
ခေတ်လူငယ်











အိန္ဒိယဝန်ကြီး မာယာဝတီကို ကိုယ်စားပြုသော ဆင်ပုံများသည် မဲဆန္ဒရှင်များအား သွေးဆောင်နေသည် ဟုဆိုကာ ပြသခြင်းမလုပ်ရန် ရွေးကောက်ပွဲကော်မရှင်က သတိပေးလိုက်သည်။ ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင် နောက်လတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြည်သူ့ဘဏ္ဍာများ သုံးစွဲ၍ ယင်းအရုပ်များ ပြသထားခြင်းက ဥပဒေကို ချိုးဖောက်ရာ ရောက်သည်ဟု ရွေးကောက် ပွဲကော်မရှင်က ပြောကြားလိုက်သည်။
မာယာဝတီကို အိန္ဒိယဇာတ်နိမ့်များက သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ် ပြုထားကြသည်။ 'ရွေးကောက်ပွဲဟာ နိုင်ငံရေး ပါတီအားလုံးအတွက် အခွင့်အရေး တန်းတူပေးထားတာပါ'ဟု ရွေးကောက်ပွဲကို ကြီးကြပ်နေသော အရာရှိ မစ္စတာယူမက်ရှ် ဆင်ဟာက ရှင်းလင်းတင်ပြသည်။မာယာဝတီကလည်း စက်ဘီးစီးခြင်းနှင့် ရေကန်များတွင် ကြာပန်းများ ထားရှိခြင်းမှာ ပြိုင်ဘက်ပါတီ၏ သင်္ကေတဖြစ်သောကြောင့် ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည်။
Myanmar Express
မြန်မာနိုင်ငံမှ စွမ်းအင်ကဏ္ဍ၊ လေကြောင်းသယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ထိုင်းနိုင်ငံ Samart Corporation Pclက ပြောကြားလိုက်ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ အစိုးရနှင့်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းကိစ္စများကို ပြောဆိုဆွေးနွေးကြမည် ဖြစ်ကြောင်း ယင်းကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌက ၁၈-၁-၂ဝ၁၂ရက်တွင် ပြောကြားသည်။ အဆိုပါ Samartကော်ပိုရေးရှင်းသည် ၂ဝ၁၁ နှစ်ကုန်အပြီး ၂ဝ၁၂ အတွက်အမြတ်ငွေစာရင်း တွက်ချက်ထားမှုတွင် ယခင်ထက် ၂၅ ရာခိုင်နှုန်းအထိ တက်လာမည်ဟု မျှော်မှန်းထားပြီး ၂ဝ၁၃ တွင် ထိုင်းဘတ်ငွေ သန်း၃ဝ အမြတ်ရရှိမည်ဟု တွက်ချက်ထားကြသည်။ ယင်းတို့သည် မြန်မာနိုင်ငံ၏ အလားအလာကို လေ့လာနေပြီး အိမ်နီးချင်း လာအိုနိုင်ငံကိုပါ မျက်စိကျနေသည် ဟုလည်းဆိုသည်။
''ကျွန်တော်တို့ ဒီနှစ်ထဲမှာ လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ဖို့ ကြည့်နေတာတွေ ရှိပါတယ်။ အခြေခံအားဖြင့် ရင်းနှီးမြှုပ်နှံချင်တဲ့ အပိုင်းတွေက စွမ်းအင်၊၊ လေကြောင်း သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေမှာ လုပ်ချင်နေပါတယ်'' ဟု Samart၏ ဥက္ကဌ WatchaiVilailuckက ပြောကြားသည်။ Samart ကော်ပိုရေးရှင်းအနေဖြင့် ၎င်းတို့၏အဓိက လုပ်ငန်းစုအဖြစ် Samart I-Mobile Pcl နှင့် Telecom Pclကို အခြေခံလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။''တကယ်လို့သာ အခွင့်အရေးရခဲ့လို့ အဲဒီနိုင်ငံတွေ (မြန်မာ-လာအို) ရဲ့ အာဏာပိုင်တွေနဲ့ စကားပြောခွင့်ရမယ်ဆိုရင် အလုပ်လုပ်ဖို့ အခွင့်အလမ်းကောင်းတွေ ဒီထက်မကပိုပြီး ပြောဖြစ်ကြမှာပါ'' ဟု၎င်းက ဆက်လက်ပြောကြားပြီး ၎င်းတို့အနေဖြင့် လာအိုနိုင်ငံတွင် မိုဘိုင်းဖုန်းကဏ္ဍကို ဝင်ရောက်လုပ်ကိုင်နေပြီးသား ဖြစ်သည်ဟု ဆိုသည်။ ''အဲဒီနှစ်ခုကိုသာ ကောင်းကောင်း ရင်းနှီးမြှုပ်နှံသွားရမယ်ဆိုရင် ထိုင်းဘတ်ငွေ ဘီလျံချီပြီး ရင်းနှီးမြှုပ်နှံရမှာပါ'' ဟုWatchai က ဆက်လက်ပြောကြားသည်။
