Subscribe to our RSS Feed
Showing posts with label ဘာလဲဟဲ့ တကသ. Show all posts
Showing posts with label ဘာလဲဟဲ့ တကသ. Show all posts

NLD ရွေးကောက်ပွဲဝင်မည်ဖြစ်၍ ကျောင်းသားဆန္ဒပြပွဲများ ရွေးကောက်ပွဲပြီးမှ ပြန်လုပ်တော့မည်


၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည်မှာ ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ကျောင်းသားများ ဆန္ဒပြမည့် အစီအစဉ်များ ဖြတ်သိမ်းကာ  ရွေးကောက်ပွဲပြီးမှ ပြန်လည် ဆန္ဒပြကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ကျောင်းသားထု ညီညွတ်ရေးနှင့် ပညာရေး ဖွံ့ဖြိုးမှုလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး တက္ကသိုလ်များမှ ကျောင်းသားများ စုပေါင်းကာ ကျောင်းသားထု ညီလာခံကို မကြာခင်လုပ်မည်ဟု ယခင်က စီစဉ်ထားသော်လည်း NLD ရွေးကောက်ပွဲဝင်မည်ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲပြီးမှာသာ ပြုလုပ်တော့မည် ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန်းလင်းက ပြောကြားသည်။

“ရေရှည်အတွက် ကျောင်းသားညီလာခံ ခေါ်ဖို့ ကျွန်တော်တို့ ပခုံးပေါ်မှာ အဲဒီတာဝန် ရှိသေးတယ်လို့ ယူဆတယ်” ဟု ကိုနန်းလင်းက ပြောကြားသည်။

ပြင်ဆင်အတည်ပြုပြီးသည့် အမျိုးသားပညာရေး ဥပဒေတွင် ကျောင်းသားသမဂ္ဂများကို တက္ကသိုလ် ပဋိညာဉ်အရ သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းခွင့်ပြုထားပြီး ဖြစ်သောကြောင့် တက္ကသိုလ် အသီးသီးမှ သမဂ္ဂကိုယ်စားပြု ကျောင်းသားများ စုစည်းနိုင်ရေး စီစဉ်နေခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက ရှင်းပြသည်။

ညီလာခံ ကျင်းပမည့်ကိစ္စနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ် ကိုယ်စားပြု ဒီမိုကရေစီပညာရေး လှုပ်ရှား မှု ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က “တွဲလုပ်ဖို့ လှုပ်ရှားနေတာ။ အသေးစိတ်တော့ မပြင်ဆင်ရသေးဘူး” ဟု ပြောကြားသည်။

အဆိုပါ ညီလာခံကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် တက္ကသိုလ်အသီးသီးရှိ ဖွဲ့စည်းပြီး သမဂ္ဂများ စုပေါင်းလုပ်ဆောင်ရန် ညှိနှိုင်းနေဆဲဖြစ်၍ ရွေးကောက်ပွဲကာလ အတွင်း ညီလာခံကျင်းပရန် မဖြစ်နိုင်သေးဘဲ ၂၀၁၆ ခုနှစ် အတွင်းမှသာ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း အဆိုပါ ကျောင်းသားသမဂ္ဂများထံမှ သိရှိရသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး တစ်ရပ် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် ရန်ကုန်မြို့ နာရေးကူညီမှုအသင်းတွင် ကျောင်းသားကိုယ်စားလှယ် ၅၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး တောင်းဆိုရန် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ကျောင်းသားကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

ယင်းသို့ ဦးဆောင်ကော်မတီ ဖွဲ့စည်းကာ အမျိုးသားဥပဒေ ပြင်ဆင်ရေး တောင်းဆိုသည့် ပင်မသပိတ်စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်း၊ ထားဝယ်သပိတ်စစ်ကြောင်း အသီးသီး ချီတက်သပိတ်မှောက်ပြီး ပညာရေး ဝန်ကြီး ဌာန၊ လွှတ်တော်၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နှင့် ယင်းကော်မတီတို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် အစိုးရက သဘောတူညီခဲ့ရသည်အထိ အောင်မြင်မှုရှိခဲ့ကြောင်း ကျောင်းသားများက ပြောဆိုလျက်ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။


