Subscribe to our RSS Feed
Showing posts with label စစ်ရေး. Show all posts
Showing posts with label စစ်ရေး. Show all posts

SSA (၀မ်ဟိုင်း) အဖွဲ့မှ တပ်မတော်ပိုင် မြ၀တီ စက်သုံးဆီအရောင်းဆိုင်အား ဆက်ကြေးကောက်ခံစာ ပေးပို့ခဲ့


SSA (၀မ်ဟိုင်း) အဖွဲ့ တပ်မဟာ (၆၁၂) ၊ တပ်ရင်း (၈၁၆)မှ တပ်မတော်ပိုင် မြ၀တီ စက်သုံးဆီအရောင်းဆိုင်အား ယမန်နေ့က ဆက်ကြေးကောက်ခံစာ ပေးပို့ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာအနီးရှိ တပ်မတော်ပိုင် မြ၀တီစက်သုံးဆီ အရောင်းဆိုင်အမှတ် (၀၁၅)သို့ အမည်မသိ အမျိုးသား ၂ ဦးမှ မော်တော်ဆိုင်ကယ် ဖြင့်ရောက်ရှိလာကာ ဆိုင်ဝန်ထမ်းအမျိုးသမီးအား ဆက်ကြေးကောက်ခံသည့် စာအား လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆက်ကြေးကောက်ခံသည့်စာမှာ
SSA (၀မ်ဟိုင်း) အဖွဲ့မှ မြ၀တီဆီဆိုင်နှင့် ကျော်ဆန်း ဆီဆိုင်အတွက် ရှမ်းဘာသာဖြင့် ရေးသားထားခြင်းဖြစ်သည်။

ရှမ်းဘာသာဖြင့် ရေးသားထားသည့် ဆက်ကြေးတောင်းခံလွှာ



မြန်မာဘာသာသို့ ပြန်ဆိုချက်

ရှမ်းပြည်နယ်တပ်မတော်
တပ်ရင်း (၈၁၆)
တပ်မဟာ (၆၁၂)
မြို့နယ် (၂၄)


မိမိတို့ တပ်မဟာမှ အကူအညီတောင်းခံသော ကျောက်မဲ-ခိုမုန်း ပန့်ဆီဆိုင်ဖြစ်သော (မြ၀တီ) နှင့် နောက်တစ်ဆိုင် (ကျော်ဆန်း) ဆိုင်၊ ၀၁-၀၈-၂၀၁၄ ရက်တွင် ၀မ်ပန်-ဖီတစ်သို့ အမြန်သွားရောက် ပေးသွင်းရန်၊ ရက်ချိန်းကျော်လွန်ပြီး မိမိတို့ တပ်မဟာသို့ အကူအညီမပေးချင်ခဲ့ပါက မိမိတို့ တပ်မဟာမှ မည်သူ့မျက်နှာကိုမျှ ထောက်ထားမည်မဟုတ်ပါ။ နောက်ထပ် အကြိမ်အကြိမ် အဖန်ဖန် ပြည်လည် တွေးတော စဉ်းစားပေးမည်မဟုတ်ပါ။

မြန်မြန်နှင့် သွက်သွက်

ရှမ်းမြောက်တွင် အစိုးရတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှုများပြား




ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မန်ပူးကျေးရွာအနီးတွင် ဇူလိုင် ၂၀ ရက် နံနက် ၅ နာရီခွဲခန့်၌ အစိုရတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှုများပြားကြောင်း အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောသည်။

“ ကျေးရွာတွေကို ၀င်ပြီး ရိက္ခာတောင်းတယ်၊ ဆက်ကြေးကောက်တယ်၊ ပြီးတော့ လူသစ် အတင်း အကြပ်စုတာ တွေလည်းရှိတယ်၊ ဒေသခံရွာသားတွေအတွက် အကြပ်အတည်းဖြစ်တာများလို့ နယ်မြေ စိုးမိုးရေးလုပ်ရင်းသွား တာပါ၊ မန်ပူးရွာနားမှာ TNLA အဖွဲ့ကစပြီး ပစ်တာကြောင့် တိုက်ပွဲဖြစ်ရတာပါ ” ဟု နမ့်ခမ်းအခြေစိုက် အစိုရတပ်မှ အရာရှိကြီးတစ်ဦးမှ ပြောသည်။
အဆိုပါ ကျေးရွာအနီးတွင် TNLA အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ၀င်ရောက်လာမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း၊ TNLA အဖွဲ့အား အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်၍ ရွာအနီးမှ ထွက်ခွာပေးရန် ကျေးရွာလူကြီးများ သွားရောက်တောင်းဆိုသော်လည်း မရကြောင်း၊ အစိုးရတပ်အား TNLA မှ နှစ်ဖွဲ့ခွဲ၍ စောင့်ဆိုင်းကာ စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ မနက် ၅ နာရီခွဲလောက်မှာ တစ်ကြိမ်ဖြစ်တယ်၊ ပြီးတော့ မနက် ၇ နာရီခွဲလောက်မှာလည်း တစ်ကြိမ်ဖြစ်သံ ကြားတယ်၊ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရတာတွေ၊ သေတာတွေလည်း ရှိလောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက တော်တော်ကြာကြာဖြစ်တာဆိုတော့လေ ” ဟု မန်ပူးရွာသားတစ်ဦးက ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံအား ဆက်သွယ် မေးမြန်း ကြည့်ရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှု မသိရသေးကြောင်း ပြောကြားခဲ့သည်။
အဆိုပါတိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သော အစိုးရတပ်မှ တပ်ရင်းမှူးတစ်ဦးက “ ကျွန်တော်တို့ဘက်က အရာရှိတစ်ဦးနဲ့ စစ်သည်နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်၊ ကျဆုံးတာမရှိပါဘူး၊ TNLA ဘက်က အလောင်း ၅ လောင်း နဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ် ” ဟု ပြောကြားသွားသည်။
နမ့်ခမ်းမြို့နယ်လွှတ်တော်အမတ်တစ်ဦးကတော့ “ တိုက်ပွဲတွေ ဖြစ်တယ်ကြားတယ်၊ TNLA ဘက်က ကျဆုံး တာ များတယ်လို့ သိရတယ်၊ နောက် ၃ ရက်ဆိုရင် အပစ်ရပ်ရေးမူကြမ်းကိစ္စ NCCT က လိုင်ဇာမှာ လုပ်တော့မှာ၊ ဒါပေမယ့် ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်နေတယ်၊ TNLA ကလည်း အင်အားမရှိဘဲနဲ့ အစိုးရတပ်တွေ ကို တိုက်နေတာဟာ ရိုးရိုးသားသားတော့ မဟုတ်ဘူး၊ KIA နဲ့ ကိုးကန့်အဖွဲ့တွေ ပေါင်းထားတာလို့ သိရတယ်၊ ဒီကိစ္စဟာ KIA ရဲ့လှည့်ကွက်ပါ၊ ကချင်မှာ တိုက်ပွဲမဖြစ်ဘဲ ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်အောင် TNLA ကို အသုံး ချနေတာလေ၊ စာရွက်ပေါ်က အပစ်ရပ်မူကြမ်းနဲ့ မြေပြင်မှာ တိုက်ပွဲဖြစ်နေတာ မဖြစ်သင့်ဘူးလို့ မြင်ပါတယ် ”ဟု ပြောကြားသွားခဲ့သည် ။
စိုင်းဇော်အောင် (နမ့်ခမ်း)
Credit Sai Zaw Aung

ဘာမှမဖြစ်ရင်..ဘာမှမဖြစ်ဘူး



ဒီနေ့ သတင်းတွေဖတ်ရင်းနဲ့ 7 days ဂျာနယ်မှာ သတင်းတစ်ခုပါလာတယ်။ သတင်းခေါင်းစဉ်က အပစ်ရပ်လက်မှတ်ထိုးပြီးနောက် တပ်မတော်ကသာ စတင်တိုက်ခိုက်နေဟု SSPP/SSA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးပြောကြားဆိုတဲ့ သတင်းပင်ဖြစ်သည်။
အထက်ပါသတင်းအား ခြုံငုံ၍သုံးသပ်ရသော်  နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်နေသည့်ကာလတွင် တပ်မတော်ဘက်မှစတင်ကာ အမျိုးမျိုးတိုက်ခိုက်နေသည်ဆိုသည့် SSA ဘက်မှ
တာဝန်ရှိသူတစ်ဦး၏ မမှန်မကန်ပြောကြားချက်အား သတင်းလုပ်ရေးသားထားခြင်းဖြစ်သည်။

ထိုအရာသည် သတင်းမည်ပါ၏လား။ ဘက်တစ်ဘက်မှပြောကြားခြင်းအား
အခြားအပြောခံရသည့်ဘက်သို့ ဟုတ်၏ မှန်၏ မေးမြန်းခြင်း၊ စုံစမ်းခြင်း၊
သက်ဆိုင်ရာ နယ်မြေဒေသသို့သွားရောက်ကာ အထက်ပါသတင်းအား အတည်ပြုချက်ရယူခြင်းများ ရှိခဲ့ပါ၏လား။ ဖုန်းဆက်ပြောကြားရုံဖြင့် တိကျသေချာသော သတင်းတစ်ပုဒ်ဖြစ်ပြီလား။
 ထိုကဲ့သို့ သတင်းမျိုးအား ပရင့်စာမျက်နှာများတွင် ဖော်ပြခြင်းသည်
သင့်တော်ပါ၏လားဆိုသည်ကတော့ လားပေါင်းများစွာဖြင့်
အထက်ပါသတင်းအားရေးသားသူ သတင်းထောက်နှင့် ဂျာနယ်တိုက်တို့အပေါ် မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။

ယခုအခါ  နိုင်ငံတော်မှပြောင်းလဲ ကျင့်သုံးလာသော စာပေနှင့်စာနယ်ဇင်းဆိုင်ရာမူများကြောင့်
ပုဂ္ဂလိက မီဒီယာကဏ္ဍသည် အတော်ပင်တိုးတက်ပြောင်းလဲလာလေ၏ ၊
နိုင်ငံရေးနှင့်ပတ်သက်သောဂျာနယ် အတော်များများ ပေါ်ပေါက်လာခဲ့သည် ။ ပြည်သူများလည်းသတင်းများကို အချိန်နှင့်တပြေးညီသိခွင့်ရလာလေ၏ ၊
သတင်းနှင့်စာနယ်ဇင်း ဆိုင်ရာလွတ်လပ်မှုနှင့်အတူ ဘေးထွက် ဆိုးကျိုးများလည်း
ကျွဲကူးရေပါဆိုသလိုပင် ပါလာလေ၏။ ပြည်သူလူထုနှင့် အစိုးရအကြား ထင်ယောင်ထင်မှား ဖြစ်စေနိုင်သောသတင်းများကို သတင်းအရင်းအမြစ်မသေချာပဲ ဖေါ်ပြလာလေ၏ ၊
 အိမ်နီးချင်းနိုင်ငံများနှင့် ပြည်သူများကြားသဘောထားကွဲလွဲနိုင်သည်များကို
အထင်နှင့်ရေးသားမှုများ အကြားနှင့်ရေးသားမှုများ ၊ တာဝန်ရှိသူတို့၏ပြောကြားချက်များကို တစ်လွဲကောက်ချက်ချမှုများ ပြုလုပ် လာကြလေ၏ ၊ စတုတ္ထမဏ္ဍိုင်ရဲ့ မူလတာဝန်ကျေပါရဲ့လား ၊ ရေးသားချက်တွေဟာ တရားမျှတမှုရှိပါရဲ့လား မည်သည့်အခါမျှ မစဉ်းစားကြပေ။


မီဒီယာသမားတွေ ပြောချင်ရာပြောတာကိုတော့ လွတ်လပ်စွာပြောဆိုခွင့်လို့ပြောမယ် မီဒီယာသမားကို လွတ်လပ်စွာဝေဖန်ရင်တော့ မှတ်လောက်သားလောက်အောင်ဆုံးမမယ်ဆိုသည့် စိတ်ထားမျိုးသာ ထားရှိကြသည်ကများလေသည်။