Myanmar Express
အာရှတိုက်သားများသည် ဇန်န၀ါရီလ ၂၃ ရက်၌ မီးရှူးမီးပန်း၊ ဗြောက် အိုးများ၏ ကျွက်ကျွက်ညံသံဖြင့် နဂါးနှစ်ကို ကြိုဆိုကြသည်။
တရုတ် ၁၂ ရာသီခွင် မှ ခွန်အားအကြီးဆုံး နဂါးသည် ၎င်း ကိုယ်စားပြုသည့် ချမ်းသာကြွယ်ဝ ခြင်းနှင့် စွမ်းအားတွင် ကဏ္ဍသစ်တစ်ရပ် ကို ဖွင့်ပေးလိမ့်မည်ဟု ၎င်းတို့က မျှော်လင့် နေကြသည်။
အာရှရှိလူများအတွက် အရေးအကြီး ဆုံး အားလပ်ရက်ဖြစ်သော တရုတ် နှစ်သစ်ကူးနေ့တွင် စားသောက်ပွဲများ တည်ခင်း၍ နဂါးအကများ ကြည့်ရှုကာ မိသားစုများ ပြန်လည်တွေ့ဆုံရန် မလေး ရှားနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံအထိ သန်းပေါင်းများစွာသော လူများသည် ဝေးလံသော ခရီးများထွက်ကြသည်။
ညဥ့် ၁၂ နာရီထိုးသည်နှင့် တရုတ် နိုင်ငံအနှံ့တွင် မကောင်းဆိုးဝါးများကို နှစ်သစ်တွင် တားဆီးရန် မီးရှူးမီးပန်း၊ ဗြောက်အိုးများ ဖောက်ကြသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ် တရုတ် နှစ်သစ်ကူးနေ့ကို တရားဝင် အားလပ် ရက်အဖြစ် ပထမဦးဆုံးသတ်မှတ်ခဲ့သည်။
စီးပွားရေးအသိုင်းအ၀ိုင်းရှိ အချို့လူများက ထိုသတ်မှတ်ချက်ကို ကန့်ကွက်ကြသေးသည်။ တရုတ် ၁၂ ရာသီခွင် ၁၂ ခုတွင် နဂါးသည် ဂုဏ်သိက္ခာ၊ ကံကြမ္မာနှင့် စွမ်းအားကို ဖော်ကျူးသည်ဟု ဗီယက်နမ် နိုင်ငံက ယုံကြည်သည်။
တရုတ်နိုင်ငံ တစ်ဝန်းရှိ ဆေးရုံများက ယခုနဂါးနှစ်တွင် ကလေးမွေးလိုသည့် စုံတွဲများအတွက် မွေးပေးရန် အားတင်းနေကြသည်။
စင်ကာပူနိုင်ငံတွင် နိုင်ငံခြားမှ အလုပ် သမားများအား မှီခိုနေရမှုကိုလျှော့ ချရန် ၀န်ကြီးချုပ် လီရှန်လွန်းက နဂါးနှစ်ကို အခွင့်အရေး ယူ၍ ပေကတ်ကတ်နိုင်၍ နည်းနေသည့် ကလေးမီးဖွားနှုန်းကို မြှင့်တင်ရန် ဆော်ဩလိုက်သည်။
တရုတ်ပြည်မမှ သောင်းချီရှိသော ကိုယ်ဝန်သည်များသည် ၎င်းတို့၏ ကလေးများ ဟောင်ကောင်တွင် နေထိုင်ခွင့်ရရှိရန် နှစ်စဉ် ဟောင်ကောင်တွင် ကလေးလာမွေးကြရာ ယခုနှစ်၌ဆေးရုံရှိ ခုတင်များ အကန့်အသတ်ရှိပြီး မွေးဖွားခ မြင့်တက်နေမှုကြောင့် နဂါးနှစ်က ကောင်းကျိုးပြုနိုင်မည်မဟုတ်ချေ။
အချို့ နက္ခတ်ဗေဒင်ဆရာနှင့် ဂမ္ဘီရ ဆရာတို့၏ ဟောကိန်းအရ ယိမ်းယိုင် နေပြီဖြစ်သော ကမ္ဘာသို့ နဂါးနှစ်တွင် သဘာဝဘေး အန္တရာယ်များနှင့် ငွေကြေး မတည်ငြိမ်မှုကို သယ်ယူလာမည်ဖြစ်မည်ဟု သိရသည်။
