အိမ်နီးချင်းထိုင်းနိုင်ငံတွင် ၁၈ ကြိမ် အာဏာသိမ်းမှုဖြစ်ပွဲခဲ့သော်လည်း မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ၂ ကြိမ်သာရှိသေး သဖြင့် မှီဖို့အများကြီးလိုသေးသည်။ ထိုင်းနိုင်ငံတွင် အခြေခံဥပဒေ ၁၈ ခုရှိသည် မြန်မာနိုင်ငံတွင် ၃ ခုသာ ရှိသေးသည်။ အခြေခံဥပဒေ ပြင်ဖို့အကြောင်းပြခြင်း၊ အစိုးရကို မကြေနပ်သည်များကို အကြောင်းပြကာ လမ်းပေါ်ထွက်ခြင်း၊ မင်းမဲ့စရိုက်များ ဆူပူသောင်းကျန်းခြင်းများသည် အာဏာသိမ်းရန် လမ်းစဖြစ်သည်။ မြန်မာနှင့်ထိုင်းသည် ရေဘုယျအားဖြင့် နိုင်ငံရေးဖြစ်စဉ်များ တူညီသဖြင့် နောက်ထပ် အာဏာသိမ်းမှု ၁၀ ကြိမ်လောက် ပေါ်လာနိုင်သေးသည်။ လက်ရှိ အစိုးရ သည် အရင် အာဏာသိမ်း အစိုးရနှင့် မတူအောင် ကြိုးစားနေပြီး လက်ရှိ မြန်မာစစ်တပ်သည် အရင် အာဏာသိမ်းစစ်တပ် နှင့် မတူအောင် ကြိုးစားမှုများ ရှိသော်လည်း လက်ရှိ အတိုက်အခံ နှင့် မြေပေါ်မြေအောက် ဆန့်ကျင်သူများကတော့ အရင် အာဏာသိမ်းပွဲ မဖြစ်ခင် လှုပ်ရှားမှုများနှင့် တထပ်တည်းရှိနေပြီးပြောင်းလဲမှု မရှိသေးပေ။ ထိုင်းနိုင်ငံကို အားကျပြီး နာမည်မျိုးဆုံနှင့် အဖွဲ့ ၅၀ ကျော်ဖွဲ့ကာ လမ်းပေါ်ထွက်ချင်ကြသည်။ အစိုးရပိုင်ပစ္စည်းများကို ဖျက်ဆီးချင်ကြသည်။ စစ်တပ်ကို မထိတထိ ပြောချင်ကြသည်။ မီဒီယာများက သွေးထိုးကြသည်။ ထိုင်းကိုအားကျကာ အခြေခံ ဥပဒေ အဟောင်းတွေကို မကောင်းပြောကာ အသစ်လိုချင်ကြသည်။ ဒီအတိုင်းဆက်သွားပါက ထိုင်းနိုင်ငံလိုပဲ အာဏာသိမ်းမှု ဖြစ်ရန် သိပ်မစောင့်ရတော့ပေ။
.jpg)
From :
.. The Voice
ထိုင်းတွင် ဆန္ဒပြသူများက အစိုးရ ဖြုတ်ချရေး လှုပ်ရှားမှုကြီး ဆင်နွှဲရန်
လမ်းပေါ် ထွက်လာကြသည်။ ထိုင်းနိုင်ငံသို့ ခရီးသွားလျှင် သတိထား သွားကြရန်
သူတို့ နိုင်ငံသားများအား နိုင်ငံ ၂၃ နိုင်ငံက သတိပေးချက်
ထုတ်ပြန်လိုက်ကြသည်။ ၂၀၀၆ သက်ဆင်ကို ဖြုတ်ချ အာဏာသိမ်းပြီး ကတည်းက
စလိုက်သော ဂျာအေးသူ့အမေရိုက် ထိုဇာတ်လမ်းက ပြီးမည့်ဟန် မရှိ။ နယ်ချင်း
စပ်နေသည့်အပြင် တူညီချက် အတော်များများ ရှိသည့်အတွက် ထိုင်းသည် မြန်မာတို့
ဖတ်ရှုလေ့လာရမည့် သင်ခန်းစာ ဖြစ်သည်။

ထိုင်းသည်
မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဖြစ်ပြီး ဆင်တူသော ယဉ်ကျေးမှု ရှိသည်။
ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြခြင်းလည်း တူသည်။ လူဦးရေအားဖြင့်
အလယ်အလတ်တန်းနိုင်ငံ ဖြစ်ခြင်းလည်း တူသည်။ တပ်မတော် သြဇာကြီးသည်ချင်းလည်း
တူပြန်သည်။ မတူသော အရာတော့ ရှိသည်။ ယင်းမှာ ထိုင်းသည် ကိုလိုနီအဖြစ် ပြင်ပ
အင်အားကြီးနိုင်ငံ တစ်နိုင်ငံက စနစ်တကျ ကြီးစိုး အုပ်ချုပ်မခံ ခဲ့ရဖူးခြင်း
ဖြစ်သည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် ပဒေသရာဇ် စနစ်သည် ၁၉၃၀ ကျော်ကာလ များအထိ
အခြေမပျက် ရှိနေခဲ့သည်။ ၁၉၃၀ ကျော်တွင် စစ်တပ်က အာဏာသိမ်းခဲ့ သော်လည်း
စည်းမျဉ်းခံ ဘုရင်စနစ် အဖြစ် နိုင်ငံ့ အဆောင်အယောင် သဘောထားခဲ့သည်။
လက်ရှိဘုရင် ဘူမိဘော လက်ထက်တွင် ပြည်သူ ပြည်သားတို့၏ အရေးအရာများကို
ကူညီခဲ့သဖြင့် ပြည်သူတို့၏ ကိုးကွယ်ခြင်း ခံရပြီး သြဇာ ကြီးမားလာသည်။
နိုင်ငံရေး အင်အားစု အချင်းချင်း အငြင်းပွားလျှင် ဒိုင်လူကြီးနေရာက
ဝင်ရှင်းပေးသည်မှာ နန်းတော် ဖြစ်သည်။ နန်းတော် ဆိုသည်ထက် ဘုရင် ဘူမိဘောဟု
ဆိုလျှင် ပိုမှန်သည်။
Establishment ဟု ခေါ်သော အစဉ်အလာအရ သြဇာကြီးသူများသာ လွှမ်းမိုးထားသည့်
ထိုင်း နိုင်ငံရေးသည် သက်ဆင် ဝင်ရောက်လာသောအခါ တော်လှန် ပြောင်းလဲသွားသည်။
သက်ဆင်သည် Establishment မှ မဟုတ်ဘဲ စည်းအပြင်မှလူ ဖြစ်သည်။ ရဲတစ်ဖြစ်လဲ
စီးပွားရေး လုပ်ငန်းရှင်ကြီး သက်ဆင်သည် နိုင်ငံရေးတွင်း ဝင်ရောက်လာပြီး
ခပ်မြန်မြန် သွက်သွက် လှုပ်ရှား၊ ပါတီထောင်၊ ရွေးကောက်ပွဲနိုင်ကာ
ဝန်ကြီးချုပ် ဖြစ်လာသည်။ သူသည် ထိုင်းနိုင်ငံ၏ အစဉ်အလာ နိုင်ငံရေးသမားတို့
လျစ်လျူရှုထားသော ကျေးလက်နေတို့ နှစ်သက်မည့် မူဝါဒများ ချမှတ်သည်။
လူပြိန်းကြိုက် မူဝါဒများ Populist Policies များသည် အများပြည်သူ ထောက်ခံမှု
အကြီးအကျယ်ရသည့် မူဝါဒများ ဖြစ်သည်။ တစ်သက်တစ်ကိုယ် ဘယ်သူတက်တက်
ကိုယ်လုပ်မှ ကိုယ်စားရတာဟု သဘောပေါက်ခဲ့သော ထိုင်း ဆင်းရဲသူတို့သည်
သူတို့ဘက်မှ ရပ်သည့် လူထူးလူဆန်း သက်ဆင်ကို ကြည်ညိုသွားကြသည်။ ပြည်သူတို့
အားကိုးကြောင်းကို မဲပုံးများက သက်သေတည်ကြရာ သက်ဆင်သည် ထိုင်းနိုင်ငံ
သမိုင်းတွင် သက်တမ်းပြည့် ပထမဆုံးအကြိမ် တာဝန် ထမ်းဆောင်သည့် ပထမဦးဆုံးသော
ဝန်ကြီးချုပ် ဖြစ်လာသည်။
အာဏာကို သုံးစွဲပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများမှ တစ်ဆင့်
ကိုယ့်အိတ်ကပ်ထဲ ကိုယ်ထည့်သည်ဟု မြင်သော မြို့နေလူတန်းစားက သက်ဆင်ကို
သဘောမကျ။ အပြင်လူ ဝင်လာခြယ်လှယ်သည်ဟု ဆိုကာ အစဉ်အလာ သြဇာကြီးသူ များကလည်း
သက်ဆင်ကို မကျေနပ်။ ထိုင်းနိုင်ငံတွင် ဘုရင်ကို စော်ကားသည့် ပြစ်ဒဏ် Lese
majeste law မှာ အာဏာအပြင်းဆုံး ဖြစ်ပြီး ဘုရင်ကို ပြိုင်ရန် ကြံသူတို့
အမုန်းခံရမြဲ ဖြစ်သည့်အတွက် သက်ဆင်ကို ဘုရင်နှင့် လှည့်တိုက်ကြသည်။ သက်ဆင်
