Subscribe to our RSS Feed
Showing posts with label ပြည်သူကိုယုံသည် သို့သော် ဒေါ်စုကိုမယုံ. Show all posts
Showing posts with label ပြည်သူကိုယုံသည် သို့သော် ဒေါ်စုကိုမယုံ. Show all posts

"ပြည်သူကိုယုံသည်.. သို့သော် ဒေါ်စုကိုမယုံ" ~ ရဲဘော်မောင်သောင်း (အပိုင်း - ၃)

From : .. ရဲဘောင် မောင်သောင်း


နံပါတ် (၃) အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားတွေက မယုံကြည်ခြင်း နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘာမှမလုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
 

၁၉၈၈ မှ ၂၀၁၀ ထိ ၂၂ နှစ်လုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်သုံးတော် စကားလုံးက “အမျိုးသားပြန်လည် ရင်ကြားစေ့ရေး” ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ၂၀၁၀ နိုဝင်ဘာ လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို အဓိက လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ဖို့အတွက် ဒုတိယပင်လုံညီလာခံဆိုပြီး ခေါင်းစဉ်တပ်ကာ အစည်းအဝေးတစ်ခုကို ၂၀၁၀ နိုဝင်ဘာ တတိယအပတ်ထဲမှာ ကျင်းပခဲ့ပါတယ်။ အဲဒီနောက် အစည်းအဝေး တက်ရောက်လာတဲ့ တိုင်းရင်းသား ခေါင်းဆောင် အားလုံးက ဒေါ်အောင်ဆန်း စုကြည်ကို ဥက္ကဌ ခန့်တယ်ဆိုပြီး အဖွဲ့ခေါင်းဆောင် တာဝန်ယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒုတိယပင်လုံအောင်မြင်အောင် ကြိုးစားမယ်ဆိုပြီး အာဘောင်အာရင်းသန်သန်နဲ့ ပြေလိုက်ပါသေးတယ်။ အဲဒီအချိန်ကစပြီး NLD ပါတီဝင်ဟောင်းများရော၊ ပြည်တွင်းရှိ အတိုက်အခံ အားလုံးကပါ “ဒုတိယပင်လုံ.. ဒုတိယပင်လုံ” ဆိုပြီး ထုံးစံအတိုင်း အင်္ကျီတွေချုပ်၊ ဆောင်းပါးတွေ ထုတ်၊ ပြည်ပအတိုက်အခံတွေက ဆန္ဒတွေပြ လုပ်ကြပြန်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဒုတိယပင်လုံညီလာခံ စီမံကိန်းဟာ ဘယ်တိုင်းရင်းသား ခေါင်းဆောင်ကမှ လက်မခံလို့ တိမ်မြုပ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဆိုတဲ့ လက်သုံးစကားနဲ့ “ဒုတိယပင်လုံ” ဆိုတဲ့ စကားလုံးကို ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတာ မတွေ့ရတော့ပါဘူး။
 

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ပတ်သက်ပြီး သံသယ ဝင်စရာတွေ ဖြစ်လာပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလည်း မလုပ်နိုင်၊ ဦးသန့်လို ပြည်ပ ငြိမ်းချမ်းရေးလဲ မလုပ်နိုင်ပဲနဲ့ ဦးသန့်တောင် မရခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအရည်အချင်းတွေ၊ ဘယ်လို လုပ်ဆောင်မှုတွေကြောင့် ရခဲ့တာလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ဒါပေမယ့် ဝေဖန်မှုတွေ ကြားကပဲ  ဒေါ်အောင်ဆန်း စုကြည် ပြုံးပြုံးကြီး ဆုတက်ယူသွားပါတယ်။ ဘာကြောင့်/ဘယ်လို လုပ်ဆောင်မှုတွေကြောင့် ဆုရတယ် ဆိုတာကိုတော့ ၁ နာရီကြာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆို သွားတာ မရှိခဲ့ပါဘူး။ 

ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ယခင် တုန်းက မလုပ်နိုင်လို့ အခုရော လုပ်နိုင်လားဆိုတော့ လည်း မဟုတ်ပြန်ပါဘူး။ လက်ရှိ တိုင်းရင်းသား ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်း စုကြည်အပေါ်မှာ ယုံကြည်မှု လုံးဝမရှိတာကို တွေ့ရပါတယ်။ ၂၀၁၃ ခုနှစ်အတွင်းက အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုပြီး လွှတ်တော်တွင်းက တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ NLD တို့ အပတ်စဉ် စနေနေ့တိုင်း ဆွေးနွေးပွဲ လုပ်ဖို့ ကြေညာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဆွေးနွေးပွဲတွေ ဟုတ်တိပတ်တိ လုပ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် တစ်လ ဆက်မလုပ်ကြတော့ပါဘူး။ ဘာကြောင့် ပျက်သွားတယ် ဆိုတာကိုလည်း NLD က တရားဝင်ပြောကြားခဲ့တာ မရှိခဲ့ပါဘူး။ 


ဒြါ့ပင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင်းက တိုင်းရင်းသား ခေါင်းဆောင်တွေသာမက လွှတ်တော်ပြင်ပက တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း မယုံကြည်ကြပါဘူး။ လက်ရှိဆွေးနွေးနေတဲ့ အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်း စုကြည်ကို ခေါ်ယူဆွေးနွေးဖို့ ဘယ်တိုင်းရင်းသား ခေါင်းဆောင်ကမှ မလိုလားပါဘူး။ KIO ခေါင်းဆောင် ဂွမ်မော်ဆိုရင် ရန်ကုန်ကို မကြာခဏ ရောက်နေ တာတောင်မှ ဒေါ်အောင်ဆန်း စုကြည်ကို လုံးဝ သွားမတွေ့ပါဘူး။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ရှိလျှက် မြန်မာနိုင်ငံ မငြိမ်းချမ်းဟု ဝေဖန်မှုတွေ ရှိလာတိုင်းမှာ အစိုးရက မဖိတ်ခေါ်လို့ တိုင်းရင်းသားတွေနဲ့ မဆွေးနွေးရဘူးလို့ ဒေါ်စု အကြောင်းပြပါတယ်။ ဒါပေမယ့် ကရင်ပြည်နယ်ကို ရောက်ချိန်မှာ KNU ဆက်ဆံရေးရုံးကို အစိုးရမခိုင်းပဲ သွားခဲ့ပြီး UNFC ခေါင်းဆောင်တွေနဲ့လည်း အစိုးရမခိုင်းပဲ ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲလာဖို့တော့ ဘယ်တိုင်းရင်းသား ခေါင်းဆောင်ကမှ ယုံယုံကြည်ကြည် ဖိတ်ခေါ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

တိုင်းရင်းသား ခေါင်းဆောင်တွေ တင် မကဘဲ သာမန်တိုင်းရင်းသား လူထုကလည်း ဒေါ်အောင်ဆန်း စုကြည်ကို မယုံကြည်ကြပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီထဲကို မဝင်ကြပဲ ၎င်း တို့ရဲ့ တိုင်းရင်းသား ပါတီတွေကိုပဲ ဝင်ရောက်နေကြပါတယ်။ NLD မှတ်ပုံတင်ပြီး နောက်ပိုင်းမှာ တိုင်းရင်းသား ပါတီတွေ ပိုတိုးလာတာလည်း ထူးခြားမှု တစ်ခုဖြစ်ပါတယ်။ ရခိုင် တိုင်းရင်းသား များကတော့ ဒေါ်အောင်ဆန်း စုကြည်ကို မယုံကြည်ဆုံး တိုင်းရင်းသားဖြစ်ပြီး ရခိုင်ပြည်နယ်ကို လာလျှင် လုပ်ကြံမယ် လို့တောင် ကြွေးကြော် ထားပါတယ်။  တိုင်းရင်းသား ၁၃၅ မျိုးရှိတဲ့ မြန်မာနိုင်ငံမှာ ၁၃၄ မျိုးက မယုံကြည်တဲ့ ဟန်ပြနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်မှလည်း လုံးဝ အယုံအကြည်မရှိတော့ပါ။ 



အပိုင်း (၂) http://www.myanmarexpress.net/2014/05/blog-post_6976.html

အပိုင်း (၁) http://www.myanmarexpress.net/2014/05/blog-post_8551.html


ဆက်လက်ဖော်ပြပါမည်..