ဟောင်ကောင် ဖယ်(န်) သျှူးပညာရှင် အန်တိုနီချန်းက ၂၀၁၂ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ကျော်မကောင်း ကြားမကောင်း အကျင့် ပျက်မှုတစ်ခု တရုတ်နိုင်ငံ၌ ရိုက်ခတ်လိမ့်မည်ဟု သတိပေးပြီး ရာထူးမြင့် တရုတ်အရာရှိ ကြီးများသည် ရာထူးချခံရပြီး အကျဉ်း ချခံရကာ သေဆုံးသည်အထိရှိနိုင်ကြောင်းကိုလည်း ပြောသည်။
အာရှတစ်လွှားရှိ လူများသည် ကမ္ဘာကြီးပျက်မည့်ကိန်းကို ဂရုမစိုက်ဘဲ မိသားစုများနှင့်အတူ သွားလာလည်ပတ်ခြင်း၊ စားပွဲ၊ ဧည့်ခံပွဲများ ကျင်းပခြင်းနှင့် ဘုရားဖူးခြင်းများ ပြုလုပ်နေကြသည်။
ထိုင်း ဘုရင့်တော်ဝင်မိသားစု ရှယ်ယာပိုင်ဆိုင်သော Siam ဘိလပ်မြေ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်သွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း ပြည်ပသတင်းဌာန၏ ဖော်ပြချက်အရ သိရပြီး ယင်းကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံပါက ပြည်တွင်းရှိ စက်ရုံများ အနေဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုများ ပြင်းထန်လာမည်ဖြစ်ကြောင်း ပြည်တွင်း ဘိလပ်မြေစက်ရုံ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
Siam Cement ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လွန်ခဲ့သောနှစ်နှစ် ကတည်းက လေ့လာမှုများ ပြုလုပ်နေခဲ့သည်ဟု သိရပြီး ထိုင်းနိုင်ငံမှ ဘိလပ်မြေပစ္စည်းများ ပြည်တွင်းဈေးကွက် နေရာရယူနိုင်မှုရှိနေခြင်း ကို လေ့လာထားပြီး ဖြစ်သည်ဟု ဆိုသည်။ ''ကျွန်တော်တို့ လေ့လာနေခဲ့တာ ကြာပါပြီ။ မြန်မာမှာ လုပ်ကိုင်ခွင့်ရမယ့် အခွင့်အလမ်း အနေအထားတွေကို လေ့လာနေခဲ့တာ နှစ်နှစ်ရှိခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်က မြန်မာအစိုးရရဲ့ ပြည်ပကလာမယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ချမှတ်မယ့် ပေါ်လစီအပေါ် တည်မှီနေပါတယ်'' ဟု ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ Kan Jrakulhoonက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ကြီးထွားလာနေမှုကိုလည်း သတိပြုမိနေသည်ဟု ဆိုပြီး မြန်မာနိုင်ငံဘက်မှ သတင်းအချို့အရ တစ်နှစ်လျှင် ဘိလပ်မြေသုံးစွဲမှုပမာဏ တန်ခြောက်သန်းရှိနေကြောင်း သိရသည်။ ''ထိုင်းက လာမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အိမ်နီးချင်းလည်း ဖြစ်နေတယ်။ ဒီဘက်က ဖွံ့ဖြိုးလာမယ့် အရိပ်အယောင်တွေကိုလည်း သူတို့လေ့လာနေမှာ အမှန်ပဲ။ မြန်မာ့ဈေးကွက်ကို ထိုင်းဘိလပ်မြေတွေ လာရင်းနှီးပြီးသားဆိုတော့ သူတို့က အရင်အကောင်အထည် ပေါ်နိုင်တယ်'' ဟုကမ္ဘောဇကုမ္ပဏီမှ ဘိလပ်မြေဆိုင်ရာ အကြံပေးအရာရှိ ဦးစိုးနိုင်က ပြောကြားသည်။ SCGဘိလပ်မြေ လုပ်ငန်းကို ထိုင်းဘုရင့်တော်ဝင် မိသားစုက ရှယ်ယာ ၃ဝရာခိုင်နှုန်း ပိုင်ဆိုင်သည် ဟုလည်း သိရသည်။