ယခု 7 Days တွင်ဖော်ပြခဲ့သောသတင်းသည် တစ်နည်းအားဖြင့် နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုအောက် အစိုးရအဖွဲ့နှင့် တပ်မတော်မှ အင်တိုက်အားတိုက်ဖြင့် ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အချိန်တွင် မိမိတို့မှ ငြိမ်းချမ်းရေးမလိုလားဘဲ
တစ်ဖက်သတ် အနိုင်ကျင့် တိုက်ခိုက်နေသည့်ပုံစံအဖြစ် ပြည်သူအများကြား
အထင်မြင် လွဲမှားစေတော့မည်ဖြစ်သည်။

အထက်ပါသတင်းကိုရေးခဲ့သော သတင်းထောက်အနေဖြင့် လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည်ဆိုသော ရှမ်းပြည်နယ်ဘက်သို့ ကိုယ်တိုင်ကိုယ်ကျ သတင်းသွားရောက် ရယူခဲ့ခြင်းမရှိပဲ
တစ်ဖက်အဖွဲ့အစည်း၏ ပြောဆိုချက်များကိုသာ ကိုးကားပြီး
သတင်းတစ်ပုဒ်ရေးခဲ့သည်ဆိုသည်မှာ ယုံမှားသံသယဖြစ်စရာပင်မလိုပေ။

စကားတစ်ခွန်းရှိသည်။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးဟူ၍ဖြစ်သည်....သို့သော်...
ဖြစ်လာခဲ့လျှင်တော့ မီဒီယာအခွင့်အရေး၊ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ မအော်ကြဖို့လိုသည်ဟုသာ
7 days မှဖော်ပြခဲ့သော တပ်မတော်အပေါ် အများပြည်သူတို့ အထင်မှားစေမည့် အထက်ပါသတင်းနှင့်ပါတ်သက်၍ ဤနေရာမှ သတိပေးလိုက်ရပါသည်။

ဝန်ကြီးဦးအောင်မင်းပြောဆိုခဲ့သော စကားများသည် သမ္မတကြီးနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်သက်ဆိုင်နေကြောင်း တပ်မတော်အရာရှိကြီးတစ်ဦးမှ ပြောကြား



ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော် သမ္မတကြီး အားထားရသူတွေထဲမှာပါသော ၀န်ကြီးဦးအောင်မင်းက   UNFCCI တွင် ပြောကြားသွားခဲ့သော နိဂုံးချုပ်အမှာစကားနှင့်ပါတ်သက်ပြီး   တပ်မတော်အသိုင်းအ၀ိုင်း တစ်ခုလုံးမှ မကျေမနပ်ဖြစ်နေကြောင်းသိရသည်။

UNFCCI ၏ နိဂုံးချုပ်အစည်းအဝေးတွင် ၀န်ကြီးဦးအောင်မင်းမှ တပ်မတော်က သစ္စာဆိုတဲ့အထဲမှာ အဓိကကျတဲ့ တစ်ချက်ဆိုရင် ‘ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမယ်..’ ဆိုတဲ့ အချက်ပါနေတယ်…  သစ္စာစောင့်သိနေရင်းနဲ့ တိုက်ပွဲက မပြီးတော့ဘူး နောက်တစ်ခုက “သူရဘွဲ့တွေ၊ သူရဲကောင်းမှတ်တမ်းဝင်တွေ မပေးသင့်ဘူး… .. ဒါကို ဖျောက်ဖျက်ဖို့လိုတယ်…” လို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးပြောခဲ့သော စကားနှင့်ပါတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများတွင်လည်း
အငြင်းပွားနေကြပြီး မီဒီယာသမားများမှ တမင်ရေးလိုက်သလား၊ ၀န်ကြီးက တကယ်ပဲ
ပြောခဲ့သလားဟု ဝေခွဲမရဖြစ်နေသူများရှိနေသလို ၀န်ကြီးဦးအောင်မင်းသာ
အမှန်တကယ်ပြောခဲ့ခြင်းဖြစ်ပါက လုံးဝ လက်သင့်ခံနိုင်စရာအကြောင်းမရှိဟု
တပ်မတော်အရာရှိငယ်တစ်ဦးမှ ပြောဆိုသည်။

ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒါက တပ်မတော်ကို ခုတုံးလုပ်ပြီးတော့ သူနာမည်ကြီးအောင် လူကြိုက်များအောင် ပြောတဲ့စကားပဲ၊ သူလဲ တပ်မတော်သားဘ၀က တက်လာတာ။
ဒီတပ်မတော်သားတွေကပဲ လုပ်ကျွေးလာခဲ့တာ၊ သူ့ကို တွန်းတင်ပေးလာခဲ့တာ။
ရှေ့တန်းမှာဖြစ်ဖ်ြစ သူလူကြီးဖြစ်တဲ့အခါပဲဖြစ်ဖြစ် နေပူမိုးရွာမရှောင် လုံခြုံရေးတာဝန်တွေကို
ယူပေးခဲ့ရတာ။ ဒါကနိုင်ငံနဲ့ချီပြီးမပြောသေးဘူး။ သူ့တစ်ယောက်ထဲအတွက်တင်
တပ်မတော်သားတွေ လုပ်ပေးခဲ့တာကို ပြောနေတာ။ ဒါတွေအားလုံးကို မေ့သွားပြီး
ကိုယ်ကျင်လည်ကျက်စားခဲ့ရတဲ့ ပါတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ရဲဘော်ရဲဘက်စိတ်မရှိစွာနဲ့
ခုလိုမျိုးပြောခဲ့တာတော့ လုံးဝမကောင်းဘူး။ ဘ၀မမေ့သင့်ဘူး ဟု အထက်ပါအရာရှိမှ
ဆက်လက်ပြောဆိုသည်။

ဘယ်သူမဆို မေးကြည့်ပါ ကြိုက်တဲ့လူကို မေးကြည့်လို့ရပါတယ်။ သူရဘွဲ့နဲ့ အသက်နဲ့ လဲမလား… သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်နဲ့ ခြေထောက် ၂ ချောင်း လဲမလားလို့ မေးကြည့်ပါ။
ဘယ်သူမှ မလဲပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ခြေတု လုံလုံလောက်လောက်မရှိ၊ သေဆုံးစစ်သည်
မိသားစုအတွက် ထောက်ပံ့မှု လုံလုံလောက်လောက်မရှိတဲ့ တပ်မတော်မှာ ဘယ်သူမှ ဘွဲ့တွေမမက်မောပါဘူး။

သူရဘွဲ့တွေ၊ သူရဲကောင်း မှတ်တမ်းဝင်တွေ ရနေတဲ့ စစ်သားတွေဟာ ဒီဘွဲ့တွေကို လိုချင်လွန်းလို့ အသေခံ၊ ဒဏ်ရာရခံပြီး စစ်တိုက်နေတာလို့ ဝန်ကြီးထင်နေပြီလား။ ဘွဲ့ရအောင် ရှေ့အတင်းတက် စစ်တိုက်ခဲ့ပြီး ဘွဲ့မရလို့ သတင်းပို့တိုင်ကြားတဲ့ မြန်မာ စစ်သားတစ်ဦး တစ်ယောက်ကိုများ ဝန်ကြီးရဲ့
စစ်မှုထမ်းသက်တမ်း အတွင်းမှာ တွေ့ခဲ့ဖူးပါသလား။ ပြန်စဉ်းစားကြည့် ပါအုံး။
စစ်ပွဲပြီးသွားမှသာ အထက်လူကြီးများက အသိအမှတ်ပြု ချီးမြှောက်တာပါ။
ဝန်ကြီး ကိုယ်တိုင်လည်း တောင်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဘဝတုန်းက တပ်ရင်းမှူး
ဒုတိယဗိုလ်မှူးကြီး လှဆွေ (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ကို ချီးကျူးဂုဏ်ပြု (၂)
ခါပို့ခဲ့တာပဲ မဟုတ်လားဟု တပ်မတော်သားတစ်ဦးမှလည်း ၄င်း၏ လူမှုကွန်ယက် စာမျက်နှာတစ်ခုတွင် ဝေဖန်ခဲ့သည်။

ဝန်ကြီးဦးအောင်မင်း ထိုကဲ့သို့ ပြောဆိုခဲ့သည်မှာ ယခုချိန်မှမဟုတ်ဘဲ လွန်ခဲ့သော ၂
နှစ်ခန့်ကလည်း အလားတူပြောဆိုခဲ့ဖူးသည်။ ငြိမ်းချမ်းရေးစင်တာတွင်
တာဝန်ရှိသူတစ်ယောက်အနေဖြင့် တပ်မတော်အပေါ် ဤမျှအထိ ပြောဆို
စော်ကားခဲ့ခြင်းမှာ လုံးဝမဖြစ်သင့်ဘဲ အထူးသဖြင့် ယခုကဲ့သို့
တိုင်းရင်းသားလက်နက်ကိုင်အရေး ဆွေးနွေးနေသည့်ကာလများတွင် ပိုမိုဆင်ခြင်သင့်သည်။

တကယ်တော့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်
စစ်မဖြစ်ချင်ဆုံးသူက စစ်သားတွေပဲ၊ ရှေ့တန်းမှာ ခြေပြတ်လက်ပြတ်ဖြစ်တာတွေ၊ မြို့ပြ ပြည်ရွာ
ပျက်စီးတာတွေကို မမြင်ချင်ဆုံးသူတွေက စစ်သားတွေပဲဖြစ်မယ် ဆိုတာကတော့
တပ်မတော်သားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးအသိဆုံးဖြစ်မှာပါ။ မသိတော့ဘူးဆိုရင်လည်း
ကိုယ့်နဖူးကိုယ် တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်လိုက်ပါတော့လို့သာ ပြောလိုက်ချင်တယ်
တကယ်...သတင်းကြားကြားချင်း သူလိုလူတစ်ယောက်က ဒီလိုမျိုးပြောတယ်ဆိုတာ
ယုံတောင်မယုံနိုင်ဘူးဟု တပ်မတော်တွင် အနှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သည့်
ညွန်ကြားရေးမှူးတစ်ဦးမှလည်း ရင်ဖွင့်ပြောဆိုခဲ့သည်။

လူဆိုတာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူသင့်တယ်။ တာဝန်မယူနိုင်ဘဲ မပြောတာ
အကောင်းဆုံးပဲ။ အခုဦးအောင်မင်းပြောလိုက်တာဟာ တို့ တပ်မတော်တစ်ခုလုံးကို
စော်ကားလိုက်တာပဲ ၊ တပ်မတော်တစ်ခုလုံးကို စော်ကားလိုက်ရုံတင်မကဘူး ကျဆုံးလေပြီးတဲ့
တပ်မတော်သားအပေါင်းကိုလည်း စော်ကားလိုက်တာပဲလို့ ခံစားရတယ်၊
ဦးအောင်မင်းအနေနဲ့ သူပြောခဲ့တဲ့ စကားအပေါ်မှာ တာဝန်ယူဖြေရှင်းသင့်တယ်။

သူလည်း စစ်တပ်ကထွက်သွားတဲ့လူတစ်ယောက်ပဲ၊ တပ်မတော်ကျေးဇူးတွေအများကြီးပါ ၊
အခြားတစ်ဖက်မှာလည်း ဦးအောင်မင်းက သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်တဲ့အတွက်
သမ္မတကြီးအနေနဲ့လည်း သူ့လက်အောက်ကလူတွေ နောက်နောင်ဒီလိုမျိုး 
လက်လွတ်စပါယ်ပြောဆိုတာမျိုးတွေ မဖြစ်ရအောင် ၀င်ရောက်ထိန်းသိမ်းသင့်တယ်။ 
ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သမ္မတကြီးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့်လည်း သွယ်ဝိုက်သက်ဆိုင်နေတယ်၊ သမ္မတကြီး  သဘောထားကရော ဒီလိုပဲရှိလို့ ၀န်ကြီးက ဒီစကားပြောရတာလားဆိုတာကလည်း
စဉ်းစားစရာဟု တပ်မတော်အရာရှိကြီး တစ်ဦးမှ မှတ်ချက်ပြုခဲ့သည်။


အလားတူ အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးမှလည်း ၄င်း၏
လူမှုကွန်ယက်စာမျက်နှာတစ်ခုတွင် စွမ်းရည် ဘွဲ့ ဆိုတာ ဘာလဲ
ရှေ့ တန်း စစ်မြေပြင်မှာ …ဒါမှမဟုတ် အခြေအနေတစ်ခုမှာ
ကိုယ့် အသက်ကို ပဓာန မထားဘဲ တိုင်းပြည် အတွက် တာဝန် နှင့် ဝတ္တရားအတွက်
မိမိ ရဲဘော် ရဲဘက်များ အတွက် လူသာမန်တို့  လုပ်နိုင်ခဲတဲ့  ရဲဝံ့ စွန့် စားမှုမျိုးကို
အံသြဘနန်း လုပ်ဆောင်သွားတဲ့ သူတွေကို ပေးအပ် ချီးမြှင့်တဲ့  ဘွဲ့ ထူးဂုဏ်ထူးတွေ ဖြစ်တယ်။

