From : သာနောင်
Android နှင့် iOS Platform စနစ် အသုံးပြုမိုဘိုင်းဖုန်းများတွင် ကစားနိုင်မည့် မြန်မာဂိမ်းတစ်ခုကို စင်ကာပူနိုင်ငံ အခြေစိုက် Rival Edge Pte Ltd မှ မြန်မာကွန်ပျူတာပညာရှင်များက ရေးဆွဲထားပြီဖြစ်ပြီး ယခုလ နောက်ဆုံးပတ်အတွင်း Apple Store ပေါ်တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အခမဲ့ရယူနိုင်မည့် မိုဘိုင်းဂိမ်းဖြစ်သည့် အဆိုပါဂိမ်းအမည်မှာ ငတက်ပြားဖြစ်ပြီး အချိန်ပြည့် ပြေးလွှား လှုပ်ရှားနေရပြီး မိုင်ပေါင်းမည်မျှ ပြေးနိုင်သည်။ ပြေးခဲ့သည့် လမ်းတစ်လျှောက် ရွှေထုပ် မည်မျှရရှိသည် ဆိုသည့် အချက်များကို ထည့်သွင်းရေးဆွဲထားသည့် ဂိမ်းအမျိုးအစား တစ်ခုဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်စည်သူကျော်က ပြောသည်။ Android နှင့် iOS Platform စနစ်ရှိ မိုဘိုင်းဖုန်းများပေါ်တွင် ကစားနိုင်သော Temple Run နှင့် Jetpack Joyride ကဲ့သို့ အချိန်ပြည့် ပြေးလွှားနေရသည့် ဂိမ်းအမျိုးအစားများနှင့် ဆင်တူသည့် ငတက်ပြားဂိမ်း၏ ထူးခြားချက်မှာ နောက်ခံတီးလုံးကို ငတက်ပြားဂိမ်း၏ ဇာတ်ကောင်လှုပ်ရှားမှုပေါ် အခြေခံပြီး မြန်မာ့ရိုးရာ ဆိုင်းတီးလုံးဖြင့် ဖန်တီး ထားခြင်း ဖြစ်သည်။ နိုင်ငံတကာရှိ မြန်မာများ ကစားနိုင်ရန် အတွက် သီးသန့် ရေးဆွဲ ထားသည့် မြန်မာဘာသာများဖြင့်သာ ပါရှိမည်ဖြစ်ပြီး 2D Platform ပေါ်တွင် ကစားနိုင်မည်ဖြစ်သည်။ ငတက်ပြား ဂိမ်းသည် နောက်ဆုံးအဆင့် မရှိဘဲ တစ်ချိန်ချိန်တွင် ဇာတ်ကောင် သေဆုံးမည် ဖြစ်သည်။ အဓိက ကစားရမည်မှာ မိုင်ပေါင်းမည်မျှ ပြေးနိုင်ပြီး ငွေထုပ်ပေါင်း၊ ရတနာတုံးပေါင်း၊ ရွှေပြားပေါင်း မည်မျှရှာနိုင်သည် ဆိုသည့်အချက် ဖြစ်သည်။ မြန်မာကွန်ပျူတာပညာရှင်များ ရေးဆွဲထားသည့် ငတက်ပြားဂိမ်းသည် စတင်ထွက်ရှိပြီး လအနည်းငယ်အကြာတွင် ပိုမိုအဆင့်မြင့်တင်ထားသည့် ဗားရှင်းအဖြစ် ဆက်လက် ထွက်ရှိလာမည်ဟု သိရသည်။ ကမ္ဘာကျော် အွန်လိုင်းစတိုးဖြစ်သည့် Apple Store ပေါ်တွင် ယခုနောက်ပိုင်း မြန်မာ Developer များ ရေးဆွဲသည့် ဂိမ်းများသည် ခပ်စိပ်စိပ် ရယူ အသုံးပြုလာနိုင်ကြသည်ဟု ပြည်တွင်းပြည်ပ အွန်လိုင်းကျွမ်းကျင် အသုံးပြုသူများထံမှ သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်