.. https://www.facebook.com/MyanmarExpress
 

သမဂ္ဂအဆောက်အဦကို ဖြိုခွဲခဲ့တာ NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ကြီး၊ သမဂ္ဂနာမည်ကို ဖျောက်ခဲ့တာ NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်


၁၉၆၂ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျောင်းသားအဖွဲ့ချုပ်များခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင်အစည်းအဝေးခေါ်ပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌတင်မြှောက်လိုက်ပါတယ်။ အဲဒီနောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ဗကသက ပြန်လည်ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဗကသ ဟာ အစိုးရတို့အကြား တင်းမာခဲ့တာပါ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မနက် ၄ နာရီအချိန်မှာတော့ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုခွဲဖျက်ဆီး ခံလိုက်ရပါတယ်။ သမဂ္ဂအဆောက်အဦ ဖျက်ဆီးချိန်မှာ အဓိက တာဝန်ရှိသူကတော့ NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ကြီးဖြစ်ပါတယ်။



ဇူလိုင်လ ၇ ရက်နေ့ ကျောင်းသားဆူပူမှုဖြစ်ချိန်မှာ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းထံ သတင်းပို့ဖို့ ထွက်သွားပါတယ်။ အဲဒီချိန်က ကွန်မြူနစ်တွေ ကျောင်းသားများ အတွက်လက်နက်များ ပို့ပေးထားကြောင်း၊ ကွန်မြူနစ်များရဲ့ မြေပေါ်ဌာနချုပ်က  သမဂ္ဂ အဆောက်အဦဖြစ်ကြောင်း သတင်းတွေ၊ ဓာတ်ပုံများနဲ့ အထောက်အထားတွေ  ထွက်ပေါ်နေချိန် ဖြစ်ပါတယ်။ ဒီအကြောင်းကို ၁၈၉၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူရှိကြောင်း၊ လူနာများ အထဲဆွဲသွင်းကာ တံခါးပိတ်သွားတာကြောင့် ဖြိုခွဲခဲ့တာဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဦးအောင်ကြီးက ဝန်ခံပြောဆိုခဲ့ပါတယ်။ 


ဦးအောင်ကြီးဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ထူထောင်ခဲ့ပြီး ဥက္ကဋ္ဌ ရာထူးကို ရယူခဲ့ပါတယ်။ ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦးတင်ဦး ဒုဥက္ကဋ္ဌ နဲ့ ဒေါ်အောင်ဆန်းစုကြည်က အတွင်းရေးမှူးဖြစ်ပါတယ်။ သမဂ္ဂအဆောက်အဦ ဖြိုခွဲခဲ့သူ ဦးအောင်ကြီးဟာ NLD ပါတီရဲ့ ဖခင်ကြီးဆိုရင်လည်း မမှားပါဘူး။



သမဂ္ဂအဆောက်အဦပျောက်ဆုံးပြီး ၅၃ နှစ်ကြာမှာတော့ သမဂ္ဂဆိုတဲ့ နာမည်ပါ ပျောက်ခဲ့ရ ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်က ကျောင်းသားတွေဘက်က တင်ပြထားတဲ့  “သမဂ္ဂ” ဆိုတဲ့ စကားလုံးတွေကို ဖြုတ်ဖို့ ၂၀၁၅ ခုနှစ် ဧပြီလက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ဥပဒေမူကြမ်းကို NLD လွှတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်က ဦးဆောင်ပြီး “သမဂ္ဂ” ဆိုတဲ့ စကားလုံးများကို ဖြုတ်ကာ ပြင်ဆင်အဆိုပြုချက် တင်သွင်းရာ NLD ပါတီဝင်အားလုံး ထောက်ခံခဲ့တာကြောင့် ဧပြီလ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ 