ဒီထက်ရှင်းအောင် ပြောရမယ်ဆိုရင်တော့ …စွမ်းရည်ဘွဲ့ တွေဟာ …
လူတစ်ဦးချင်းရဲ့  ရဲစွမ်းသတ္တိ နဲ့  ပြည့်စုံတဲ့  …စွမ်းဆောင်မှု လုပ်ရပ်တွေအပေါ် မူတည်ပြီး …
ဘွဲ့ တံဆိပ် ချီးမြှင့်တာ ဖြစ်ပါတယ် …ဘယ်မှာ မို့ လို့  …
ညာမှာ မို့ လို့ ဆိုတဲ့  ကိစ္စတွေ နဲ့  မဆိုင်ပါဘူး …

ဥပမာပြောရရင် …
ဒီနှစ် သီဟသူရဘွဲ့ ရရှိသွားတဲ့ ဆရာအောင်သိန်းဟာ …
ရန်သူ့ လက်ပစ်ဗုံး ပေါ်ကို …သူ့ ရင်ဘတ် နဲ့  ၀မ်းလျှားဝင်မှောက်ပြစ်လိုက်ပြီး …
ကျန်တဲ့ အရာရှိ စစ်သည် ...သူ့  ရဲဘော်ရဲဘက်တွေ မထိခိုက်စေဖို့ …
သူ့ အသက်ကို စွန့် သွားခဲ့ပါတယ် …

ကောင်းပါပြီ …..ဒီလက်ပစ်ဗုံးဟာ ကေအိုင်အေ ကပစ်တဲ့  လက်ပစ်ဗုံးမို့ လို့ 
ဆရာအောင်သိန်း ဒီလို လုပ်တာလား … ?ကေအန်ယူ က ပစ်ရင်ရော ဒီလို မလုပ်တော့ဘူးလား …?
ဘင်္ဂလားဒေ့ရှ် က ပစ်တဲ့  လက်ပစ်ဗုံး ဆိုရင်ရော ….? တရုတ် က ပစ်တာ ဆိုရင် ရော …?

ဆရာအောင်သိန်း ရဲ့ စိတ်ထဲမှာ ဘယ်အဖွဲ့ က ပစ်တဲ့  လက်ပစ်ဗုံးမှ ၀င်မှောက်မယ် ….
ကျန်တဲ့ သူ ပစ်တာဆို သူ ဒီလိုမလုပ်ဘူးလို့  ဆုံးဖြတ်ထားပါ့မလား… ???

ဒါ ဦးနှောက်ရှိတဲ့ သူတိုင်း …စဉ်းစားတတ်တဲ့  ကိစ္စပါ ….

ပြည်တွင်းစစ် ပဲ ဖြစ်ဖြစ် …ပြည်ပ စစ်ပဲ ဖြစ်ဖြစ် …
စစ်သားတွေကတော့ ….သူ့ တာဝန်ကို သူ ကျေအောင် ထမ်းဆောင်မှာပါပဲ ….

ဒီလို တာဝန်ထမ်းဆောင်တဲ့  နေရာမှာ …အသက်ကို ပဓာန မထားပဲ ….
သူရသတ္တိအပြည့်  နဲ့ ရဲ ၀ံ့ စွန့် စားစွာ…တာဝန် ထမ်းဆောင်တဲ့ သူတွေကို လဲ
စွမ်းရည်ဘွဲ့ တွေ ချီးမြှင့်ပေးရမှာ ဓမ္မတာပါပဲ …

ဒါကို ပြည်တွင်းစစ်မို့ လို့  ....ပြည်ပစစ် မဟုတ်လို့  ....
စွမ်းရည်ဘွဲ့ မချီးမြှင့်သင့်ဘူးပြောတဲ့  သူဟာ ...ခေါင်းထဲမှာ ဦးနှောက် မရှိပဲ .....
ဘာရှိနေသလဲ ဆိုတာကို ....စဉ်းစားလို့ မရနိုင်အောင်ပဲ ဖြစ်ရပါတယ် ...

တည့် ပြောရရင် ...စစ်သား လုပ်ခဲ့ပြီး ...
အမေရိကန် ပြည်တွင်းစစ်ကာလမှာ ....ရဲစွမ်းသတ္တိ ဆုတံဆိပ်ပေါင်း ...
၁၅၂၂ ခု ချီးမြင့်ခဲ့တယ် ဆိုတာတောင် မသိတဲ့  ....စစ်သားဟောင်း ၀န်ကြီး အတွက် ....
စစ်သမိုင်းပြတိုက် နောက်ဖေးမှာ ...နောင်လာနောက်သားတွေ သိအောင် ...
အမှားသရုပ်ပြ ကျောက်ရုပ်ထုပြီး ဂုဏ်ပြုသင့်ပါတယ် ...။

တစ်လက်စတည်း ဆက်ပြောရရင် ....

တပ်မတော်သားတွေ နေ့ စဉ်ဆိုရတဲ့  ….
သစ္စာဓိဋ္ဌာန် လေးချက်ထဲက ဒုတိယအချက် ဟာ …
ငါတို့ သည် ….
ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို …
စောင့်သိရိုသေပါမည် …
ဆိုတဲ့ အချက် ဖြစ်ပါတယ် …

ကောင်းပါပြီ ….
သစ္စာဆိုတာ ဘာလဲ ….
သစ္စာဆိုတာကို ...
အားလုံးနားလည်အောင် အဓိပ္ပာယ်ဖွင့်ရင် …
မှန်သော ၊ စောင့်ထိန်းအပ်သော တရား လို့  …
အဓိပ္ပာယ် ဖွင့်ရမယ် ထင်ပါတယ် ….

ငါတို့ သည် ….
ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို ….
စောင့်သိရိုသေပါမည်ဆိုတဲ့  စကားဟာ တိုင်းပြည် နဲ့  တပ်မတော် အပေါ် ....
ထားရှိတဲ့ သစ္စာကို မဖောက်ဖျက်ဘဲ အသက်ကိုသာ အသေခံသွားကြတဲ့ ….
ခေတ်အဆက်ဆက်က တပ်မတော်သားတွေရဲ့  သစ္စာတရားကို ….
လေးစားပါမယ် ထောက်ထားပါမယ် ရိုသေပါမယ် သူတို့ နည်းတူ …
တိုင်းပြည် နဲ့  တပ်မတော် အပေါ် သစ္စာရှိပါမယ်လို့  ဆိုလိုတာ ဖြစ်ပါတယ် …

ဒီစကားဟာ ဘာ မှားပါသလဲ ….

စစ်သားဟာ ….တာဝန် နဲ့  ၀တ္တရားကို အမြဲ ဦးစားပေးရပါတယ် …
ပြည်တွင်းစစ်ပဲ ဖြစ်ဖြစ် …ပြည်ပစစ်ပဲ ဖြစ်ဖြစ် …ကေအိုင်အေ ပဲ ဖြစ်ဖြစ် ….
ဘင်္ဂလားဒေ့ရှ် ပဲ ဖြစ်ဖြစ် ….အမိန့် ပေးရင်တော့ သွားတိုက်ရမှာပါပဲ …

စစ်သားတွေဟာ …တိုင်းပြည် အပေါ် ….တပ်မတော် အပေါ် သစ္စာမရှိရဘူးလား…
အမိန့် နဲ့  တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး ....အသက်ပေးသွားကြတဲ့  …..
ခေတ်အဆက်ဆက်က ....တပ်မတော်သားတွေရဲ့ သစ္စာတရားကို ….
မလေးစားရဘူးလား …မရိုသေရဘူးလား….

ဒါ ကချင်စစ်နဲ့  ဘာဆိုင်လဲ …ဒါ ပြည်တွင်းစစ် နဲ့  ဘာဆိုင်သလဲ ….

မဆိုင်တဲ့ အပေါက်ကို ဂလိုင်နဲ့  ခေါက်ရင်တော့ ….
ခင်ဗျား ဇာတ်ထဲမှာသာ …၀န်ကြီး သွားလုပ်ပါတော့ လို့  …
တပ်မတော်သား အားလုံးကိုယ်စား ပြောလိုက်ချင်ပါတာ့တယ်ဟု လူသိရှင်ကြားဝေဖန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာတော့ ၀န်ကြီးဦးအောင်မင်းပြောခဲ့သော စကားအပေါ်
တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံးမှ ပြင်းထန်စွာ အမျက်ထွက်လျက်ရှိပြီး ထိုစကားအား
ဝန်ကြီးဦးအောင်မင်းအနေဖြင့် အမှန်တကယ်ပြောခဲ့သလား၊ ပြောခဲ့သည်ဆိုလျှင်
ဝန်ကြီးအနေဖြင့်  ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်းနှင့်တကွ
တပ်မတော်တစ်ရပ်လုံးအပေါ် ၄င်းစော်ကားခဲ့သော စကားနှင့်ပတ်သက်၍ မည်သို့မည်ပုံ
တောင်းပန် ဖြေရှင်းမည်၊ မဖြေရှင်းပဲ ရေငုံနှုတ်ပိတ်နေမည်လား ဆိုသည်ကတော့  အသေအချာ
စောင့်ကြည့်ရတော့မည်မှာ အမှန်ပင်ဖြစ်သည်။


ကေအင်န်ယူထိန်းချုပ်နယ်မြေများအပါအဝင် ဆက်စပ်နေရာများရှိ တပ်မတော် စခန်းများ ပြန်လည်ဆုတ်ခွာပေးမည်





ရန်ကုန်၊ ဇွန် ၁၀ 

ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ) ထိန်း ချုပ်နယ်မြေများအပါအဝင်ဆက် စပ်နေသည့် ဒေသများ အတွင်းရှိ တပ်မတော်စခန်းများကိုပြန်လည် ဆုတ်ခွာပေးမည်ဖြစ်ကြောင်း အစိုး ရနှင့် ကေအင်န်ယူတာဝန်ရှိသူတို့က အတည်ပြုပြော ကြားသည်။


ကရင်ပြည်နယ်နေရာအနှံ့အ ပြား ရှိ စေတီပုထိုး၊ ဘုရားရှိခိုးကျောင်း တို့နှင့် လူနေဧရိယာအနီးတစ်ဝိုက် စခန်းချထားသည့် တပ်မတော် စခန်း များ ကို နေရာရွှေ့ပြောင်းပေးရန်အတွက် ကေအင်န်ယူဥက္ကဋ္ဌနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ဆုံစဉ်ဆွေး နွေး ခဲ့သည့်အတွက် တပ်မတော်ဘက် မှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော် သမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ကပြောသည်။

''ကေအင်န်ယူကတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကလက်ခံပါတယ်။ ဒါကလဲ ကေအင်န် ယူအနေနဲ့ အပစ်ရပ်နှစ်နှစ်တာကာ လအတွင်းစည်းကမ်းရှိရှိသေသေ ဝပ်ဝပ်နေပြီး ယုံကြည်မှုတည်ဆောက် နိုင်တာရဲ့ရလဒ်ပါပဲ''ဟု ဦးရဲထွဋ်က ပြောသည်။

ကရင်အမျိုးသားအစည်း အရုံး (ကေအင်န်ယူ)လက်အောက်တွင် တပ်မဟာ ခုနစ်ခုနှင့် နယ်မြေခုနစ်ခုရှိ ပြီး ယင်းနယ်မြေနှင့် ထိစပ်ဒေသများ တွင် တပ်မတော် တပ်စခန်းများက ဆယ်စုနှစ်ပေါင်းများစွာ တပ်စွဲထား ပြီး လူနေကျေးရွာများ၊ ဘုရား ကျောင်း များနှင့် စေတီပုထိုးများအ တွင်းတွင် ပါတပ်စွဲထားခဲ့မှုများရှိခဲ့ ကြောင်း ကေအင်န်ယူက ဆိုသည်။

