတယ်...အလွန်မှန်ကန်ပါတယ်...

ရော...ခက်နေပါပြီ..အေးဆေးခနခနသတိပေးတာမရတဲ့အဆုံးအဲ့လိုလုပ်တာပါဆိုနေမှ..သိပ်ခက်တာပဲ...ကိုယ်တိုင်ကိုယ်ကျရေ၂ရာ၂သိတာလဲမဟုတ်ပဲသိပ်ဆရာကြီးဝင်လုပ်ချင်ထှာပဲ(မြန်မာလို့မပြောရဘူး)ကျုပ်ကတော့ပြောတာမှနားမထောင်ရင်ဒီထက်တောင်ပိုလုပ်သင့်တယ်လို့ထင်တယ်ဗျာ...သူတို့ဘ၀နာသွားမှာထက်စာရင်ဒီလောက်နာတာလောက်ကတော့အပြော့ပါ..မယုံစုံစမ်းကြည့်ကျုပ်ပြောလိုက်မယ်အဲ့ကောင်မတွေခုလောက်ဆိုပြန်ကဲနေလောက်ပြီ..

တခါတလေကျရင် ဘယ်လိုမှလွန်ဆန်လို့မရတဲ့ ဘဝတွေရှိတတ်ကြတယ်
အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင်ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကိုမောင်နှမတွေအတွက်
…………………………………………………..။မငယ် ရေ...အဲလို အခြေအနေရောက်လာရင်လည်း...တစ်ခဏတာနဲ့  တစ်ဘ၀လုံးပါသွားမဲ့  ရောဂါကြီးတော့  ပါမလာအောင် သတိပေးထားကြပါအုံးနော်....မငယ် ပြောသွားတာ တွေ အကုန်မှန်ပါတယ်.....

မငယ်လေးစားပါတယ်....မငယ်ပြောသွားတာတွေဖြစ်သင့်ပါတယ်..ရည်ရွယ်ချက်ကောင်းပီး နည်းလမ်းက နည်းနည်းလေး လွဲနေတယ် အဲဒါလေးသာ မှန်သွားမယ်ဆို တော်တော်ကောင်းတဲ့ နိုင်ငံအတွက်လဲ အကျိုးရှိ မဲ့ အလုပ်ကလေးပါဗျာ ..ကြိုးစားကြပါ...မိန်းကလေးတွေလဲ နည်းလမ်းမှန်မှန်နဲ့ကြိုးစားပါဗျာ..."ကြိုးစားခြင်းရဲ့ ရလဒ်က ဘယ်တော့ သုည မဖြစ်ပါဘူး"ဗျာ

ကောင်းပါတယ်ညီမလေးရေ တစ်ယောက်မကောင်းလို.အများမကောင်းဘူးလို.မမြင်ပါဘူး ညီမလေးေ၇ထားတော.နောက်လူတွေလည်းဆင်ခြင်လို.၇သွားတာပေါ. ဆက်ပြီးကြိုးစားပါညီမလေးရေ.................

ဒီပြသာနာတွေက ကျနော်တို့ ယောကျာင်္းလေးတွေ ပေါ်မှာ မူတည်ပါတယ် မိန်းခလေးတွေက အကာအကွယ်ကို လိုအပ်ပါတယ်...

ပြည်ပရောက်မြန်မာ အချင်းချင်း ရိုင်းပင်းကူညီဖို့လိုအပ်ပါတယ်၊ အပြုသဘောဆောင်မှုနဲ့ပေါ့။

ညီမ ပြောသွားသလိုပေါ့ မပျက်စီးတဲ့ မိန်းကလေးက စောစောက ကျောင်းဝန်းထဲမှာ ခြင်ခတ်နေတဲ့ အရေးအတွက်ထက်နည်းပါလိမ့်မယ် မလေးရှားမှာတော့ မြန်မာမိန်းကလေးမှန်ရင်ဝေးဝေး ကရှောင်ပါလို့ဆိုပါတယ် ဘာတဲ့ မလေးရှားအဆင်ပြေချင်ရင် ၁-ရွှေမကျင်နဲ့ ၂-ငါးမမျှားနဲ့ ၃-ကုလားကားမကြည့် နဲ့လို့ဆိုပါတယ်

နောက်ထပ်လာချင်လာပါ... မထူးဆန်းတော့ပါ.......

