From : MRTV4
ယခုလ အတွင်းမှ စတင် ထွက်ရှိလာတဲ့ လွှတ်တော် ဂျာနယ်ကို နှစ်ပတ် ၁ ကြိမ် ထုတ်ဝေ လျက်ရှိရာ စက်တင်ဘာလ ၁၂ ရက်နေ့က လွှတ်တော် ဂျာနယ် အမှတ် ၁ ကို စတင် ထုတ်ဝေခဲ့ပြီး အခု စက်တင်ဘာလ ၂၄ ရက်နေ့ မှာတော့ ဒုတိယ အကြိမ်အဖြစ် လွှတ်တော် ဂျာနယ် အမှတ် ၂ ကို ထပ်မံ ထုတ်ဝေ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမှတ်၂ လွှတ်တော် ဂျာနယ်မှာ- ၂၀၁၂ ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဖတ်ကြားခဲ့တဲ့ စာတမ်းများ၊ အခမ်းအနား မြင်ကွင်းများ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အဖွဲ့ဝင်များ သြစတြေးလျ နိုင်ငံနှင့် စင်္ကာပူ သမ္မတနိုင်ငံ များသို့ ချစ်ကြည်ရေး ခရီးများ သွားရောက် ခဲ့ခြင်း၊ မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့မှ အမေရိကန် အထက် လွှတ်တော်သို့ လေ့လာရေး ခရီးသွားရောက်ခြင်း အစရှိတဲ့ လွှတ်တော်မှ တာဝန်ရှိ သူများရဲ့ လုပ်ဆောင်ချက်များ၊ သတင်း အချက်အလက်များနဲ့ သတင်း ဓါတ်ပုံများကို ဖော်ပြပါရှိ ထားပါတယ်။ ဒါ့အပြင် ဘ၀ တိုးတက်ရေး အတွက် ပညာရပ်ဆိုင်ရာ ဆောင်းပါး များလည်း ပါဝင် ပါတယ်။ အဆိုပါ လွှတ်တော် ဂျာနယ်ကို လွှတ်တော် ရုံးမှ တာဝန်ယူ ထုတ်ဝေတာ ဖြစ်ပြီး ဂျာနယ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက် ကတော့ လွှတ်တော် ဆိုင်ရာ သတင်းများကို ပြည်သူများ မှန်ကန် ခိုင်မာစွာနဲ့ အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့ အတွက် ထုတ်ဝေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်များနဲ့ လွှတ်တော် အဖွဲ့အစည်းများရဲ့ တိုင်းကျိုး ပြည်ပြု ဆောင်ရွက်ချက်များကို စုစည်း ဖော်ပြနိုင်ဖို့ အတွက်လည်း ထုတ်ဝေတာ ဖြစ်သလို လွှတ်တော်နဲ့ ပြည်သူများ အကြား အပြန်အလှန် နားလည်မှုနဲ့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် နိုင်ဖို့နဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး စတဲ့ ရည်ရွယ်ချက် များနဲ့ ထုတ်ဝေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလ ထုတ်ဝေတဲ့ လွှတ်တော် ဂျာနယ် အမှတ် ၂ စာစောင်မှာ စောင်ရေ တစ်သောင်း အထိ ထုတ်ဝေ ထားတယ် လို့လည်း သိရပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်