“ပြင်ဆင်တဲ့အဆိုပြုချက်ထဲမှာ ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂဆိုတဲ့ စကားလုံးတွေ ကို ဖြုတ်ထားတာ တွေ့ပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုပါ တယ်။ မဲခွဲချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ပါတီဝင်တွေက သမဂ္ဂစာလုံးကို ဖြုတ်ဖို့ ထောက်ခံခဲ့ကြပါတယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုခဲ့သူ ဦးအောင်ကြီး တည်ထောင် ခဲ့တဲ့ NLD ဟာ ဒီကနေ့မှာတော့ သမဂ္ဂဆိုတဲ့ နာမည်ကိုပါ ပျောက်အောင် ဖျောက်ဖျက်ပစ်လိုက် တာပါ။ ဦးအောင်ကြီး ကိစ္စ သင်ပုန်းချေနိုင်ဖို့ ကြိုးစားတုန်းမှာဘဲ ဇေယျာသော်ရဲ့ လုပ်ရပ်ကြောင့် သည်းခံနိုင်စရာအကြောင်းမရှိတော့ပါ။ သမဂ္ဂအဆောက်အဦကို ဖျောက်ဖျက်ခဲ့တဲ့ကိစ္စနဲ့ သမဂ္ဂ နာမည် ဖျောက်ဖျက်ခဲ့တဲ့ ကိစ္စတို့ အတွက် NLD ကို ကမ္ဘာမကျေပါဘူး။ သမဂ္ဂဆိုတာ သမိုင်းနဲ့ ပေါ်ပေါက်လာခဲ့ပြီး ဘယ်သူဖျောက်ဖျောက်မပျောက်တဲ့ တော်လှန်ရေးအဖွဲ့ဖြစ်တယ်ဆိုတာ သမဂ္ဂနာမည် ဖယ်ထုတ်ရေး ထောက်ခံခဲ့တဲ့ ဒေါ်စုနဲ့ NLD အမတ်အားလုံး တစ်နေ့ ကောင်းကောင်း သိလာပါလိမ့်မယ်။


.. https://www.facebook.com/MyanmarExpress
 

အခြေခံဥပဒေပြင်ရေးဆန္ဒပြသည့် တကသ ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် NLD အမတ် ဇေယျာသော်နှင့် ကြိုတင်တွေ့ဆုံစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ

From : .. PP

ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက လူ ၂၅ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် တကသ ကျောင်းသား ဇေယျာလွင်နှင့်အဖွဲ့သည် NLD အမတ် ဇေယျာသော်နှင့် ဇွန်လ ၂၂ ရက် နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးဇေယျာသော်က အခြေခံဥပဒေပြင်ဆင်ရေးကို ယခုအပတ်အတွင်း မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး စစ်တပ်က မထောက်ခံသည့်အတွက် ပြင်ဆင်ရန်အတွက် လိုအပ်သည့်ထောက်ခံမဲ မရနိုင်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေး အား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုအရေးနိမ့်ပြီးနောက် တစ်ပတ်အတွင်း တကသ ကျောင်းသားများ ဦးဆောင်ကာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့တွင် စတင်ဆန္ဒပြရန်၊ ထို့နောက် ဆန္ဒပြပွဲများကို အခြားမြို့ကြီးအသီးသီးတွင် ဆက်လက်ဆောင်ရွက်သွားရန်နှင့် ထိုဆန္ဒပြပွဲများကို NLD ပါတီအနေဖြင့် နောက်ကွယ်မှ ပံ့ပေးပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ရခြင်းမှာ လွှတ်တော်ပြင်ပ နည်းလမ်း ဖြင့် စစ်တပ်ကို ဖိအားပေးရန် ဖြစ်ပြီး လူထုထောက်ခံမှု မြင့်မားလာခဲ့ပါက တစ်နိုင်ငံလုံးအနှံ့ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ တကသ ကျောင်းသားများအနေဖြင့် ပြည်နယ်တိုင်းများသို့ ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ကာ အခြေခံဥပဒေပြင်ဆင်ရေး ကျောင်းသားဆန္ဒပြမှုများ ဖြစ်ပေါ်လာစေရန် စည်းရုံးလျက် ရှိကြောင်း သိရသည်။

