Subscribe to our RSS Feed

တရားဝင်ကုန်သွယ်မှု မြင့်တက်ရေး FDA သွင်းကုန်ထောက်ခံချက် သက်တမ်းလေးဆ တိုးမြှင့်

From : ခေတ်လူငယ်

မြန်မာ့ကုန်သွယ်ရေးကဏ္ဍတွင် တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှု တိုးတက်လာစေရန်အတွက် ဖြေလျှော့မှုအဖြစ် FDA ထောက်ခံချက် သက်တမ်းကို ယခင် ခြောက်လ ခွင့်ပြုခဲ့ရာမှ နှစ်နှစ်အထိ သက်တမ်းတိုးမြှင့် ပြင်ဆင်ပေးလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ သိရသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က “အရင် ခြောက်လသက်တမ်းကနေ နှစ်နှစ်အထိ သက်တမ်း တိုးပေးလိုက်တာပါ။ လုပ်ငန်းရှင်တွေ အနေနဲ့ ခဏခဏ သက်တမ်း မတိုးရတော့ဘူးပေါ့။ တင်သွင်းခွင့် ထောက်ခံချက်အတွက် ဖြေလျှော့ပေးလိုက်တာပါ” ဟု ပြောသည်။ ယခုအခါ အဆိုပါဌာနအနေဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရုံးခွဲတစ်ခုနှင့် ၁၇ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်၌ ရုံးခွဲတစ်ခုတို့ကို အသီးသီးဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာ့ကုန်သွယ်ရေးကဏ္ဍတွင် အဓိက ပါဝင်လုပ်ကိုင်နေသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် (FDA) မှ ဝန်ဆောင်ခအဖြစ် အလုပ်အပ်နှံမှု တစ်ခုတွင် ပစ္စည်းအမည်ငါးခု ဖြစ်ပါက တစ်ခုလျှင် ကျပ် ၁၀၀၀၀ ဖြင့် ကျပ် ၅၀၀၀၀၊ ပစ္စည်းခြောက်မျိုးမှ ၁၀ မျိုးအထိ ကျပ် ၆၀၀၀၀၊ ၁၁ မျိုးမှ ၁၅ မျိုးအထိ ကျပ် ၇၀၀၀၀ အဖြစ် အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အဓိကတော့ တရားမဝင် ကုန်သွယ်မှုတွေကို တရားဝင်ဖြစ်အောင် ဆောင်ရွက်လုပ်ကိုင်နေတာပါ။ အခုလို ထောက်ခံချက် သက်တမ်း တိုးပေးလိုက်တာဟာ ကုန်သည်တွေအတွက် မမျှော်မှန်းထားတဲ့ အခွင့်အရေးတစ်ရပ်ပါပဲ” ဟု မှတ်ချက်ပေးမည်။ မြန်မာ့ကုန်သွယ်မှု ကဏ္ဍ ကုန်သွယ်မှုတန်ဖိုးသည် ယခင်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော်အထိ ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်