Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာအီမြောင်ဘတ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

From : သမ္မတရုံး

နေပြည်တော် အောက်တိုဘာ ၁၁
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်ကအောက်တိုဘာ (၉) ရက် ဒေသ စံတော်ချိန် ညနေ (၆) နာရီခွဲတွင် ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုရီးယားသမ္မတနိုင်ငံမှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် အမှုဆောင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆုတောင်းပတ္ထနာပြုသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန် ကပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် (၁၉၇၅)ခုနှစ်မှစတင်၍ သံတမန်ဆက်ဆံရေးကို ထူထောင် ခဲ့ပါကြောင်း၊ ယင်းသို့ ထူထောင်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြားဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံပြည်သူများအကြားတွင်လည်း ချစ်ကြည်ရင်နှီးမှုများ ဖြစ်ထွန်းလာကာ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများ တိုးတက်များပြားလာခဲ့ပါကြောင်း။

ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် လွန်ခဲ့သည့် (၁၀)စုနှစ်များအတွင်းတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်မှုများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့်အတွက် မြန်မာပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ပြီးနောက်ပိုင်းမှာ ကိုရီးယားသမ္မတ နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံကဏ္ဍများတွင် ပူးပေါင်းကူညီ ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။

အဆွေတော်သမ္မတကြီး မစ္စတာအီမြောင်ဘတ် အနေဖြင့် နှစ်ပေါင်း (၂၉) နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင်ချစ်ကြည်ရေးခရီး အဖြစ် လာရောက်ခဲ့ပြီး မိမိအနေဖြင့် လည်း ယခုကိုရီးယား သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် လာရောက်နိုင် ခဲ့ပါကြောင်း၊ မိမိတို့၏ ခရီးစဉ်များသည် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းတွင် ကမ္မည်းမော်ကွန်း ရေးထိုးနိုင်မည့် ခရီးစဉ်များ ဖြစ်ကြပါကြောင်း၊ ဤခရီးစဉ်များမှ တစ်ဆင့် မိမိတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆတက် ထမ်းပိုး ဆက်လက်ဖွံ့ဖြိုးတိုးတက် သွားစေလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ကိုရီးယားသမ္မတနိုင်ငံသည် အဆွေတော် သမ္မတကြီး အပါအဝင် ကိုရီးယားခေါင်းဆောင် များ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ကိုရီးယားပြည်သူတစ်ရပ်လုံး၏ ကြိုးပမ်းမှုများကြောင့် အချိန်တိုကာလအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ ယင်းသို့ အောင်မြင်မှုများ ရရှိခဲ့ခြင်းအပေါ် မိမိအပါအဝင် မြန်မာပြည်သူများအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊  တိုးတက်အောင်မြင် ဖြစ်ထွန်းမှုများရရှိခဲ့သည့် အတွေ့အကြုံများကိုလည်း မြန်မာနိုင်ငံသို့ မျှဝေပေးမည် ဖြစ်ကြောင်း သိရှိရသည့် အတွက် လည်း မြန်မာပြည်သူ တစ်ရပ်လုံးကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပြုပြင် ပြောင်းလဲမှုများ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ်ထားရှိခဲ့သည့် စီးပွားရေး အရေးယူပိတ်ဆို့မှုများကိုလည်း ဖြေလျော့ပေးခြင်းများ၊ ပယ်ဖျက်ပေးခြင်းများ ပြုလုပ်လာကြပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံမှ ထုတ်လုပ် သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်း လျှော့ပေါ့သတ်မှတ် ပေးခြင်းကိုလည်းမကြာမီ ပြန်လည်ကျင့်သုံးတော့မည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် သယံဇာတပစ္စည်းများ ပေါကြွယ်ဝပြီး လုပ်သားအင်အားလည်း လုံလောက်စွာရှိနေသည့်အတွက် မြန်မာနိုင်ငံကထွက်ရှိသည့် သယံဇာတများကို အသုံးပြုပြီး ကုန်ချောထုတ်လုပ်သည့် စက်ရုံများ၊ အလုပ်အကိုင် နေရာများစွာ ဖန်တီးပေးနိုင်မည့် ကုန်ထုတ်လုပ်ငန်းကြီးများ၊ စက်ရုံ၊ အလုပ်ရုံများကို လာရောက် ရင်းနှီးမြှုပ်နှံကြပါရန် ဖိတ်ခေါ် ပါကြောင်း၊ အဆွေတော် သမ္မတကြီး အပါအဝင် ကိုရီးယား မိတ်ဆွေများအနေဖြင့်လည်း မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံ အားပေးသွားမည်ဟု ယုံကြည်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ယဉ်ကျေးမှု ဆိုင်ရာဆက်ဆံမှုများ၊ အတွေ့အကြုံဖလှယ်မှုများနှင့် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်ကြခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှု ရရှိပြီးဖြစ်သည့် နှစ်နိုင်ငံ ဆက်ဆံရေးကိုပိုမိုတိုးတက် ခိုင်မာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်း အပ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုများ အဓွန့်ရှည်ကြာစွာ ဆက်လက်တိုးတက် ဖြစ်ထွန်းခိုင်မာစေရေးအတွက် လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုရီးယားပြည်သူများ ပိုမိုသာယာဝပြော စေရန်အတွက် လည်းကောင်း၊ အဆွေတော်သမ္မတကြီး မစ္စတာ အီမြောင်ဘတ်၏ လုပ်ငန်း ဆောင်တာများ အောင်မြင်ဖြစ်ထွန်းပြီး ကိုယ်စိတ်ကျန်းမာချမ်းသာစေရေး အတွက် လည်းကောင်း မိမိနှင့်အတူ ဆုမွန်ကောင်းများ တောင်းပါရန် ဖိတ်ခေါ် အပ်ပါကြောင်းဖြင့် ပြောကြားပြီး ဆုတောင်းပတ္ထနာပြုသည်။

ယင်းနောက် နှစ်နိုင်ငံအကြီးအကဲများသည် ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြသည်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်