မလေးရှားမှာအတော်ရှုတ်တယ်ဆိုတာမြန်မာပြည်ကမထွက်ခင်ထဲက
ကြားကြ ၊သိကြမှာပါ
ဒါကိုသိရက်သားနဲ့ ပိုက်ဆံတွေချေးပြီးမရရောက်အောင်ထွက်လာတာဘာလုပ်ဖို့လဲ?

ပိုက်ဆံလဲမစုမိဘူးဆိုရင်ကိုယ့်မြန်မာပြည်မှာဘဲနေပြီးလုပ်စားလဲ၊ထမင်းမငတ်ပါဘူး
တကယ်လို့..ကိုယ်ကိုတိုင်ကမြန်မာပြည်မှာနေရင်အလုပ်မရှိဘူး၊ထမင်းငတ်သေမယ်ဆိုရင်၊အခုမြန်မာပြည်မှာဘဲနေထိုင်လုပ်စားနေတဲ့ဆင်းရဲသားတွေ
သူတွေအားလုံးသေကုန်ပြီ၊

မလေးရှားကိုအထင်ကြီးပြီး၊သူများနိုင်ငံခြားထွက်တာအားကျမခံလိုက်ထွက်မယ်၊ ချမ်းသာမှုကိုဘဲ အလွယ်လမ်းကလိုက်မယ်ဆိုရင်တော့
ကိုယ်လုပ်တာကိုယ်ခံရမှာပါ

သူများတွေဘာဘဲပြောပြောဆင်ခြေဆင်လက်တွေနဲ့ရှင်းပြနေဖို့လဲမလိုပါ
ဒါပေမဲ့ ... မြန်မာပြည်မှာတော့ မလေးရှားကမြန်လာတဲ့
မိန်းမတွေဆိုရင်တော့ခပ်ဝေးဝေကးရှောင်တာ
အကောင်းဆုံးပါလို့ပြောပါရစေ၊

မလေးရှားမှာရေရှည်နေဘူးတဲ့သူတွေဒီလိုအရှုတ်တော်ပုံတွေ
အကြောင်းကောင်းကောင်းသိကြပါတယ်
ထုတ်ပြောရင်သိက္ခာကျမှာစိုးလို့မပြောကြတာဘဲရှိပါတယ်

....................................................

မလေးငယ်ကိုလေးစားပါတယ်ရှင် ကျွန်မလဲကြည့်ပြီးအတော်စိတ်မကောင်းဘူးရှင်.

လူ့ ဘဝ အကြောင်းကို ရင့် ကြပ်စွာ ဝေဖန် သုံးသပ် တတ်တဲ့ မလေးငယ် ကို လေးစားမိပါတယ်။ တချိန်ထဲမှာ လူသားတိုင်း မထားတတ်ကြတဲ့ ကိုယ်ချင်းစာတတ် တဲ့ စိတ်ထားလေး ရှိတာကိုလည်း ချီကြုးမိပါတယ်။
တချိန်ထဲမှာဘဲ မိန်းကလေးတွေကို ကိုယ်ထိ လက်ရောက် အနိုင်ကျင့်ပြီး ယောက်ျား အားသုံးကာ မမှန်ကန်တဲ့ နည်းလမ်းနဲ့ ဆုံးမပြီး ရိုက်နှက်ပြီး. အဲဒီလို မရိုးသားတဲ့ စေတနာနဲ့ လူအများသိအောင် online ပေါတင်ပြီး အရှည်ခွဲ တဲ့ လုပ်ရပ်ဟာ ဘယ်လောက်အတိုင်းအတာ အထိ စေတနာ မှန်ကန်မှ ရှိနိုင်မှာလဲ။ ပြန်ပြီးသုံးသပ်ကြည့်ကြပါဦး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်