Facebook ပေါ်မှ မိမိလှုပ်ရှားထားသမျှ ဟိုးတုန်းက ဒေတာများ အားလုံးကို ဖော်ပြတော့မှာ ဖြစ်တာကြောင့် မိမိမမြင်စေလို၊ မသိစေလိုသော အချက်အလက်များ၊ ပုံများ၊ စာများကို တစ်ပတ် အတွင်း ၀ှက်ရန်အတွက် facebook က ၇ ရက် အချိန်ပေးထားပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ Timeline ကို မနှစ်သက်၍သော်လည်းကောင်း၊ မသိ၍သော်လည်းကောင်း မသုံးပဲ ထားသူ အားလုံးလည်း မဖြစ်မနေ သုံးကြရမှာဖြစ်ပြီး facebook က အလိုအလျှောက် ပြောင်းလဲသွားမှာဖြစ်ပါတယ်။
Timeline ၏ သဘောအရ facebook စ တင် အသုံးပြုချိန်မှ စပြီး အချိန်ပိုင်းအလိုက် ခွဲခြား သိမ်းဆည်းထားမှာ ဖြစ်တာကြောင့် မိမိရဲ့ တစ်ချိန်က လှုပ်ရှားထားသမျှကို အခြားသူများက သိရှိနိုင်မှာဖြစ်ပါတယ်။ Facebook သုံးစွဲသူ ၃၀% ခန့်သာ Timeline ကို နှစ်သက်ကြပြီး အများစုက သဘောမကျကြဘူးလို့ သိရပေမယ့် Timeline ရဲ့ အားသာချက်ကတော့ ဒေတာများကို ကြိုက်တဲ့ ရက်စွဲနဲ့ ပြောင်းလဲတင်နိုင်ခြင်း ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှ ရင်သားအတွင်း ထည့်သွင်းသည့် ဆီလီကွန် ထုတ်လုပ်သူ ကုမ္ပဏီပိုင်ရှင် တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ပေါက်ကွဲမှုများ ဖြစ်နိုင်သည်ဆိုသော အခြေအနေကြောင့် အဆိုပါ ဆီလီကွန် ထည့်သွင်းထားသူ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများအတွက် သောကပွေစေခဲ့သည့် လုပ်ငန်းရှင်အား ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ကြာသပတေးနေ့က ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
(ဂျင်းကလော့စ်မက်စ်အား ဖမ်းဆီးသွားစဉ်)
ဂျင်းကလော့စ်မက်စ်သည် ထိုနေ့ နံနက် အစောပိုင်းက နေအိမ်တွင် ရှိနေစဉ် ရဲတပ်ဖွဲ့၏ စီးနင်း ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း TF 1ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။ မက်စ်၏ လက်ထောက်အရာရှိဟောင်း ကလောက်ဒ်ကူတီကိုလည်း ရဲများက ထိန်းသိမ်းထားလိုက်သည်။ မက်စ်သည် Poly Implants Prothesesကို ဖွင့်လှစ် ထူထောင်ခဲ့သော်လည်း (၂၀၁၀)ပြည့်နှစ်က စာရင်းဖျက်သိမ်းကာ ပိတ်ပစ်ခဲ့သည်။ နောက်ပိုင်း စစ်ဆေးမှုများအရ ၎င်းသည် ငွေကြေး သက်သာစေရန်အတွက် ထုတ်ကုန်များတွင် အရည်အသွေး မပြည့်မီသည့် ဆီလီကွန်များကို သုံးစွဲခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။
(ရင်သားအတွင်း ထည့်သွင်းသည့် PIP ဆီလီကွန်အား ပြသနေသည့် ဂျင်းကလော့စ်မက်စ်)
ထိုဆီလီကွန် ပစ္စည်းများမှ အဆီတစ်မျိုး ထွက်ပေါ်လာတတ်ကြောင်း သိရှိရပြီး ပြင်သစ် ကျန်းမာရေး အာဏာပိုင်များက ထိုအဆီသည် ကင်ဆာနှင့် ဆက်စပ်နေကြောင်း အထောက်အထား မတွေ့ရဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ဆီလီကွန်များ ပေါက်ကွဲမှုသည် အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်သဖြင့် အဆိုပါ ကုမ္ပဏီမှ ထုတ်ကုန်များကို ထည့်သွင်းထားသည့် အမျိုးသမီးတိုင်း ပြန်လည် ခွဲထုတ်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။ ဗြိတိန်နှင့် အချို့သော နိုင်ငံများကမူ ထိုရင်သားတွင်း ထည့်သွင်းပစ္စည်း သိုမှီးထားသူ အမျိုးသမီးများကို စောင့်ကြည့်နေရုံသာ လိုအပ်ပြီး အရေးတကြီး ခွဲထုတ်ရန် စိုးရိမ်စရာ မရှိကြောင်း ယူဆထားသည်။