. www.MyanmarExpress.net
 

"ပြည်သူကိုယုံသည်.. သို့သော် ဒေါ်စုကိုမယုံ" ~ ရဲဘော် မောင်သောင်း (အပိုင်း-၂)

From : .. ရဲဘော် မောင်သောင်း


နံပါတ် (၂) အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပညာ ညံ့ဖျင်းမှုကြောင့် မယုံကြည်ရခြင်းဖြစ်ပါတယ်။ ဒေါ်စုကို ကြီးမားသော လူအုပ်ကြီးများဖြင့် ထောက်ခံခဲ့ကြသည်မှာ ၁၉၈၈ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ၂၆ နှစ်ကျော်ခဲ့ပြီဖြစ်ပေမယ့် လူထုအင်အားကို အသုံးချပြီး နိုင်ငံရေးအရွေ့တစ်ခုကို ဖန်တီးနိုင်တဲ့ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည်မှာ မရှိခဲ့ပါဘူး။


ပြည်သူတွေ တခဲနက်ထောက်ခံတဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို ဒေါ်စုဘက်က ဘာမှအကောင်အထည် မဖော်နိုင်ခဲ့ပဲ အကြောင်းပြချက်တွေပဲ ပေးခဲ့ပါတယ်။ နောက်ဆုံး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ဖွဲ့ပြီး အဖျားရှူးသွားပါတယ်။ လူထုရဲ့ဆန္ဒမဲတွေကို ဒေါ်စု မဆုတ်ကိုင်ခဲ့ပဲ ၂၀၀၈ အခြေခံဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ရှိပြီးသားပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ပြည်သူ့ထောက်ခံမဲတွေ သဲထဲရေသွန်ဖြစ်သွားရပြီး NCUB နဲ့ NCGUB တို့ ဖျက်သိမ်းခဲ့ရပါတယ်။


၂၀၀၈ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပကတည်းက ကန့်ကွက်ဖို့ NLD က ပြောခဲ့ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင်ဖို့ ဒေါ်စုကို သွားမေးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ခိုင်းပဲ သပိတ်မှောက်ခိုင်းခဲ့ပြီး မကြာခင်မှာ ရွှေဂုံတိုင်ကြေညာစာတမ်း ထွက်ကာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ရောက်တော့ ဂငယ်ကွေ့ကွေ့ပြီး ၂၀၀၈ အခြေခံဥပဒေအရ ပါတီကို မှတ်ပုံတင်တဲ့အပြင် အခြေခံဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်ကြီးထဲမှာ  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မိန့်မိန့်ကြီး ဝင်ထိုင်သွားပြန်ပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကတိသုံးရပ်ပေးခဲ့ပြီး ၂၀၁၄ နောက်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မယ်အချိန်ထိ ကတိတွေ အကောင်အထည် မဖော်နိုင်သေးပါဘူး။


စာသားမပြင်လျှင် ကျမ်းမကျိန်ဘူးဆိုပြီး အရွေ့တစ်ခုကို ဖန်တီးခဲ့ပါတယ်။ နောက်တော့လည်း ထုံးစံအတိုင်း ရှုံ့ချည်နှပ်ချည်နဲ့ အဖျားရှူးသွားခဲ့ပြန်ပါတယ်။ ခြေဥမပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မဝင်ဘူးဆိုပြီး အသံကျယ်ကျယ် အော်ခဲ့ပြန်ပေမယ့်လည်း နောက်တော့ ကိုယ့်တံတွေး ကိုယ်ပြန်မျိုကာ အခြေခံဥပဒေ မပြင်နိုင်ခင် ဒီနှစ်ကုန် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်နေရာအပြည့် ဝင်ဖို့ ဆုံးဖြတ်ပြန်ပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက အခြေခံဥပဒေကို လွှတ်တော်တွင်းမှ ပြင်၍ မဖြစ်နိုင် ဟု ဒေါ်အောင်ဆန်း စုကြည် အမြဲပြောခဲ့ပါတယ်၊ ပြည်ပကနေ အစိုးရကို ဖိအားတွေပေးခိုင်း ပါတယ်။ ဒါပေမယ့် အခုထိ လွှတ်တော်တွင်း ကပင် ပြင်မယ်လို့ ဆိုပြန်ပါတယ်။ အကြမ်းမဖက် အနုနည်းကို လက်ကိုင်ထားပြီး တရားဥပဒေ စိုးမိုးရေး ရှေ့တမ်းတင်မယ် ပြောခဲ့ပါတယ်။ အခုတစ်ခါ မင်းမဲ့စရိုက်ဆူပူဖို့ အရိပ်အမြွတ်ပြောပြန်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ ဒုတိယပင်လုံက အရေးအကြီးဆုံးလို့ ဆိုခဲ့ဖူးတယ်။ နောက်တော့ ထုံးစံအတိုင်း အဖျားရှူးသွားတာပါပဲ။

ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က ၁၉၈၈ မြန်မာနိုင်ငံကို ပြန်ရောက် လာချိန် (သူမအသက် အသက် ၄၃ အရွယ်အထိ) နိုင်ငံရေးကို စိတ်မဝင်စားခဲ့ကြောင်း ဦးဝင်းတင် တစ်လ ပြည့်အခမ်းအနားမှာ ဝန်ခံသွားပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး စလုပ်ကတည်းက ယခု ၂၆ နှစ်တိုင်သည် အထိ ထိရောက်တဲ့ နိုင်ငံရေးအရွေ့ တစ်ခုတောင် ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်ခဲ့ပါဘူး။ လုပ်ဆောင်သမျှက လမ်းတစ်ဝက်မှာ ရပ်ရင်ရပ်၊ မရပ်ရင် လမ်းကြောင်း ပြောင်း၊ မပြောင်းရင် ဂငယ်ကွေ့နဲ့ နောက်ကြောင်းပြန်လှည့် သွားရတာ ချည်းပါပဲ။ အဲလိုပုဂ္ဂိုလ်မျိုးကို နိုင်ငံတော် အာဏာတွေ ပုံအပ်ပေးဖို့ တပ်မတော်က ဘယ်လိုယုံကြည်ရပါမလဲ။

(ဆက်လက်ဖော်ပြမည်)


အပိုင်း (၁) ကို  http://www.myanmarexpress.net/2014/05/blog-post_8551.html တွင် ဖတ်ရှုနိုင်ပါသည်။

အပိုင်း (၃) ကို http://www.myanmarexpress.net/2014/05/blog-post_8719.html တွင် ဖတ်ရှုနိုင်ပါသည်။

.. www.MyanmarExpress.net
 

"ပြည်သူကိုယုံသည်.. သို့သော် ဒေါ်စုကိုမယုံ" ~ ရဲဘော် မောင်သောင်း (အပိုင်း-၁)

မေလ ၁၇ ရက်နေ့ တာမွေမြို့ ဗိုလ်စိန်မှန်အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး” လို့ သွေးခွဲစကား ပြောခဲ့ပါတယ်။ ပြီးတော့ “တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိပါဘူး.” လို့ ရှေ့နောက်မညီ ပြန်ပြောပါတယ်။ 

တပ်မတော်နဲ့ ပြည်သူ တစ်ဖက်နဲ့ တစ်ဖက် မယုံကြဘူးဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် ဘယ်အထောက် အထားနဲ့ ပြောလဲဆိုတာ ပထမဆုံး မေးခွန်း ထုတ်ချင်ပါတယ်။ ပြည်သူကို မယုံဘူးလို့ တပ်မတော်သား ဘယ်နှယောက်က ဒေါ်အောင်ဆန်း စုကြည်ကိုသော်လည်းကောင်း၊ မီဒီယာမှတဆင့်သော်လည်းကောင်း၊ ၎င်းတို့ကိုယ်ပိုင် Social Network များမှ သော်လည်းကောင်း ပြောဆိုခဲ့ဖူးတာ ရှိခဲ့ဖူးပါသလား။ ရှိလျှင် အထောက်အထားပြပေးပါ။ မရှိရင်တော့ စွပ်စွဲပြောဆိုမှုအတွက် သိက္ခာရှိရှိ တောင်းပန်စေချင်ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ တပ်မတော်သားတွေ မယုံတာက ပြည်သူကို မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ မယုံကြည်တာပါ။ 