''ကာကွယ်ရေးဦးစီးချုပ်က စစ် တိုင်းတွေကိုစာထုတ်ပေးမယ်ပြော တယ် ။ ကေအင်န်ယူရဲ့သက်ဆိုင်ရာ တပ်မဟာတွေအလိုက် စစ်တိုင်းတွေ နဲ့ညှိနှိုင်းပြီး တပ်စခန်းတွေရုပ်သိမ်း ဖို့အရေးဆောင်ရွက်သွားမှာပါ''ဟု အမည်မဖော် လိုသည့် ကေအင်န်ယူ အဆင့်မြင့်အရာရှိတဦးက ဒီမိုကရေစီ တူဒေးသို့ အတည်ပြုပြော ဆိုသည်။

ကေအင်န်ယူ ကရင်အမျိုး သား အစည်းအရုံးသည် နှစ်ပေါင်း ၆၀ ကြာ အစိုးရနှင့်တိုက်ခိုက်နေသည့် တိုင်း ရင်းသား လက်နက် ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနစ်တွင် အစိုးရနှင့်အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေး ထိုးခဲ့ သည်။

ကရင်အမျိုး သား အစည်းအရုံးသည် (ကေအင်န် ယူ)ကရင်ပြည်နယ်အတွင်း တွင်သာမ ကမွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်းတို့တွင်လည်း တပ်စ ခန်းနှင့် ထိန်း ချုပ်နယ်မြေများရှိနေပြီး ယခုသဘော တူညီချက်မှာ အဆိုပါ တိုင်းနှင့် ပြည်နယ် များအတွက်ပါအကျုံးဝင်ကြောင်း လည်း ကေအန်ယူ ဘက်မှစုံစမ်းသိရ သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် လျှပ်စစ်လွှတ်ကာ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်




မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံထားမှုကို တွေ့ရစဉ်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် လျှပ်စစ်လွှတ်ရန် စီစဉ်ထားကြောင်း စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး မြေပြင်ထိစပ်မှု ၁၆၈ မိုင်အထိရှိသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မှု လုပ်ငန်းစဉ်များမှာ သုံးပုံနှစ်ပုံခန့်သာ အပြီးသတ်နိုင်သေးကြောင်း သိရသည်။

၎င်းအပြင် မောင်တောဒေသတွင် ၂၀၁၅ ရောက်မှသာ လျှပ်စစ်မီး အပြည့်အ၀ရရှိမည် ဖြစ်သည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတစ်လျှောက် လျှပ်စစ်လွှတ်မှု လုပ်ငန်းစဉ်မှာ နှစ်အနည်းငယ် ကြာမြင့်နိုင်ကြောင်း စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူက “ကျွန်တော်တို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို လျှပ်စစ်လွှတ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ အားနည်းချက်ဖြစ်နေတဲ့ လျှပ်စစ်မီး အပြည့်အ၀ မရရှိသေးတာကြောင့် နည်းနည်းတော့ အချိန်ကြာမြင့်နိုင်တာပေါ့။ ရှိပါတယ်။ စီစဉ်ထားပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ နယ်စပ်ခြံစည်းရိုးကို အဆင့်မြှင့်တင်ကာ လုံခြုံရေးဆောင်ရွက်ရန် စီစဉ်ထားခြင်းမှာ ခိုးသွားလာမှု များပြားခြင်းနှင့် နယ်စပ်ပြဿနာများ ဖြစ်ပေါ်လာခြင်းကို ဖြေရှင်းနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နယ်စပ်ခြံစည်းရိုး ပျက်စီးမှုများမှာ တစ်နှစ်လျှင် အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားနေပြီး တောဆင်းရိုင်းများနှင့် လူများ ခိုးဝင်သွားလာမှုများကြောင့် ဖြစ်ကြောင်း၊ လတ်တလော ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် ဌာနပေါင်းစုံမှ လုံခြုံရေးဆောင်ရွက်မှုများဖြင့် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်မှု လုပ်ငန်းစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဘီလျံ ၆၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ RSO လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်မှုကြောင့် နယ်စပ်ခြံစည်းရိုး တည်ဆောက်နေသည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တစ်ဦးမှာ ဖြစ်စဉ်နေရာအတွင်း သေဆုံးခဲ့ပြီး သုံးဦးမှာ ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်အထိ မည်သည့်အကြောင်းကြားမှု တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရသည်

- Eleven

"ပြည်သူကိုယုံသည်.. သို့သော် ဒေါ်စုကိုမယုံ" ~ ရဲဘော် မောင်သောင်း (အပိုင်း-၁)

မေလ ၁၇ ရက်နေ့ တာမွေမြို့ ဗိုလ်စိန်မှန်အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး” လို့ သွေးခွဲစကား ပြောခဲ့ပါတယ်။ ပြီးတော့ “တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိပါဘူး.” လို့ ရှေ့နောက်မညီ ပြန်ပြောပါတယ်။ 

တပ်မတော်နဲ့ ပြည်သူ တစ်ဖက်နဲ့ တစ်ဖက် မယုံကြဘူးဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် ဘယ်အထောက် အထားနဲ့ ပြောလဲဆိုတာ ပထမဆုံး မေးခွန်း ထုတ်ချင်ပါတယ်။ ပြည်သူကို မယုံဘူးလို့ တပ်မတော်သား ဘယ်နှယောက်က ဒေါ်အောင်ဆန်း စုကြည်ကိုသော်လည်းကောင်း၊ မီဒီယာမှတဆင့်သော်လည်းကောင်း၊ ၎င်းတို့ကိုယ်ပိုင် Social Network များမှ သော်လည်းကောင်း ပြောဆိုခဲ့ဖူးတာ ရှိခဲ့ဖူးပါသလား။ ရှိလျှင် အထောက်အထားပြပေးပါ။ မရှိရင်တော့ စွပ်စွဲပြောဆိုမှုအတွက် သိက္ခာရှိရှိ တောင်းပန်စေချင်ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ တပ်မတော်သားတွေ မယုံတာက ပြည်သူကို မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ မယုံကြည်တာပါ။ 


တပ်မတော်သားတွေက ပွင့်ပွင့်လင်းလင်းပြောရဲပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် နဲ့ တစ်ဖက်က အမျိုးသားရင်ကြားစေ့ရေး အော်ပြီး တဖက်မှာ ဗမာပြည်သူ၊ တိုင်းရင်းသားပြည်သူနဲ့ တပ်မတော်တို့အကြား သွေးခွဲနေတာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ NLD ကြားမှာ ရင်ကြားစေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတာ ဦးခင်ညွန့် လက်ထက်ကတည်းကပါ။ ဒါပေမယ့် အခုထိ ဘာကြောင့် မအောင်မြင် သေးတာလည်းဆိုတာ အဖြေက ရှင်းပါတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ အယုံအကြည် မရှိလို့ပါပဲ။ အရင်ကလည်း အယုံအကြည်မရှိခဲ့သလို အခုထိလည်း အယုံအကြည်မရှိပါဘူး။ 


လူတွေရဲ့ ယုံကြည်ခြင်း မယုံကြည်ခြင်းဆိုတာ ကာယကံရှင်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ လုံးလုံးလျားလျား မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ယုံကြည်ရလောက်တဲ့ အရည်အချင်း မရှိတာကြောင့် နဲ့ အခြေခံစိတ်ဓာတ် ညံ့ဖျင်းတာကြောင့် မယုံကြည်ရတာပါ။  ပုဂ္ဂိုလ်ရေးမုန်းတီးလို့မဟုတ်ပါဘူး။ မယုံကြည်ရတဲ့ အထောက်အထားတွေ ရှိပါတယ်။ တစ်ခုချင်း အဆင့်လိုက်ပြောပြပါမယ်။


နံပါတ် (၁) အချက်အနေနဲ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင် တစ်ဦးတည်းက မွေးဖွားလာသူတွေဖြစ်ပါတယ်။ တပ်မတော်သားတွေက မောင်နှမလိုသော်လည်းကောင်း၊ မိခင်တစ်ယောက်လိုသော်လည်းကောင်း ဆက်ဆံကြပါတယ်။ တပ်မတော်သား မိသားစုဝင်များရဲ့ အိမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေပါတဲ့ ပြက္ခဒိန်တွေရှိပါတယ်။ ဂျာနယ်အပိုင်းအစလေးတွေ ကပ်ထားတာရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေအပေါ် မောင်နှမလိုလည်း သဘောမထားခဲ့သလို မိခင်လိုလည်း သဘောမထားပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်တွင်းမှ တပ်မတော်သားများ ပင်ပန်းဆင်းရဲမှု၊ ထိခိုက်သေဆုံးမှုတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းမျက်နှာကို ငဲ့ကွက်ပြီး တစ်ကြိမ်တစ်ခါတောင် ပြန်မကြည့်ခဲ့ဖူးပါဘူး။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်က စစ်သားလေးတွေ အစဉ်ပြေရဲ့လား ဆိုတဲ့ စိတ်မျိုးနဲ့ မေးမြန်းကူညီပေးခဲ့တာမျိုး လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၉ နှစ်အတွင်းမှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ လူရှေ့ရောက်တိုင်း ပါးစပ်က ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားကိုတော့ မနားတမ်းပြောနေပါတယ်။ ဒီတော့ တပ်မတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်နိုင်စရာရှိပါသေးသလား?? 


အပိုင်း (၂) အား http://www.myanmarexpress.net/2014/05/blog-post_6976.html တွင် ဖတ်ရှုနိုင်ပါသည်။

အပိုင်း (၃) အား http://www.myanmarexpress.net/2014/05/blog-post_8719.html တွင် ဖတ်ရှုနိုင်ပါသည်။

.. www.MyanmarExpress.net
 

လက်နက်ပြတိုင်း ခြိမ်းခြောက်တာမဟုတ်



ပြီးခဲ့တဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ မြန်မာ့တပ်မတော်အနေနဲ့ သံချပ်ကာကားများ၊ ဒုံးလက်နက်များ၊ ယာဉ်တင်အမြောက်များ၊ တိုက်လေယာဉ်များကု ထည့်သွင်းပြသသွားတာတွေ့ရပါ တယ်။အဆိုပါ စစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ရဲ့ ခေတ်မီလက်နက်တွေထည့်သွင်းပြသ ခဲ့တဲ့အပေါ်ပြည်တွင်း မီဒီယာတစ်ခုက လက်နက်တွေပြပြီး တိုင်းရင်းသားတွေကိုခြိမ်းခြောက်နေတာ လား ဆိုပြီးဝေဖန်ရေးသားသွားတာ တွေ့ရပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့တိုင်းရင်းသားတွေ အပေါ် လက်နက်အားကိုးနဲ့ ခြိမ်းခြောက်နေသလား၊ အနိုင်ကျင့်နေသလား ဒါမှ မဟုတ် ခေတ်မီ လက်နက်တွေကိုဘယ်လိုသဘောနဲ့ ထုတ်ဖော်ပြသခဲ့တာလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားပါမယ်။

အရင်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွေမှာ မြန်မာ့တပ်မတော်အနေနဲ့ တပ်မတော်သား တွေသာလမ်းလျှောက် စစ်ရေးပြခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၆၈ နှစ်မြောက်ကစလို့ ခေတ်မီ လက်နက်တွေ၊ ကားတွေ၊ လေယာဉ်တွေ ထည့်သွင်းပြသခဲ့တာ ယခုဆို ၂ နှစ်ရှိပါပြီ။ ဒီလိုပြသတဲ့ အပေါ်မှာ တပ်မတော်ကလက်နက်ပြပြီး တိုင်းရင်းသားတွေကို ခြိမ်းခြောက်တာလို့ ဆိုလို့မရပါဘူး။ နိုင်ငံတကာက တပ်မတော်နေ့အခမ်းအနားတွေမှာ တပ်ဖွဲ့ပေါင်းစုံ၊ လက်နက်ပေါင်းစုံ၊ ကား၊ လေယာဉ်ပေါင်းစုံနဲ့စစ်ရေးပြခဲ့ကြတာ အလွန်ကြာပြီ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ကတော့ တပ်မတော်နေ့အခမ်းအနားကို အရင်က ရန်ကုန်မှာ ကျင်းပနေရာကနေ နေပြည်တော်သို့ပြောင်းရွေ့ ကျင်းပပြီးနောက်ပိုင်းမှာမှ ကျင်းပတဲ့ နေရာကျယ်ဝန်းတာကတစ်ကြောင်း လုံခြုံမှုရှိတာက တစ်ကြောင်းတို့ကြောင့် ယခုလို ခေတ်မီလက်နက်တွေကို ထည့်သွင်းပြသလာတာပဲ ဖြစ်ပါတယ်။