(ရင်သားအတွင်းထည့်သွင်းသည့် PIP ဆီလီကွန်)


ဒီနေ့ မြန်မာနိုင်ငံရဲ့ မြင်ကွင်းကို ကြည့်မယ်ဆိုရင် သမ္မတအိုဘားမား ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက သုံးခဲ့သလို Change ဆိုတဲ့ အပြောင်းအလဲ မြင်ကွင်းကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အပြောင်းအလွဲမှ သာမန်ရိုးကျ အပြောင်းအလဲ မဟုတ်ပါဘူး။ သမိုင်းဝင်မယ့်အပြောင်းအလဲ၊ သမိုင်းတွင်မယ့် အပြောင်းအလဲ Historic Change အပြောင်းအလဲ ဖြစ်ပါတယ်။
ဒီအပြောင်းအလဲကို မြန်မာအစိုးရ (တစ်နည်းအားဖြင့်) တပ်မတော်အစိုးရ လက်ထက်က ခါးခါးသီးသီး ဝေဖန်ခဲ့ကြ၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြတဲ့ ဥရောပသမဂ္ဂတို့၊ အမေရိကန် ပြည်ထောင်စုတို့ကလည်း လက်ခံ လာခဲ့ကြပါပြီ။ အဲဒါကြောင့် အဖွဲ့ဝင်(၂၇)နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့ စဉ်းစားနေပါပြီ။ ပုံမှန်အားဖြင့်တော့ နှစ်စဉ်တိုင်းမှာ ဧပြီလကျမှ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေး၊ ဆက်လက် ထားရှိရေးကို ဆုံးဖြတ် နေကျဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ နယ်ပယ်အသီးသီးက ဖြစ်ထွန်းတိုးတက်မှု တွေကြောင့် ဖေဖော်ဝါရီလ ကစပြီး မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရေး ဆွေးနွေးဖို့ ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းနိုင်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းချက်တွေ ထွက်ရှိနေပါတယ်။
ဒါနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ ပြောခွင့်ရ Maja Kocijanicic က "မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ခဲ့ တာတွေက ထင်မှတ်ထားတာထက် ပိုတာသွား နေတာကို တွေ့ခဲ့တဲ့အတွက် ပြန်လည် သုံးသပ်တာ တွေက အပြုသဘော ဆန်တဲ့ တိုးတက် ပြောင်းလဲတာတွေ ရှိလာမှာပါ၊ ဒါပေမယ့် ပိတ်ဆို့ အရေးယူတာ တွေအတွက် အပြောင်းအလဲနဲ့ ပတ်သက်တဲ့ အချိန် အတိအကျကိုတော့ ကျွန်မ မပြောနိုင်ပါဘူး" လို့ ပြောပါ တယ်။
မြန်မာနိုင်ငံ အစိုးရသစ်ဟာ အပြောင်းအလဲ လုပ်ဆောင်ရေးမှာ အမှန်တကယ် အလေးအနက်ရှိကြောင်း အမေရိကန် အထက်လွှတ်တော် ရစ်ပါဘလစ်ကန်ပါတီ အမတ် မစ္စတာ Mitch McConnell ကလည်း ပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ သမ္မတကြီး ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်း စုကြည် တို့နဲ့ တွေ့ဆုံအပြီးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကောင်းမြင်မိတာ ခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်တဲ့ အကြောင်း၊ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းတာဟာ လမ်းကြောင်းမှန်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ရင် သမ္မတ အိုဘားမား အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ် လို့လည်း AFP သတင်းဌာနကို ပြောဆိုခဲ့ပါသေးတယ်။
ဧပြီလ(၁)ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိဆိုတာ ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ အတွက် စမ်းသပ်ချက်တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ဟာ အစစ်အမှန် ပြောင်းလဲရေးသမား တစ်ဦးဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်၊ အလားတူ ဒေါ်အောင်ဆန်းစုကြည် ကလည်း ယုံကြည် ထားပါတယ်လို့လည်း ထိုင်းနိုင်ငံကို ရောက်နေတဲ့ မစ္စတာ Mitch McConnell က ပြောဆိုပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့၊ တိုင်းရင်းသားအရေး ဦးစားပေး ဆောင်ရွက်ဖို့၊ မြောက်ကိုရီးယား နဲ့ဆက်ဆံရေး လုပ်ဖို့လည်း တိုက်တွန်းသွားပါတယ်။
ဒီနေရာမှာ အချက် နှစ်ချက်လောက်ကို အနည်းငယ် ဆွေးနွေးလိုပါတယ်။ ပထမတစ်ချက်က ပြုပြင်ပြောင်းလဲမှုတွေ အစစ်အမှန် ဖြစ်ပါတယ်လို့ ယုံကြည်ပါလျက်နဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေး တောင်းဆိုရာမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောတူညီချက်ရမှ ဖြစ်နိုင်မယ့် လေသံမျိုး ပြောနေတာကတော့ မူကိုမကြည့်ဘဲ လူကိုကြည့်ရာ ရောက်လွန်းမယ် ထင်ပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံကို မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး မလုပ်ဖို့ ပြောတာ ကလည်း ပြည်တွင်းရေး အပေါ်မှာ သြဇာပေးရာ ရောက်လွန်းနေပါတယ်။ နျူးကလီးယား အရေးနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံဟာ မြောက်ကိုရီးယား နိုင်ငံနဲ့ ပတ်သက်မှု မရှိဘူး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် တွေကို အပြည့်အဝ လိုက်နာ နေတယ်ဆိုတာ အတိအလင်းပြောဆိုထားပြီး ဖြစ်သလို၊ ဒါကို အမေရိကန် ပြည်ထောင်စု ကလည်း အသိပဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံတာဟာ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရေး အရ ဆက်ဆံနေတာ ဖြစ်ပါတယ်။ ဒါကို အမေရိကန်ပြည်ထောင်အနေနဲ့ မြောက်ကိုရီးယားနဲ့ အဆက်အဆံ မလုပ်ဖို့၊ အီရန်နဲ့ အဆက်အဆံ မလုပ်ဖို့ ပြောဆိုဖို့တော့ မသင့်ဘူးလို့ ရှု့မြင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဒီနေ့ အပြောင်းအလဲတွေဟာ အစစ်အမှန် အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတာကို ယုံကြည်လက်ခံပြီး ဖြစ်တဲ့အတွက် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို စောနိုင်သမျှ အစောဆုံး ရုတ်သိမ်းပေးဖို့ တိုက်တွန်း သင့်ပြီလို့ ထင်ပါတယ်။ ဒါဟာ လက်ရှိ မြန်မာအစိုးရ အကျိုးအတွက်လည်း မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် အကျိုး အတွက်လည်း မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အကျိုးအတွက်သာ ဖြစ်ပါတယ်။ အစိုးရဆိုတဲ့ အမြင်မျိုး၊ အတိုက်အခံ ဆိုတဲ့ အမြင်မျိုး၊ သံသယတွေ ကင်းစင်ဖျောက်ဖျက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေး ဆောင်ရွက်ရာမှာ တစ်ရက်စောလေ ပြည်သူအတွက် တစ်ရက်အကျိုး ပိုပြီးခံစားရလေပဲ ယုံကြည်မိတာကြောင့် ဒီပို့စ်လေးရေး ဖြစ်သွားတာပါ။
ကိုပြည်ချစ်
Myanmar Express
အသက် ၃၆ နှစ်ရှိ အမျိုးသမီး ရှေ့နေ နာအိုမီ ကိုရှိ (အလယ်) နှင့် သူမအားထောက်ခံသူများ အောင်ပွဲခံနေကြစဉ်၊
နိုင်ငံရေးသမား အများစုမှာ အသက်ကြီးသော အမျိုးသားများသာ ဖြစ်ကြသော ဂျပန်နိုင်ငံတွင် အိုးဆုမြို့ (大津市 Ōtsu-shi) မှ မဲဆန္ဒရှင်များက အသက် ၃၆ နှစ်ရှိ အမျိုးသမီးတစ်ဦးအား နိုင်ငံ၏ အသက်အငယ်ဆုံး မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ဂျပန်နိုင်ငံ အနောက်ဘက်ရှိ ရှိဂါး စီရင်စုနယ် အိုးဆုမြို့တွင် ဇန်နဝါရီလ ၂၂ ရက်တွင် မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ဟားဗာ့ဒ် တက္ကသိုလ်မှ ဘွဲ့ရသော နာအိုမီ ကိုရှိ (Naomi Koshi) သည် သူမထက် အသက်နှစ်ဆကြီးသော လက်ရှိမြို့တော်ဝန်အား မဲနိုင်ပြီး ရှိဂါး စီရင်စုနယ် (滋賀県, Shiga-ken) ၏ မြို့တော် အိုးဆု (Otsu) တွင် မြို့တော်ဝန်ဖြစ်လာခဲ့သည်။
အိုးဆုမြို့ (大津市 Ōtsu-shi)
ရှိဂါး စီရင်စုနယ် (Shiga prefecture) ၏ အုပ်ချုပ်ရေးမှူး (governor) မှာလည်း အမျိုးသမီးဖြစ်နေရာ ဂျပန်နိုင်ငံတွင် ဒေသတစ်ခု၏ ထိပ်ဆုံးရာထူးနှစ်ခုတွင် အမျိုးသမီးများ နေရာရရှိနေသည်မှာ နိုင်ငံတွင် ပထမဆုံး ဖြစ်သည်။
ရှိဂါး စီရင်စုနယ် (滋賀県, Shiga-ken)
မစ္စ် ကိုရှိ (Ms Koshi) အား လက်ဝဲယိမ်း ဂျပန် ဒီမိုကရစ်တစ်ပါတီဝင် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ က ကျောထောက်နောက်ခံပြုပေးသည်။ သူမသည် အသက် ၇၀ ရှိ မာကိုတို မေကာတာ (Makoto Mekata) အား မဲအရေအတွက် ငါးချိုး လေးချိုးဖြင့် အနိုင်ရခဲ့သည်။ ဂျပန်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးလောကတွင် အမျိုးသမီးခေါင်းဆောင် အရေအတွက် နဲသည်။ အောက်လွှတ်တော်အမတ် ၁၁% နှင့် စီးပွားရေးလုပ်ငန်းများတွင် ၁% သာရှိသည်။
|
|
| Subscribe to Myanmar Express Group |
| Visit this group |
Myanmar Express Group သို့ စာမူ ပို့လိုလျှင် mm.exps@gmail.com သို့ လိပ်မူ ပေးပို့ နိုင် သည်။
အယ်ဒီတာ ထံသို့ အကြံပေး၊ တိုင်ကြား လိုလျှင် editor@myanmarexpress.net သို့ ပေးပို့ နိုင် ပါသည်။