တပ်မတော်သားတွေက ပွင့်ပွင့်လင်းလင်းပြောရဲပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် နဲ့ တစ်ဖက်က အမျိုးသားရင်ကြားစေ့ရေး အော်ပြီး တဖက်မှာ ဗမာပြည်သူ၊ တိုင်းရင်းသားပြည်သူနဲ့ တပ်မတော်တို့အကြား သွေးခွဲနေတာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ NLD ကြားမှာ ရင်ကြားစေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတာ ဦးခင်ညွန့် လက်ထက်ကတည်းကပါ။ ဒါပေမယ့် အခုထိ ဘာကြောင့် မအောင်မြင် သေးတာလည်းဆိုတာ အဖြေက ရှင်းပါတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ အယုံအကြည် မရှိလို့ပါပဲ။ အရင်ကလည်း အယုံအကြည်မရှိခဲ့သလို အခုထိလည်း အယုံအကြည်မရှိပါဘူး။ 


လူတွေရဲ့ ယုံကြည်ခြင်း မယုံကြည်ခြင်းဆိုတာ ကာယကံရှင်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ လုံးလုံးလျားလျား မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ယုံကြည်ရလောက်တဲ့ အရည်အချင်း မရှိတာကြောင့် နဲ့ အခြေခံစိတ်ဓာတ် ညံ့ဖျင်းတာကြောင့် မယုံကြည်ရတာပါ။  ပုဂ္ဂိုလ်ရေးမုန်းတီးလို့မဟုတ်ပါဘူး။ မယုံကြည်ရတဲ့ အထောက်အထားတွေ ရှိပါတယ်။ တစ်ခုချင်း အဆင့်လိုက်ပြောပြပါမယ်။


နံပါတ် (၁) အချက်အနေနဲ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင် တစ်ဦးတည်းက မွေးဖွားလာသူတွေဖြစ်ပါတယ်။ တပ်မတော်သားတွေက မောင်နှမလိုသော်လည်းကောင်း၊ မိခင်တစ်ယောက်လိုသော်လည်းကောင်း ဆက်ဆံကြပါတယ်။ တပ်မတော်သား မိသားစုဝင်များရဲ့ အိမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေပါတဲ့ ပြက္ခဒိန်တွေရှိပါတယ်။ ဂျာနယ်အပိုင်းအစလေးတွေ ကပ်ထားတာရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေအပေါ် မောင်နှမလိုလည်း သဘောမထားခဲ့သလို မိခင်လိုလည်း သဘောမထားပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်တွင်းမှ တပ်မတော်သားများ ပင်ပန်းဆင်းရဲမှု၊ ထိခိုက်သေဆုံးမှုတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းမျက်နှာကို ငဲ့ကွက်ပြီး တစ်ကြိမ်တစ်ခါတောင် ပြန်မကြည့်ခဲ့ဖူးပါဘူး။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်က စစ်သားလေးတွေ အစဉ်ပြေရဲ့လား ဆိုတဲ့ စိတ်မျိုးနဲ့ မေးမြန်းကူညီပေးခဲ့တာမျိုး လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၉ နှစ်အတွင်းမှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ လူရှေ့ရောက်တိုင်း ပါးစပ်က ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားကိုတော့ မနားတမ်းပြောနေပါတယ်။ ဒီတော့ တပ်မတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်နိုင်စရာရှိပါသေးသလား?? 


အပိုင်း (၂) အား http://www.myanmarexpress.net/2014/05/blog-post_6976.html တွင် ဖတ်ရှုနိုင်ပါသည်။

အပိုင်း (၃) အား http://www.myanmarexpress.net/2014/05/blog-post_8719.html တွင် ဖတ်ရှုနိုင်ပါသည်။

.. www.MyanmarExpress.net