တကသ ကျောင်းသားခေါင်းဆောင်များဖြစ်သော ဇေယျာလွင့်၊ ပိုင်ရဲသူနှင့် အခြား ကျောင်းသားခေါင်းဆောင် အချို့သည် ဇေယျာသော်ထံမှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ကို ရယူပြီးနောက် ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကယ်၍ ယင်းတို့ကို အစိုးရက ထောင်ချ အရေးယူလျှင် ဒေါ်စုကြည်ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပေးမည် ဟု ဇေယျာသော်က တစ်ဆင့် ကတိပေးခဲ့ ကြောင်း၊ ကျောင်းသားများ ဆန္ဒပြရာတွင် မော်တော်ယာဉ်၊ ဗီနိုင်း စသည်တို့အတွက် အသုံးစရိတ်များကို ဇေယျာသော်က ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

NLD ပါတီသည် ဗကသများကို တကသနှင့် သီးခြားစီခွဲထုတ်နိုင်ခဲ့ပြီးနောက် တကသ ကို NLD ၏ နိုင်ငံရေး လက်စွဲ ကျောင်းသားအင်အားစု အဖြစ် အသုံးချနိုင်ရန် ဒေါ်စုကြည်ကိုယ်တိုင် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တကသများနှင့် ဆက်သွယ်ဆက်ဆံရေးကို ဖြိုးဇေယျာသော်အား အဓိက တာဝန်ပေးအပ်ထားပြီး ဇေယျာသော်၏ အထောက်အကူ အဖြစ် NLD အမတ် ဦးသိန်းဆွေကို တွဲဖက်တာဝန်ပေးအပ်ထားကြောင်း သိရှိရသည်။

“ကျောင်းသားထုကို ဗကသနဲ့ တကသ ဆိုပြီး စိတ်ဝမ်းကွဲပြားအောင် ခွဲတယ်။ ကျောင်းသားတွေက ကျောင်းသား အရေး ဆန္ဒပြ တောင်းဆိုတာ မဟုတ်ဘဲနဲ့ ခြေဥပြင်ရေးတစ်ခုတည်း၊ တပ်မတော်သားတွေ လွှတ်တော်ထဲက ထွက်သွားရေး တစ်ခုတည်း တောင်းဆိုလာပြီ ဆိုကတည်းက ကျောင်းသားကိစ္စ မဟုတ်တော့ဘဲ NLD အစီအစဉ်ထဲ ၀င်လာပြီ ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ကတော့ NLD ကမွေးထားတဲ့ တကသ အဖွဲ့ကနေတစ်ဆင့် လူထု အုံကြွမှု လုပ်လာတဲ့ ဒေါ်စုကြည်နဲ့ NLD ပါတီကို ရှုတ်ချပါတယ်။ မရှက်ကြဘူးလား၊ မရှက်တတ်ဘူးလား လို့လည်း မေးချင်းပါတယ်။ လမ်းပေါ်ထွက်လာတဲ့အထဲမှာ ပါလာတဲ့ ကျောင်းသားလေးတွေက အရိုးခံလေးတွေပါ။ ဘာမှ မသိရှာပါဘူး။ အကယ်၍ ပစ်ဟယ်ခတ်ဟယ် ဖြစ်ရင် ဒီကလေးတွေ သေကြရမယ်။ ဒေါ်စုကြည်နဲ့ NLD ပါတီ အနေနဲ့ သတ္တိရှိရင် ပါတီကိုယ်တိုင် ပါတီအလံထောင်ပြီး လမ်းပေါ်တက်ပါ။ သူ့ဟာသူ ကျီးထိုးထိုး ခွေးစားစား ဂရုမစိုက်ဘူး။ မသိနားမလည်တဲ့ ကျောင်းသားလေးတွေ၊ ကလေးတွေကို ခုတုံးမလုပ်ပါနဲ့ လို့ပဲ ပြောချင်တယ်” ဟု ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့ပြီး သေနတ်ကျည်ထိမှန်ခဲ့ရသူ ကိုနန္ဒကျော်က ပြောသည်။