ကုလသမဂ္ဂ အစည်းအဝေး တက်ရန် ၂၀၀၆ ခုနှစ်တွင် ပြင်ပသို့ ရောက်နေချိန်တွင်
ထိုင်း တပ်မတော်က အာဏာသိမ်းသည်။ သက်ဆင်သည် ဝရမ်းပြေး ဖြစ်ပြီး
နိုင်ငံတကာတွင် လှည့်လည် နေထိုင်သည်။ သက်ဆင် အာဏာရစေခဲ့သော အခြေခံဥပဒေကို
ပြန်ပြင်သည်။ သက်ဆင့်လူများကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်သည်။
ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပသော်လည်း သက်ဆင့်လူများပင်
နိုင်ပြန်သည်။ သက်ဆင့်လူများ တက်သောအခါ အစဉ်အလာ သမားများ၊ မြို့သားများက
ဆန္ဒ အကြီးအကျယ် ပြကြရာ အစိုးရ ပြုတ်ကျပြန်သည်။ အမျိုးမျိုးပြင်ရင်း
ပိတ်ရင်း နောက်ဆုံး ဒီမိုကရက်ပါတီ နိုင်ပြီး အဘီဆစ် တက်လာသည်။
အဘီဆစ်ကို သက်ဆင်ဘက်သားများက ဆန္ဒ သဲသဲမဲမဲ ပြကြပြန်သည်။ နှစ်ဖက်
ဆန္ဒပြသမားများ၏ တူညီသော ဗျူဟာမှာ မြို့တွင်း အဓိက နေရာများကို ပိတ်ဆို့
ဆန္ဒပြကြခြင်း ဖြစ်သည်။ သက်ဆင် ဆန့်ကျင်ရေး သမားများက ဘုရင့်အရောင် ဖြစ်သည့်
အဝါရောင်အဝတ်များ ဝတ်ဆင်ကြရာ ရှပ်ဝါများဟု ခေါ်တွင်ကြသည်။ သက်ဆင်ဘက်သား
များက အနီရောင် ဆင်မြန်းကြရာ ရှပ်နီများဟု နာမည်တွင်သည်။ ရှပ်ဝါများက
ရှပ်နီများကို ‘လူအ’ များ၊ သက်ဆင် လှည့်တိုင်း ရသူများဟု အထင်သေးကြသည်။
ရှပ်နီများကလည်း ရှပ်ဝါများသည် ဒီမိုကရေစီကို ဆန့်ကျင်သူများ၊ အာဏာကို
ခွဲမပေးလိုသူများဟု စွပ်စွဲကြသည်။
ယခု နောက်ဆုံးအကြိမ်တွင် သက်ဆင်၏ ညီမငယ် မိန်းမချော ယင်းလပ်က ကိုလူချော
အဘီဆစ်ကို နိုင်ပြီး ထိုင်းနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်
ဖြစ်နေသည်။ရာဇဝတ်ကောင် အဖြစ် အမိန့်ထုတ် ခံထားရသည့် အစ်ကို သက်ဆင် အပါအဝင်
ဝန်ကြီးချုပ်ဟောင်း အဘီဆစ် စသည်တို့ပါ လွတ်ငြိမ်းချမ်းသာခွင့် ရစေမည့်
Amnesty Bill ဥပဒေကြမ်းကို ယင်းလပ်က တင်သွင်းရာမှ ယခုကဲ့သို့
အခင်းဖြစ်ပွားခြင်း ဖြစ်သည်။ သည်တစ်ပွဲလည်း တော်ရုံနှင့် မပြီးဟု
အကဲခတ်များက သုံးသပ်ကြသည်။
ထိုင်းသည် အဆိုးကျော့ သံသရာအတွင်း နစ်နေပြီး တစ်ဖွဲ့အာဏာရလိုက်
နောက်တစ်ဖွဲ့က ဖြုတ်ချလိုက်ဖြင့်သာ ဂျာအေးသူ့အမေရိုက် နေသည်ဟု
ပြည်တွင်းပြည်ပက မြင်လာကြသည်။ ရွေးကောက်ပွဲဖြင့် တက်လာသူကို လေဆိပ်
ပိတ်ဆို့ ဆန္ဒပြခြင်း၊ စီးပွားရေးအတွက် အဓိကကျသည့် နေရာများကို ပိတ်ဆို့
ဆန္ဒပြခြင်း၊ စစ်တပ်က အာဏာသိမ်းခြင်း နည်းတို့ဖြင့် ဖြုတ်ချကြသည်။
နိုင်ငံရေးသမား မှန်လျှင် အာဏာရရန် ကြိုးစားသည်မှာ ဓမ္မတာ ဖြစ်သော်လည်း
အာဏာ လွန်ဆွဲပွဲတိုင်းသည် နိုင်ငံကို အကျိုးမပြုကြောင်း ထိုင်း သင်ခန်းစာက
သက်သေပြသည်။