From : Flower News
အသေးစား ငွေစုငွေချေး လုပ်ငန်းများ လုပ်ကိုင်ရန် အများပိုင်ငွေကြေးအဖွဲ့ကို မြန်မာနိုင်ငံတွင် စတင်ထူထောင်တော့မည်ဖြစ်ကြောင်း သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က ပြောကြားသည်။ ကျေးလက်နေ ပြည်သူများနှင့် မြို့နေအခြေခံ လူတန်းစားများ အတွက် ငွေကြေးအရင်း အနှီးများ ပံ့ပိုးကူညီရန်နှင့် အသေးစား ငွေစုငွေချေးလုပ်ငန်းများ လုပ်ကိုင်ရန် ရည်ရွယ်၍ အများပိုင် ငွေကြေးအဖွဲ့ ထူထောင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ “ကျေးလက်နေ ပြည်သူများနဲ့ မြို့ပြနေ အခြေခံလူတန်းစားများရဲ့ လူမှုစီးပွား တိုးတက်အောင် ဆောင်ရွက်ရာမှာ ပြည်သူများအတွက် အဓိက လိုအပ်ချက်ကတော့ ငွေကြေးအရင်းအနှီး၊ နည်းပညာနဲ့ ဈေးကွက်တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်လျက်ရှိသော ငွေကြေးအရင်းအနှီးများ ပံ့ပိုးရန်နှင့် အသေးစား ငွေစုငွေချေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အများပိုင်ငွေကြေးအဖွဲ့တစ်ခု ထူထောင်နိုင်ရေးအတွက် သမဝါယမအသင်း လီမိတက်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက အောက်တိုဘာလ ၉ ရက်တွင် ကျင်းပသော ဗဟိုသမဝါယမ အသင်းလီမိတက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး၌ ပြောကြားခဲ့သည်။ အများပိုင်ငွေကြေးအဖွဲ့ကို ထူထောင်ရန် ဗဟိုသမဝါယမအသင်းနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဥပဒေများနှင့်အညီ ဖွဲ့စည်းမည်ဟု သိရသည်။ ယင်းအဖွဲ့သို့ ကုမ္ပဏီများ၊ သမဝါယမ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီလည်း အသင်းဝင်နိုင်ပြီး စုဆောင်းငွေများ ထည့်ဝင်နိုင်ကြောင်း သိရသည်။ “ကျွန်တော်တို့ဘက်က ချေးနိုင်တယ်။ ဒီနှစ်ထဲမှာ ၃၁ ဖွဲ့ ထပ်ရဖို့ ကြိုးစားနေတယ်။ သို့သော် မန်နေဂျာရှိမှသာ ချေးငွေထုတ်ပေးနိုင်မှာဖြစ်လို့ မန်နေဂျာတွေ ရှာနေတယ်။ မန်နေဂျာရတာနဲ့ ရတဲ့မြို့ကို ချက်ချင်းငွေချေးသွားမှာပါ” ဟု ဗဟိုသမဝါယမအသင်း လီမိတက်မှ တာဝန်ရှိသူက ပြော သည်။ ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေ အခြေခံ လူတန်းစားများ ငွေကြေးအရင်းအနှီး လိုအပ်ချက်အတွက် Micro Finance အစီအစဉ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအစဉ်များ၊ သမဝါယမအသင်းများ၏ အစီအစဉ်များနှင့် စေတနာရှင်များ၏ အစီအစဉ်ဖြင့် ဝိုင်းဝန်းဆောင်ရွက် နေသော်လည်း ငွေကြေး လုံလောက်မှု မရှိသဖြင့် အများပိုင်ငွေကြေးအဖွဲ့ ထူထောင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်