“ရှင်းရှင်းပဲ ပြောမယ်။ ဒေါ်စုကြည်ရော NLD ရော လူထုအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ။ အာဏာ မရသေးလို့ ဆိုတဲ့ စကား လာမပြောနဲ့။ သူသမ္မတ ဖြစ်ဖို့၊ အခြေခံဥပဒေပြင်ဖို့၊ ၄၃၆ ပြင်ဖို့၊ ဒါတွေကိုပဲ လူထုက လိုက်လုပ်နေရတယ်။ ဘာတစ်ခု ပြည်သူအတွက် ကောင်းရာကောင်းကျိုး လုပ်ပေးဘူးသလဲ။ ဘင်္ဂါလီတွေအတွက်ကျတော့ နိုင်ငံတကာ မှာ မျက်နှာကောင်းရဖို့ ပြောတယ်၊ ရပ်တည်ပေးတယ်။ ကိုယ့်တိုင်းရင်းသား ပြည်သူတွေဘက်က ရပ်တည်ပြီး ပြောမပေး ခဲ့တဲ့အပြင် ဘင်္ဂါလီတွေ နိုင်ငံသားပေးဖို့၊ ၈၂ ခုနှစ် နိုင်ငံသား ဥပဒေပြင်ပေးဖို့ ပြောတယ်။ အခုကိစ္စလည်း ကျောင်းသားတွေက ဇေယျာသော်က တစ်ဆင့် ဒေါ်စုကြည်က မြှောက်ပင့် သွေးထိုးပေးနေတာ မှန်တယ် ဆိုရင် NLD ပါတီကို မတရားအသင်းကြေညာဖို့ လိုတယ်။ တိုင်းပြည် ဆူပူအောင်၊ ပြည်သူတွေ ကျီးလန့်စာ စားဖြစ်ရအောင် သွေးထိုးပေးနေတယ်၊ ပြည်သူ့အကျိုးကို မကြည့်ဘူး၊ ကိုယ်သမ္မတ ဖြစ်ဖို့ပဲ လုပ်နေတယ် ဆိုရင် NLD ကို ပြည်သူတွေက စုပေါင်းပြီး ဒဏ်ခတ်ရလိမ့်မယ်။ တာဝန်ရှိတဲ့သူတွေ၊ ရွေးကောက်ပွဲကော်မရှင်တွေကလည်း NLD ပါတီကို မတရားအသင်း အဖြစ်ကြေညာပြီး အရေးယူဖို့ လိုတယ်” ဟု နိုင်ငံရေးပါတီကြီးတစ်ခုမှ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးလည်းဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဇွန်လ၂၅ရက်တွင် အခြေခံဥပဒေပြင်ဆင်ရေးမဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီိ အဆောင်တွင် မီဒီယာများအား ရှင်းလင်းပြောကြားရာတွင် “ကြံ့ခိုင်ရေးက တင်တဲ့အဆိုက လုံးဝလုံလောက်တဲ့ အပြောင်းအလဲမဟုတ်ဘူး။ လုံးဝလုံလောက်တဲ့ အပြောင်းအလဲ မဟုတ်တာ ကို တောင် မထောက်ခံချင်ဘူးဆိုတဲ့ အဓိပ္ပါယ်ကတော့ အပြောင်းအလဲကို မလိုလားဘူးလို့ အဓိပ္ပါယ် ရောက်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ပဲ သတ်မှတ်ရမှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သက်လို့ ရှုံးနိမ့်တယ်လို့မမြင်ဘူး။ ဘယ်လိုရလာဒ်ထွက်လာမလဲ ဆိုတာ အစကတည်းက ခြောက်ပွင့်ဆိုင် အကြောင်း မစဉ်းစားတော့ဘူး။ ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်သွားမယ်” ဟု ပြောကြားခဲ့သည်။

NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီက ဒေါ်အောင်ဆန်းစုကြည် ထိုသို့ပြောကြားခြင်း သည် အခြေခံဥပဒေပြင်ဆင်ရေး ကို လွှတ်တော်နည်းလမ်း ဖြင့် ဆောင်ရွက်၍ မရသဖြင့် လူထုနည်းလမ်းဖြင့် ဆောင်ရွက်ရန် အချက်ပြလိုက်ခြင်း ဖြစ်သည်ဟု RFA နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။



.. https://www.facebook.com/MyanmarExpress