တပ်မတော်ဟာ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါမှာ ယခုပြသခဲ့တဲ့ ခေတ်မီလက်နက်တွေကို တစ်ကြိမ်တစ်ခါမှ အသုံးမပြုကြောင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။အနီးစပ်ဆုံး ကချင်နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ တပ်မတော်အနေနဲ့ အဆမတန် အစွမ်းထက်တဲ့ လက်နက်ကြီးတွေကို အသုံးမပြုခဲ့ဘူးလို့ ဆိုရပါမယ်။ လက်နက်ကြီးတွေရဲ့ တန်ဖိုးဟာ ဒေါ်လာသိန်းချီတန်ရုံမက ဒီလက်နက်တွေနဲ့ တိုက်မယ်ဆို အတိုက်ခံရသူအနေနဲ့ စိစိညက်ညက်ကြေကုန်မှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ လက်နက်ကြီးတွေကို မဖြစ်မနေသုံးမှရမဲ့ အခြေအနေမှာတောင် အလယ်အလတ်အဆင့်ရှိတဲ့ သမားရိုးကျ ၁၂၀ မမ ၇၆ မမ အမြောက်တွေသာ အသုံးပြုခဲ့ပါတယ်။



ဘာလို့အစွမ်းထက်တဲ့ လက်နက်တွေကို ရှိလျက်သားနဲ့ မသုံးတာလဲလို့ မေးခွန်းထုတ် လာရင်ရှင်းရှင်းလေးပါ။ တိုင်းရင်းသားလက်နက်ကိုင်ဆိုတာ ကိုယ့်လူမျိုးပါပဲ။ လူမျိုးခြားမဟုတ် ပါဘူး။ပြည်ပကျူးကျော်သူ မဟုတ်ပါဘူး။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး ကြီးပြင်း လာကြတဲ့ကိုယ့်မြန်မာလူမျိုးတွေပါပဲ။ မတူကွဲပြားတဲ့ အယူအဆတွေကြောင့် အခန့်မသင့်လို့ တိုက်ရ ခိုက်ရပေမဲ့ကိုယ့်မြန်မာလူမျိုးခြင်းဆိုတဲ့ အသိကြောင့် ထိန်းထိန်းသိမ်းသိမ်းနဲ့သာ တိုက်ခိုက်ရခြင်း ဖြစ်ပါတယ်။တပ်မတော်နေ့မှာ ပြသခဲ့တဲ့လက်နက်တွေနဲ့သာ တိုက်မယ်ဆို ခံရသူတွေဟာ ခဏအတွင်း ပျောက်ခြင်းမလှပျောက်ပြီး လူမျိုးတုန်းကုန်မှာ ဖြစ်ပါတယ်။ ဘာလို့ ဒီလိုဆိုရလဲဆိုတော့ တပ်မတော်နေ့မှာ ပြသခဲ့တဲ့ လက်နက်တွေရဲ့ စွမ်းပကားဟာ ပြည်တွင်းတိုက်ပွဲတွေအတွက် မဟုတ်ပါဘူး။ပြည်ပကျူးကျော်စစ်ကို ခုခံကာကွယ်နိုင်တဲ့ စွမ်းအားအပြည့်ရှိတဲ့ လက်နက်တွေသာ ဖြစ်ပါတယ်။ဒီလက်နက်တွေ ဘယ်လောက်အစွမ်းထက်လဲဆိုတာ တပ်မတော်နဲ့ ပတ်သက်တဲ့ Social Media တွေမှာ တင်ပြထားတာတွေကို လေ့လာရပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တွေပဲသေသေ၊ စစ်သားပဲသေသေ ဘယ်သူသေသေ မြန်မာတစ်ယောက်သေတာပဲ ဖြစ်တယ်ဆိုတဲ့ အသိမျိုး၊ အတွေးမျိုး တပ်မတော်မှာ လည်းရှိပုံပေါ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဦးသိန်းစိန်က စစ်ဘက်က သမ္မတဖြစ်လာတာပါ။ ဒါကြောင့်လည်း မလွှဲသာလို့ တိုက်ပွဲဖြစ်ရရင်တောင် လိုအပ်တဲ့ ပမာဏလောက်သာ သက်ညှာစွာ အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။တပ်မတော်နေ့မှာ ပြသသွားတဲ့ ၁၅၅ မမ လို လက်နက်မျိုး၊ ဒါမှမဟုတ် ၂၄၀ မမ လို လက်နက်မျိုးတွေနဲ့သာ ပစ်ခတ်တိုက်ခိုက်ခဲ့မယ်ဆို ဒါမှမဟုတ် K-8 လို အမောင်းသင်လေယာဉ်တွေကို မသုံးခဲ့ဘဲ တိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ တပ်မတော်နေ့မှာ ပြခဲ့တဲ့ MIG-29 တွေကိုသာ သုံးခဲ့မယ်ဆို တောင်တစ်လုံးကိုတောင် ခဏအတွင်း မြေမှုန့်ဖြစ်သွား စေနိုင်တဲ့ ဒီလက်နက်တွေ စွမ်းအားကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်ပါဘူး။



ဘယ်လက်နက်ကိုင်အဖွဲ့ မဆို တပ်မတော်အနေနဲ့ တစ်ပတ်အတွင်း အပြုတ်တိုက်လို့ ရတယ်ဆိုတဲ့ စကားတွေလည်း ပေါ်ထွက်လာဖူးပါတယ်။ ဒီစကားဟာ တပ်မတော်ရဲ့ အင်အားတောင့်တင်းမှု၊ ခေတ်မီလက်နက်တွေပိုင်ဆိုင်မှုတွေအပေါ် မူတည်ပြီး ပေါ်ထွက်လာခြင်းလို့ သုံးသပ်လို့ရပါတယ်။ ဒါပေမဲ့ ဘယ်လက်နက်ကိုင်အဖွဲ့မှ အပြုတ်တိုက်မခံရဘဲ ယခုလို ငြိမ်းချမ်းရေးစကားဝိုင်းအပေါ် တက်လာနိုင်တာဟာ တပ်မတော်ဟာ ဘယ်လို သဘောရှိလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ ဘယ်သူသေသေ မြန်မာတစ်ယောက်သေတာပဲ ဆိုတဲ့ကိုယ်ချင်းစာ စိတ်ရှိတဲ့ တပ်မတော်အနေနဲ့စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်တာခေတ်မီလက်နက်တွေပြသတာ တွေဟာ တိုင်းရင်းသားတွေအပေါ် ခြိမ်းခြောက်လိုခြင်း မဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။ ဒါဆို ဘာလို့ပြလဲလို့မေးလာရင် သုံးသပ်တင်ပြပါ့မယ်။ တပ်မတော်နေ့လို စစ်ရေးပြအခမ်းအနားတွေမှာ မိမိပိုင်ဆိုင်တဲ့ လက်နက်တွေကို ထုတ်ဖော်ပြသတာဟာ နိုင်ငံတိုင်းလိုလို ပါပဲ။ ပြသရခြင်းရည်ရွယ်ချက် တွေလည်းရှိပါတယ်။ ခေတ်မီလက်နက်တွေကို ပြသခြင်းအားဖြင့် အင်အားကြီးနိုင်ငံအဖြစ် တခြားနိုင်ငံတွေကသတိပြုမိစေလာသလို၊ အကျိုးအားဖြင့် ကိုယ့်ရေမြေ အချုပ်အခြာအာဏာကို ထိပါးလာမဲ့ ဘေးအန္တရာယ်ကနေ အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။ 

ဒါ့အပြင် ကိုယ့်နိုင်ငံရဲ့ တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကိုလည်း တိုးပွားစေပါတယ်။ ကိုယ့်နိုင်ငံမှာ ဒီလိုလက်နက်တွေရှိနေသရွေ့ တပ်မတော်ရဲ့ စွမ်းရည်ထက်မြက်နေသရွေ့ ကိုယ့်နိုင်ငံအပေါ် မည်သည့်နိုင်ငံကမှ အလွယ်တကူ မကျူးကျော်နိုင်ဘူးဆိုတဲ့ ဂုဏ်ယူတဲ့ စိတ်တွေ ပြည်သူတွေ အပေါ်မှာတဖွားဖွား ပေါ်ပေါက်လာစေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေအနေနဲ့တပ်မတော်နေ့ လိုစစ်ရေးပြအခမ်းအနားတွေမှာ မိမိပိုင်ဆိုင်တဲ့ ခေတ်မီလက်နက်တွေကို ထုတ်ဖော်ပြသကြတာ မဆန်းပါဘူး။


တရုတ်နိုင်ငံ၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် လက်နက်များပြသနေစဉ်

မြန်မာ့တပ်မတော်အနေနဲ့ ယခုလို ခေတ်မီလက်နက်တွေ ထုတ်ဖော်ပြသလာခြင်းအပေါ် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဂုဏ်ယူကြဖို့လိုပါတယ်။ တပ်မတော်အတွက် ရရှိတဲ့ ဘတ်ဂျက်တွေ အပေါ်မှန်မှန်ကန်ကန် အသုံးပြုတဲ့ အကျိုးရလဒ်အနေနဲ့ ယခုလို လက်နက်အင်အား တောင့်တင်း လာတာလို့ မြင်ဖို့ လိုပါတယ်။ ပွင့်လင်းလာတဲ့ တပ်မတော်အပေါ်ကြိုဆိုကြဖို့ လိုပါတယ်။ လက်နက်တွေပြတာနဲ့ ခြိမ်းခြောက်တယ်လို့ စွပ်စွဲလို့ မရပါဘူး။ တပ်မတော်သာ အစွမ်းထက်တဲ့ လက်နက်တွေကိုအသုံးပြုချင်စိတ်ရှိမယ်ဆို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယခုလို ငြိမ်းချမ်းရေးခရီးလျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့မှာ မဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် တွေ အနေနဲ့လည်း တပ်မတော်ရဲ့ သဘောထားအမှန်ကို နားလည်လာပြီး ငြိမ်းချမ်းရေးလိုချင်စိတ်ရှိတဲ့ တပ်မတော်ကို ယုံကြည်လာကြပြီ ဖြစ်ပါတယ်။

တိုးတက်ခေတ်မီလာတဲ့ ခေတ်ကြီးမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခေတ်မီလက်နက်တွေ တီထွင်လာတာ၊ ပြသလာတာ၊ စစ်ရေးလေ့ကျင့်ခန်းတွေ လေ့ကျင့်လာကြတာကို တွေ့ရပါမယ်။ အင်အားကြီး နိုင်ငံတွေကြားထဲမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့တပ်မတော်
က ခေတ်မီလက်နက်တွေကို ပြသတာ၊ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်တာဟာ တိုင်းရင်းသားတွေအပေါ်ခြိမ်းခြောက်တာလား၊ ဒါမှမဟုတ် ကိုယ့်နိုင်ငံရဲ့ စစ်အင်အားကို တောင့်တင်းခိုင်မာကြောင်း ပြသပြီးပြည်ပမှ ရန်လိုသူတွေရဲ့ ရန်ကို ကာကွယ်လိုသည့်အနေဖြင့် ပြသတာလား ဆိုတာအထက်က တင်ပြခဲ့တဲ့အချက်တွေကို ကြည့်ပြီး ဝေဖန်ပိုင်းခြားနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဓာတ်ပုံ။ အင်တာနက်

ကိုရင်သာဗြော(ပတ္တမြားမြေ)

အင်အားတစ်သိန်းနီးပါးရှိ တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင်အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်မည်



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

စုစုပေါင်းအင်အား တစ်သိန်းဝန်းကျင် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကို ပညာအရည်အချင်း၊ အဆင့်အတန်းအလိုက် တပ်မတော်တွင် အရာရှိ၊ အကြပ် စသည်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး၊ တပ်မတော်သို့ မဝင်လိုသူများကို နယ်စပ်ဒေသရှိ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ပညာရေးကဲ့သို့သော ကဏ္ဍများတွင် နေရာချထားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းက ရှင်းပြသည်။

“အဲဒီလိုမှ မလုပ်ရင် ဒီသောင်းကျန်းမှု သံသရာကြီးက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ လုပ်စရာ မရှိရင် သေနတ်ပြန်ကိုင်မယ်။ ပြန်ကိုင်ရင် သံသရာ ထပ်လည်မယ်” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အပစ်ရပ်ရုံ၊ လက်နက်ချရုံ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးအရ အဓိက ဆွေးနွေးရမည် ဖြစ်ပြီး အနာဂတ် ပြည်ထောင်စု တပ်မတော်တွင် တိုင်းရင်းသားများ ပါဝင်ထမ်းဆောင်ရေး၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ တပ်မတော်တွင် မည်သို့မည်ပုံ ပါဝင်ရေး တို့ကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုထားသည်။

ထို့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ရှိအချိန်၌ လက်နက်ကိုင် တိုင်းရင်းသားများမှာ ဥပဒေပြင်ပရောက် လူပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ဥပဒေ မလိုက်နာမှုများကို အပြစ်မတင်သင့်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် အဆိုပါ လူပုဂ္ဂိုလ်များကို ဥပဒေဘောင်တွင်းသို့ ရောက်ရှိအောင် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောဆိုသည်။

တပ်မတော်အစိုးရမှ သမ္မတ ဦးသိန်းစိန်၏ အရပ်သား အစိုးရသို့ အသွင်မကူးပြောင်းမီ တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့် အဖြစ် ပြောင်းလဲရန် အစိုးရက ကြိုးပမ်းခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အများစုက လက်မခံသဖြင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

ယင်းနောက် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသားများ ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ထူထောင်ရန် လက်နက်ကိုင် ခေါင်းဆောင်များက တင်ပြခဲ့ပြီး အစိုးရကမူ တပ်မတော်ဆိုင်ရာ ကိစ္စများကို အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ၌သာ ညှိနှိုင်းဆွေးနွေးရန် အကြောင်းပြန်ကြားထားသည်။

- The Voice Weekly

၆၉ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် ယခင်နှစ်ထက် စစ်လက်နက်များ ပိုမိုပါဝင်သွားမည်ဖြစ်




March 26, 2014 at 12:57pm


ဝင်းကိုကိုလတ်


မတ်လ ၂၇ ရက်တွင် ကျရောက်မည့် ၆၉ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် ယမန်နှစ် ၆၈ နှစ် မြောက်တပ်မတော်နေ့ အခမ်းအနားထက် စစ်လက်နက်ပစ္စည်းများ ပိုမိုပါဝင်မည်ဟု နေပြည်တော်ရှိ ကာ ကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

၎င်းက “ဒီနှစ်တပ်မတော်မှာ မနှစ်ကထက် စစ်လက်နက်ပစ္စည်းတွေပိုပါလာမယ်။ မနှစ်က တပ်မတော်နေ့ မှာ မပါတဲ့ချိန်းတပ်တင့်ကားတွေ ပါလာမယ်”ဟု ပြောသည်။


ခေတ်အဆက်ဆက် တပ်မတော်နေ့များတွင် စစ်သည်အင်အားဖြင့်သာစစ်ရေးပြ အခမ်းအနားများ ပြုလုပ်ခဲ့ ရာမှ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ၆၈ နှစ်မြောက် တပ်မတော်နေ့တွင် မြန်မာ့တပ်မတော်၏ စစ်လက် နက်ပစ္စည်းများကို ပထမဆုံးအကြိမ်အဖြစ် စစ်ရေးပြအခမ်းအနားတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။

စစ်ရေးပြလေ့ကျင့်ခန်းတွင်ပါဝင်မည့် ဗိုလ်မှူးအဆင့်ရှိ အမည်မဖော်လိုသူ တပ်မတော်သားတစ်ဦးက “MIG 29 တိုက်လေယာဉ်တွေ၊ တင့်ကားတွေ၊ လေယာဉ်ပစ် အမြောက်စနစ်၊ တင့်ဖျက်လက်နက်တွေ မနှစ်ကလို ပဲ ပါမယ်။ တပ်ပေါင်းစုံက လက်နက်စနစ်တွေ မျိုးစုံပါမယ်”ဟု ပြောသည်။

၆၉ နှစ်မြောက်၊ တပ်မတော်နေ့အခမ်းအနားစစ်ရေးပြပွဲတွင် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်ပေါင်း ၁၀,၀၀၀ နီးပါးခန့် ပါဝင်မည်ဖြစ်ပြီး ယခုအချိန်တွင် နေပြည်တော်၊ ပုဗ္ဗသီရိတပ်မြို့တွင် တည်းခိုလေ့ကျင့် လျက်ရှိသည်။


အဆိုပါ တပ်မတော်အရာရှိက “ကျွန်တော်တို့ သက်ဆိုင်ရာ စစ်တိုင်းအလိုက် တစ်လလောက်လေ့ကျင့်ကြ ရတယ်။ အခု နေပြည်တော်ရောက်နေတာ တစ်လလောက်ရှိပါပြီ”ဟု ပြောသည်။

စစ်ရေးပြ အစမ်းလေ့ကျင့်ခြင်းများတွင်လည်း တပ်မတော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း နှင့် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့လည်း လာရောက်ကြည့်ရှုခဲ့သည်ဟု ၎င်းကဆိုသည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ၂၇ ရက်မှပဲလာမှာပါ”ဟု ဆိုသည်။ယခုနှစ် တပ်မတော်နေ့ အခမ်းအနားသို့ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအား ဒုတိယအကြိမ်အဖြစ် ဖိတ်ကြား ထားကြောင်းလည်း အင်န်အယ်လ်ဒီပါတီမှ လွှတ်တော်အမတ်တစ်ဦးကလည်း အတည်ပြုပြောသည်။

ရှမ်းလက်နက်ကိုင်အဖွဲ့များ၏ နှိပ်စက်မှုများကို မခံနိုင်တော့သည့်အဆုံး ဟိုပုံးကိုရင်လေးမှ ဦးဆောင်၍အင်အား ၈၀၀ ခန့်ဖြင့် စစ်ရေးလေ့ကျင့်ခဲ့












ဆီဆိုင်၊ မတ် ၁၄

ရှမ်းလက်နက်ကိုင်အဖွဲ့များမှ နယ်မြေကျော်၍ ဟိုပုန်း၊ ဆီဆိုင်ဘက်သို့ဝင်ရောက်ကာ
ဆက်ကြေးကောက်ခြင်း၊ လူသစ်စုခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက်
ဟိုပုံးကိုရင်လေးမှ ဦးဆောင်ကာ ဒေသခံများအား စစ်ပညာများ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

ဟိုပုံးမြို့နယ်၊ ဟိုတိကျေးရွာရှိ ကိုရင်လေးကျောင်းသွားကားလမ်း အရှေ့ဘက်တွင်
ဟိုပုံးကိုရင်လေး ရှင်ပေါရိဿမှ ဦးဆောင်ကာ ရှမ်းလက်နက်ကိုင်အဖွဲ့များ၏ နှိပ်စက်မှုများမှ
ကာကွယ်ရန်အတွက် လက်နက်မဲ့ စစ်ရေးလေ့ကျင့်မှုအား လုံခုပ်ပြည်သူ့စစ်အဖွဲပမှ
ခေါင်းဆောင် ဦးတခေါခမ်း ခေါင်းဆောင်ကာ နည်းပြ ၂၀ နှင့် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ
လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ဟိုပုံး၊ ကျောက်တလုံးကြီး၊ ပင်လောင်း၊ နောင်တရား၊ ဆီဆိုင်၊
ရပ်စောက်၊ လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်၊ မောက်မယ်မြို့နယ်တို့မှ ဒေသခံ ပအိုဝ်းတိုင်းရင်းသား
၈၀၀ ကျော်ခန့်ဖြင့် လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

ဆီဆိုင်မြို့နယ် ပွန်ချောင်းကျေးရွာမှ အိုက်လောင်းမှလည်း အဆိုပါလေ့ကျင့်မှုမှာ
ကောင်းမွန်ကြောင်း၊ မိမိတို့ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ရှမ်းလက်နက်ကိုင်အဖွဲ့များ၏
အနိုင်ကျင့်နှိပ်စက်မှုကို ခံလာရသည်မှာ ကြာမြှင့်ပြီဖြစ်ကြောင်းပြောကြားခဲ့ကာ
သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သွားမည်ဖြစ်ကြောင်း
The Irrawaddy Newss သို့ ပြောဆိုခဲ့သည်။

အဆိုပါ စစ်အခြေခံသင်တန်းသို့ အနယ်အနယ်အရပ်ရပ်မှ ပအိုဝ်းအမျိုးသားများ
နေ့စဉ်လာရောက် လေ့ကျင့်လျက်ရှိပြီး လူအင်အားထပ်မံတိုးလာရန်ရှိကြောင်း
ဟိုပုံးကိုရင်လေး ပေါရိဿမှလည်း The Irrawaddy Newss ၏ မေးမြန်းချက်ကို
ပြန်လည်ဖြေကြားခဲ့သည်။


- The Irrawaddy Newss

KIA ဗိုလ်ချုပ်ဂွမ်မော်အား အင်ဘန်လမှ အကျယ်ချုပ်ချထားသဖြင့် ကေအိုင်အေ ခေါင်းဆောင်များအကြား သဘောထားတင်းမာမှုများဖြစ်ပွားလျက်ရှိ


မြစ်ကြီးနား၊ မတ် ၁၂

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်
ဆန္ဒပြင်းပြနေသည့် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား အင်ဘန်လမှ ပြီးခဲ့သော မတ်လ (၆) ရက်နေ့မှစကာ အကျယ်ချုပ်ချထားခဲ့ခြင်းဖြစ်သည်။

၂၀၁၁/၂၀၁၂ အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ KIA တို့ အလွန်ထိနာခဲ့ပြီး
ဒေသခံ စစ်ဘေး ရှောင်တွေနဲ့အတူ တရုတ်နိုင်ငံထဲအပါအဝင် လွတ်မြောက်ရာဒေသတွေကို ရှောင်ပြေးခဲ့ကြတဲ့ သူတွေထဲမှာ KIA စစ်သားတွေ ဒုနဲ့ဒေးပါ။ လစာမရှိ၊ ထောက်ပံ့မှုမရှိ၊ ခေတ်မမီတော့တဲ့ လက်နက်၊ မပြည့်စုံတဲ့ ခဲယမ်း၊ အကန့်အသတ်များနဲ့ တရုတ်နယ်စပ်ဆေးရုံ၊ လက်မခံတော့တဲ့ ဒေသခံတွေနဲ့ သူတို့အချိန်ကြာကြာ တောင့်မခံနိုင်ဘူး ဆိုတာ သဘာဝကျပါတယ်။

ကံကြမ္မာအလှည့်ပြောင်းလို့ ပြောမလား၊ သမ္မတကြီးဦးသိန်းစိန်ရဲ့ မေတ္တာလွန်ကဲမှုလို့ မှတ်ယူမလား၊ စစ်တပ်က KIA စခန်းတစ်ခုပြီးတစ်ခု ထိုးစစ်ဆင်သိမ်းနေခဲ့တာ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကိုရောက်ခါနီး လက်မတင်လေး အလိုမှာ ထိုးစစ်တွေရပ်ခိုင်းခဲ့လို့ KIA အဖွဲ့ဟာ ကြီးမားတဲ့အကြပ်အတည်း ဒုက္ခဘေးက လွတ်မြောက်ခဲ့ပြီးဆက်ရပ် တည်နေနိုင်ခဲ့တယ် ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။

စစ်တပ်ကော တိုင်းရင်းသားလက်နက်ကိုင်ကော ဘယ်သူမှ စစ်တိုက်လိုကြမည် မဟုတ်ပါ။ နိုင်ငံသားခြင်းဖြစ်လို့ ပိုဆိုးသည်ပေါ့။ ဒါပေမယ့် အခုလို ထိုးစစ် ရပ်လိုက်ခြင်းကတော့ အစိုးရသစ်လက်ထက် နိုင်ငံရေးအလှည့် အပြောင်းမှာ KIA အခွင့်ကောင်းရရှိခဲ့တာပါ။

နယ်စပ်မှာ တိုက်ပွဲတွေဖြစ်တဲ့အပေါ် တရုတ်ကလည်း KIA အပေါ် ပြန်ဖိအားပေးလာတဲ့ အခြေအနေ၊ KIA တို့ လက်နက်ခဲယမ်း ဝယ်ယူရာမှာ “ဝ”နဲ့ အိန္ဒိယနယ်စပ်က အခက်အခဲများ ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ စီးပွားရေးလုပ်ငန်းများ အဆင်မပြေတော့တဲ့ အချိန် စစ်တပ်က အမြစ်ဖြုတ်တိုက်တော့မှာ ပေါ်လွင်နေတဲ့ အခြေအနေတွေကြောင့် အစိုးရက မစည်းရုံးလည်း သူတို့ရဲ့ရပ်တည်ချက်ကို စစ်ရေးအသွင်ကနေ နိုင်ငံ ရေးကိုကူးဖို့ ဗဟိုကော်မတီမှာ ဆုံးဖြတ်ထားပြီးသားပါ.....

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြစ်ကြီးနားကို ဂွမ်မော်တို့ အဖွဲ့လာတော့ ပြည်သူတွေက KIA အလံတွေ နဖူးစီးတွေနဲ့ အုတ်အော် သောင်းနင်း ကြိုဆိုခဲ့ကြပြီး အထက်ပါအချိန်ကတည်းက
ငြိမ်းချမ်းရေးလိုလားသည့် ဂွမ်မော်အား ထောက်ခံသူများပြားလာသည့်အပေါ် အင်ဘန်လက သဘောမကျခဲ့ဘူးလို့သိရပါတယ်။

အချိန်ကာလတစ်ခုကတည်းက ရန်ကုန် ကနေထောက်ပံ့မှုပြု နေတဲ့ ကချင်လူငယ်အဖွဲ့ရဲ့ စီစဉ်မှုနဲ့ ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်ရောက်လာတော့လည်း လက်နက်ကိုင်သောင်းကျန်းသူ (သူပုန်) ရယ်လို့ ဘယ်သူကပြောခဲ့လို့လည်း စည်စည်ကားကား သိုက်သိုက် ဝန်းဝန်းနဲ့ တွေ့ဆုံပွဲတွေ လုပ်ခဲ့တာ ၈၈ မျိုးဆက်နဲ့ ဦးတေဇတို့အပါအဝင် မဟုတ်ပါလား။ အဓိက ပြည်သူတွေဂုဏ်ပြုကြတာ KIA ကိုလည်း မဟုတ်၊ ဗိုလ်ချုပ် ဂွမ်မော်ကိုလည်း မဟုတ်ပါ။ ငြိမ်းချမ်းရေး လုပ်ကြမယ်၊ ဆွေးနွေးကြမယ်ဆိုပြီး လာသူကို ရင်ထဲကဖြစ်စေချင်တဲ့ ဆန္ဒအမှန်နဲ့ ထောက်ခံကြိုဆို အားပေးခဲ့ကြတာပါ။ ဒါပေမယ့် အများအမြင် နိုင်ငံတကာ ပြရုပ်မှာတော့ လူထုထောက်ခံမှုရရှိတဲ့ KIO/ KIA ဆိုပြီး ပုံပေါ်စေခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်လေ မြန်မာငြိမ်းချမ်းရေးကောင်စီ(MPC)အဖွဲ့ဝင်တွေ အယူအဆ မတူကြလို့ ဒီဇာတ်လမ်းမှာ ဘယ်သူသမိုင်း တရားခံဖြစ်မလဲဆိုပြီး အသံတွေထွက်လေနေကြပြီလေ။

ဒါ့အပြင်  DVB က Person of Year ကို ဗိုလ်ချုပ် ဂွမ်မော် ဆိုပြီး မြှောက်စားခဲ့တယ်လို့ သိရပါတယ်။ လုံးဝမှားယွင်းမှာပါ။ ဗိုလ်ချုပ် ဂွမ်မော်ဟာ အတွင်းစိတ်ကို ခန့်မှန်းဖို့ မလွယ်ကူတဲ့ မျက်နှာချိုချိုနဲ့ မန္တလေးတက္ကသိုလ်ထွက် ဖြစ်တဲ့အတွက် မင်းသားဖြစ်သင့်သူလို့ စင်ပေါ် တင်ပေးလိုက်တဲ့ ဆရာကြီးရှိပါတယ်။

သူက KIO/KIA ရဲ့ Key Player ဖြစ်တဲ့ အင်ဘန်လပါ။ အမြစ်ပြုတ် တော့မယ့်အခြေအနေကနေ အပျိုရည်မပျက်သေးသလိုနဲ့ နိုင်ငံရေးနယ်ပယ်မှာ အမြတ်ထုတ် နေနိုင်အောင် စွမ်းဆောင်ခဲ့သူဖြစ်ပြီး အားနည်းချက်ကတော့ ၄ တန်းဆိုတဲ့ ပညာအရည်အချင်းပါ။        ၄ တန်းဆိုပြီး အထင်တော့ မသေးစေချင်ပါ။ Story လေးတစ်ခု ဖောက်သည်ချချင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ပါတယ်။ ဓားပြအဖွဲ့ ၈ ဦးလောက်ပါပြီး ခေါင်းဆောင် လုပ်သူဟာ ပညာအရည်အချင်း ၄ တန်းလောက်သာတတ်ပါတယ်။ ငယ်သားတွေထဲမှာ မဟာဘွဲ့ရပြီးသူတစ်ယောက် ပါတယ်။ ဘဏ်ထဲမှာရှိတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေဟာ ဓားပြအဖွဲ့ပြောတဲ့အတိုင်း ကြမ်းပြင်မှာ လေးဘက်ထောက် ခေါင်းငုံ့ နေကြရပါတယ်။ ဘဏ်စာရေးမတစ်ဦးဟာ ထိုင်ခုံကြား ကြောက်ကြောက်နဲ့ ကြုံသလိုလေးဘက် ထောက်တော့ သူ့ရဲ့စကတ်အတိုထဲကနေ မဖွယ်မရာပြကွက်ကို ဓားပြထဲက မဟာဘွဲ့ရသူတွေ့သွားတော့ ကောင်မလေးကို မတော်တရော်နဲ့တွေ့ရင် ဒုက္ခရာက်ဦးမယ်ဆိုပြီး ပုံစံပြောင်းပြီးနေဖို့၊ ဖုံးဖုံးဖိဖိ ပြင်ဆင် နေခိုင်းလိုက်ပါတယ်။ ဒါကို ခေါင်းဆောင်လုပ်သူသိသွားပြီး “လူမှုကယ်ဆယ်ရေး လုပ်နေတာ မဟုတ်ဘူးကွ၊ ဓားပြဟာ ဓားပြအလုပ်သာလုပ်”ဖို့ လှမ်းအော်ပါတယ်။ ဒီလိုနဲ့ ဘဏ်ကနေ ထွက်လာခဲ့ကြပါ ဓားပြတိုက်လို့ ငွေသန်း ၄၀ လောက်ရလာကြပါတယ်။

မဟာအောင်ပြီးသား ငယ်သားက ငွေတွေကို ရေတွက်ဖို့ ပြင်ဆင်တဲ့အခါ ခေါင်းဆောင်လုပ်သူက “အပိုတွေလုပ်မနေနဲ့။ ဓားပြအလုပ်ပဲ ဓားပြလုပ်၊ မကြာခင် ငွေဘယ်လောက်ဆိုတာ ရုပ်/သံက ကြေညာလိမ့်မယ်”လို့ ပြောပါတယ်။ မှန်ပါတယ်၊ မိနစ်ပိုင်းအတွင်းမှာဘဲ ဓားပြတိုက်ခိုက်မှုကြောင့် ဘဏ်မှငွေ ၁၂၀ သန်းပါသွားကြောင်း ထုတ်လွှင့်ကြေညာချက်ကို ကြားလိုက်ပါကြပါတယ်။ အဲဒီ ကြေညာ ချက်ကို ကြားလိုက်ရတဲ့ မဟာအောင်ပြီးသား ဘဏ်ဓားပြက “ဘယ်လိုဖြစ်တာလဲဆရာ ကျွန်တော်တို့ရခဲ့တာ သန်း ၄၀ ၊ ဘဏ်ကကြေညာတာက ၁၂၀ သန်းဖြစ်နေတယ်”၊ ဒီတော့ ၄ တန်းအောင် ဓားပြခေါင်းဆောင်က “မင်းကို ငါပြောထားသားပဲ ဓားပြ  ဓားပြအလုပ်ပဲလုပ်လို့” ထပ်ပြောရှာပါတယ်။

ဒါကြောင့်မို့ အင်ဘန်လ ၄ တန်းဆိုပြီး အထင်မသေးလိုက်ပါနဲ့ ဂွမ်မော်ကို ပွဲထုတ်ပေးနေသူပါ။ အခုလည်း မကြာမီဖြစ်ပေါ်လာမည့် အခြေအနေကို စောင့်ကြည့်စေချင်ပါတယ်။ KIO ဒုဥက္ကဌ ဂေါ်ရီဇော်ဆိုင်းကတော့ ရုတ်တရက်နှုတ်ထွက်သွားပါပြီ။ ယခုကဲ့သို့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား အင်ဘန်လမှ အကျယ်ချုပ်သဘောဖြင့် စောင့်ကြည့်နေခြင်းနှင့်ပါတ်သက်၍
အောက်ခြေရှိ ကေအိုင်အေတပ်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။


- The Irrawaddy Media Group

တရုတ်ကျောင်းတက်နေသော “ ၀ ” ကလေးငယ်များ UWSA “ ၀ ” ယူနီ ဖောင်းဝတ်မှသာ အိမ်ပြန်ခွင့်ရ





မိုင်းဆတ်မြို့နယ် ဆီဟုတ်ကျေးရွာရှိ UWSA “ ၀ ” အဖွဲ့မှ ဖွင့်လှစ်ထားသော တရုတ်စာသင်ကျောင်းတွင် ကျောင်းတက်နေသော ၀မ်ဟုန်ဒေသမှ ကလေးငယ်များသည် “ ၀ ” ယူနီဖောင်းဝတ်၍ ဇန်န၀ါရီ (၂၀) ရက်နေ့ မနက်ပိုင်းတွင် အိမ်ပြန်ကြရကြောင်း ယင်းမြို့ခံတချို့ထံမှ သိရသည်။

“ ကလေးတွေက ၁၀ နှစ် ၁၁ နှစ် အရွယ်တွေပါ ၊ အရေအတွက်ကတော့ ၁၀၀ လောက်ရှိမယ်၊ တရုတ်ကျောင်း ပိတ်လို့ ရွာပြန်ကြတာ၊ UWSA “ ၀ ” အဖွဲ့က ၀တ်တဲ့ ၀တ်စုံတွေ ၀တ်ထားတာ တွေ့တယ် ” ဟု ဆီဟုတ်ရွာမှ ကိုအိုက်ချန် က ပြောသည်။

အဆိုပါ ကျောင်းသားကျောင်းသူ (၁၀၀) ဦးခန့်သည် ၀မ်ဟုန်ဒေသမှ တရုတ်ကျောင်းလာတက်နေသူများဖြစ် ကြောင်း၊ ကျောင်း (၁) လခန့် ပိတ်သဖြင့် ၀မ်ဟုန်ဒေသသို့ ပြန်ကြခြင်းဖြစ်ကြောင်း၊လက်မောင်း တံဆိပ်မပါသော “ ၀ ” ယူနီဖောင်း ၀တ်မှသာ အိမ်ပြန်ခွင့် ပြုမည်ဟု UWSA “ ၀ ” ခေါင်းဆောင်ပိုင်းမှ ညွှန်ကြားထား သဖြင့် ယခုကဲ့သို့ ၀တ်ဆင်ရခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသွားသည်။

တရုတ်စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများအား ၀မ်ဟုန်ဒေသသို့ တီအီး (၆) ဘီး စစ်စိမ်းရောင် ယာဉ် (၂) စီးဖြင့် ခေါ်ဆောင်သွားကြောင်း ယင်းကျောင်းမှ ဆရာမ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

တရုတ်- မြန်မာ နယ်စပ်ရှိ တိုင်းရင်းသားအရေးလေ့လာသူ အလွတ်သတင်း ထောက်တစ်ဦးက “ တရုတ်က “၀” အပေါ် ဘယ်လောက်ထိ လွှမ်းမိုးမှုရှိတယ် ဆိုတာ ပညာရေးကစပြီး သက်သေပြနေတာပဲ၊ တရုတ်စာသင်ပြီး တရုတ် စကားပဲ ပြောတတ်တယ်၊ ဒီ “၀” ကလေးတွေဟာ သူတို့ကိုယ်သူတို့ တရုတ် တွေလို့ပဲ ထင်တော့မှာပဲ လေ ”

“၀” ကလေးတွေဟာ မြန်မာပြည်ထဲက အခြားသော တိုင်းရင်းသားတွေနဲ့ ထိတွေ့ခွင့် မရဘူး၊ ဒီတော့ သူတို့ဆီမှာ တရုတ်ရဲ့ အငွေ့အသက်တွေပဲ လွှမ်းမိုးနေမှာပဲလေ၊ အခုလို ဘာမှ မသိသေးတဲ့ ကလေးတွေကို UWSA “ ၀ ” အဖွဲ့အနေနဲ့ ယူနီဖောင်းဝတ်ပြီး ပြန်ခိုင်းတယ်ဆိုတာ ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ် ကန့်သတ်တာပဲလေဗျာ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ ဦးနှောက်ထဲမှာ UWSA “ ၀ ” အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် အရိုးစွဲသွားမှာပဲ စိုးရိမ်မိပါတယ်၊ နောင်ဆိုရင် သူတို့ဟာ UWSA “ ၀ ” လိုပဲ မြန်မာနိုင်ငံဆို တာထက် တရုတ်နိုင်ငံကို ပိုပြီး မှီခိုသွားနိုင်တယ်လေ ” ဟု သုံးသပ် ပြောကြားသွားခဲ့သည်။

Shan News 

အိုဘားမား အစိုးရအား ဗြိတိန်၊ သြစတြေးလျတို့ကဲ့သို့ မြန်မာ့တပ်မတော်နှင့် စစ်ရေးဆက်ဆံမှု ပြန်လည်ပြုလုပ်ရန် အမေရိကန် လွှတ်တော်အမတ်များမှ တိုက်တွန်းခဲ့

From : .... Eleven


အိုဘားမား မြန်မာနိုင်ငံသို့ မရောက်မီ USS Bonhomme Richard အမေရိကန် စစ်သင်္ဘောပေါ်သို့ မြန်မာရေတပ်မှ အရာရှိများ လာရောက်ကြစဉ် (ဓာတ်ပုံ-stripes.com)

အမေရိကန် ကာကွယ်ရေး ကျွမ်းကျင်သူများသည် မြန်မာနိုင်ငံသို့ ယခင်အပတ်က သွားရောက်ခဲ့ကြ ပြီး လူ့အခွင့်ရေးနှင့် ဥပဒေစည်းမျဉ်းများနှင့် ပတ်သက်၍ မည်သည့် အကူအညီများ ပေးအပ်နိုင်မည်ကို ဆန်းစစ်ခဲ့ကြသည်။ လွန်ခဲ့သည့် ကြာသပတေး နေ့တွင်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel သည် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ကာကွယ်ရေး ၀န်ကြီးများ တွေ့ဆုံပွဲတွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးများ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် တွေ့ဆုံသည့်ပွဲ ဖြစ်ခဲ့သည်။

အမေရိကန်သည် မြန်မာနိုင်ငံမှ အရာရှိများအား အမေရိကန်နိုင်ငံတွင် ၁၉၈၈ မတိုင်မီ အချိန်ထိ စစ်သင်တန်း ပေးလေ့ရှိခဲ့ပြီး သွေးထွက်သံယိုမှု များခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းတွင် စစ်ရေးအကူအညီများ အားလုံး ရပ်ဆိုင်းခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် စစ်ရေး အကူအညီများနှင့် အထောက်အပံ့များ အတွက် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့ အပေါ်တွင် မှီခိုနေခဲ့ရသည်။

ဦးသိန်းစိန်အစိုးရ တက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်လာသည့် အခါတွင် အိုဘားမား အစိုးရသည် မြန်မာနှင့် စစ်ရေးအဆက်အဆံ ပြန်လည် ပြုလုပ်ခြင်းဖြင့် အမေရိကန် စစ်တပ်မှ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများကို မြန်မာတပ်မတော် အနေဖြင့် လေ့လာသင်ယူ နိုင်လိမ့်မည်ဟု ပြောဆိုခဲ့ပြီး စစ်ရေးအဆက်အသွယ် ပြန်လည်ပြုလုပ်ရန် တိုက်တွန်းလာခဲ့သည်။

အိုဘားမား အစိုးရအဖွဲ့ကို မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ သြဇာကြီးမားသူ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mitch McConnell က ထောက်ခံထားပြီး သြဂုတ်လတွင် ပြောကြားခဲ့သော ၎င်း၏မိန့်ခွန်းတွင် နှစ်နိုင်ငံစစ်တပ်ချင်း ပိုမိုပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန် အစိုးရအနေဖြင့် ချီတုံချတုံ ဖြစ်နေသော်လည်း  အနောက်နိုင်ငံများမှာ အမေရိကန်ထက် ရှေ့ကိုရောက်နေပြီ ဖြစ်သည်။  ဗြိတိန်နိုင်ငံသည် မြန်မာအရာရှိ ၃၀ အား အဆင့်မြင့် ကာကွယ်ရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ခဲ့သလို သြစတြေးလျ နိုင်ငံကလည်း ကာကွယ်ရေး ကဏ္ဍအတွက် မြန်မာစစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်နေပြီဖြစ်သည်။



ဆီးရီးယား၊ တရုတ် နှင့် အမေရီကန်

From : ....  Voice of James Mint



ဆီးရီးယားကို ဝင်တိုက်ဖို့ ရက် ၉၀ တော့ သတ်မှတ်ပေးဖို့ အဆိုပြုချက်ကို ဆီးနိတ်လွှတ်တော်မှာ အင်္ဂါနေ့က တင်တယ်..... လက်ရှိ အမေရိကားက ရှားရှားပါးပါး ရှိတဲ့ ပါတီကြီး နှစ်ခုကလည်း ထောက်ခံတယ်.... ခြွင်းချက်တော့ ပါတယ် ကြည်းတပ်ကို အသုံးမပြုရတဲ့..... ခေတ်မမှီလောက်တော့ဘူးလို့ သူတို့ ဆုံးဖြတ်ထားတဲ့ ပဲ့ထိမ်းဒုံးတွေ ဖြုန်းဖို့အတွက်တော့ အခွင့်ကောင်းပဲ......

အဲ တစ်ဖက်က ကြည့်ရင်တော့ ရုရှကြီးက တစာစာ အော်နေပေမယ့် တရုတ်ကြီးက ငြိမ်နေတာ သိပ်တော့ မဟုတ်ဘူးလို့ ခံစားမိတာ..... ဟိုနေ့က တရုတ်ကြီးရဲ့ ဂြိုလ်တု ပေါက်ကရတွေ လုပ်နေတယ်ဆိုတဲ့ သတင်းလေး ဖတ်မိတော့မှ သဘောပေါက်တော့တယ်..... ဇူလိုင်လ ၂၉ ရက်နေ့က March-4c ဒုံးကျည်နဲ့ အာကာသကို ပစ်လိုက်တဲ့အထဲမှာ SY-7 ဆိုတဲ့ ဂြိုလ်တု တစ်လုံးလည်း ပါသွားတယ်....

အဲ့ဒိ SY-7 ဆိုတဲ့ ဂြိုလ်တုက ငြိမ်ငြိမ်မနေ သူ့အလုပ် သူမလုပ်ပဲနဲ့ ဟိုလျှောက်သွားလိုက် ဒီလျှောက်သွားလိုက်နဲ့ နေရာတကာ လျှောက်သွားနေတဲ့အပြင် ဟို ဂြိုလ်တုနား ကပ်လိုက် ဒီဂြိုလ်တုနားကပ်လိုက် လုပ်နေတာ အားလုံးက လန့်လာကြတယ်..... အဲ့လို လျှောက်သွားနေတာ တစ်ချို့ ဂြိုလ်တုတွေနဲ့ မီတာ ရာဂဏန်း အကွာလေးအထိ ကပ်လာတဲ့အပေါ် အားလုံးက သံသယ ဖြစ်လာကြတယ်.....

တရုတ်ကြီးရဲ့ ဂြိုလ်တု ဘာလုပ်မှာလည်း...... အနားကပ်ပီး သောက်မြင်ကပ်တဲ့ ဂြိုလ်တုတွေကို ဆော်ထဲ့သွားမှာလား၊ ဒါမှမဟုတ် Shear Kinetic Force ကို သုံးပီး သူတို့ ဂြိုလ်တုတွေကို ဖျက်ဆီးမှာလား ဒါမှမဟုတ် အနားကပ်ပီး အသေခံ ဗုံးခွဲသမားလို ခွဲပီး သူတို့ဂြိုလ်တုတွေကို ဖျက်ဆီးမှာလားဆိုတာ တွေးတောရင်း အနောက်တိုင်းက လူတွေ ထိတ်လန့်နေပီး စဉ်းစားစရာတွေ ဖြစ်လာနေတယ်......

၂၀၀၇ လောက်က သူ့ရဲ့ မသုံးတော့တဲ့ ဂြိုလ်တုကို မြေပြင်ကနေ ဒုံးကျဉ်နဲ့ ပစ်ပီး ဖျက်ဆီးပြလိုက်လို့ တရုတ်ကြီးရဲ့ အာကာသ ခြေလှမ်းကို လူတွေ စောင့်ကြည့်နေကြချိန် ဒီလိုလုပ်တာဟာ သံသယ ဖြစ်စရာ အကောင်းဆုံး ဖြစ်နေကြတယ်..... အဲ့ဒိတုန်းက သူ့ဂြိုလ်တုအဟောင်းကို ပစ် ဖျက်ဆီးလိုက်တဲ့ အကျိုးရလာဘ်ကတော့ ကမ္ဘာမြေရဲ့ Orbit မှာ ဂြိုလ်တုအပျက်ရဲ့ အမှိုက်သရိုက်တွေ ကြီးမားတဲ့ တိမ်တိုက်ကြီးလို ဖြစ်နေပီးတော့ ကျန်တဲ့ ဂြိုလ်တုတွေကိုပါ အဲ့ဒိ အမှိုက်တွေက အန္တရာယ်ပေးနေတယ်.......

ဒီတော့ကာ အမေရိကန်ရဲ့ ပဲဒိုင်း ဒုံးတွေ၊ UAV လို့ခေါ်တဲ့ မောင်းသူမဲ့ ယဉ်တွေဟာ ဂြိုလ်တုမရှိရင် လုံးဝ မျက်ကမ်းတွေ ဖြစ်သွားပီဆိုတော့ တရုတ်ကြီးရဲ့ ဒီခြေလှမ်းက အန္တရာယ်တော့ အတော်ကြီးသား..... ဆီးရီးယားအရေးမှာ ကြည်းတပ်ကို မသုံးရဘူးဆိုတော့ အဝေးကနေ လှမ်းဆော်ဖို့ အမေရိကန်တို့ သူ့ရဲ့ ပဲ့ထိမ်းဒုံးတွေ သုံးမလား UAV တွေလွှတ်မလား မသိရပေမယ့် ဒီဘက်ကတော့ ဒါတွေ ဒီလိုရှိတယ် ပြနေတာ အတော်တော့ စိတ်ဝင်စားစရာ ကောင်းနေပီ.....

အနာဂါတ် မဟုတ်တော့တဲ့ မဝေးတော့တဲ့ကာလ လက်နက်ပြိုင်ဆိုင်မှုတွေကနေ လက်တည့်စမ်းဖို့မှာ ကိုယ့်နိုင်ငံမှာ လာမဖြစ်တာ တော်သေးတယ်ပဲ ပြောရမယ်..... ဘာပဲပြောပြော ညအိပ်ရင်တော့ ဘုရားရှိခိုးအိပ်မှဖြစ်မယ် မတော် သူတို့ချင်း ဆော်ကြ နှက်ကြနဲ့ အဲ့ဒိ ပဲ့ထိမ်းဒုံးတစ်လုံး လမ်းကြောင်းလွဲပီး ကိုယ့်စီ ရောက်လာရင် မခက်သား..... ဒုံးကျည်တစ်ကမ်းဆိုတာ ဒီဘက်ခေတ်မှာ ကမ္ဘာကြီးရဲ့ ဘယ်နေရာမဆို ရောက်နိုင်တာ ကလား.......

Photo copied from Xinhua.