Subscribe to our RSS Feed

ယောက်ကော်ဆရာတော် ရုပ်ကလာပ်တော်ကို ဖန်သား အခေါင်းနှင့် နဂါးမောက်တောင်တွင် ဆက်လက်ထားရှိ

From : Myanmar Times

စည်သူလွင်
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

ယောက်ကော်အဖေကြီး ဈာပနအခမ်းအနားသို့ လာရောက်ဖူးကြသူများကို တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် နဂါးမောက်တောင် နယ်လှည့် သာသနာ ပြု ယောက်ကော်ကျွန်းမြတ်ဆရာတော်၊ သို့မဟုတ် ယောက်ကော်အဖေကြီးသည် ယခုလ ၂၁ ရက် စနေနေ့ နံနက် ၄ နာရီ အချိန်တွင် မဟာဂန္ဓာရီ ထွက်ရာ စခန်းသို့ ကူးပြောင်းကြွမြန်းသွားရာ ၎င်း၏ ရုပ်ကလာပ်အား နဂါးမောက်တောင် ဗိမာန်အဆောင်တွင် ဖန်သားအခေါင်းဖြင့် ထားရှိထားကြောင်းသိရသည်။

ယောက်ကော် အဖေကြီး၏ ရုပ် ကလာပ်အား နဂါးမောက်တောင်ရှိ ယာယီစံကျောင်းတော်တွင် ထားရှိစဉ် ထူးဆန်းမှုများလည်း ဖြစ်ပေါ် လျက်ရှိ ကြောင်းသိရသည်။

"ခုတောင်တော်မှာ ရုပ်ကလာပ်ကို ထားတာ ခြောက်ရက်လောက် ရှိပြီ။ထူးခြားတာကတော့ ဆံပင်တွေနဲ့ မျက်ခုံးမွေးတွေကတော့ သိသိသာသာ ရှည်လာတယ်။ မျက်နှာပြင်မှာလည်း ချွေးထွက်တယ်။ တစ်ရက်နဲ့တစ်ရက် မျက်လုံးပိတ်တဲ့ အနေအထားကလည်း မတူဘူး။ "အဖေကြီး ဆုံးပြီဆိုကတည်းက သူ့ရဲ့တပည့်တွေက တောင်တော်ကို လာကြတယ်။ ရပ်ဝေးကသူတွေလည်း လာကြတယ်။ အဖေကြီးရဲ့ အဓိဋ္ဌာန်ကလည်း ဘယ်လိုရှိမှန်း မသိဘူးလေ။ အားလုံးတိုင်ပင်ပြီး ရုပ်ကလပ်ကို ဗိမာန်မှာ မှန်သားအခေါင်းနဲ့ပဲထားဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းအခြေအနေ ကြည့်ပြီးမှ ဂူသွင်းမှဖြစ်မယ်ဆိုရင်လည်း ဂူသွင်းမှာပါ"ဟု ယောက်ကော် အဖေကြီး၏ မွေးစားသား ဖြစ်သူ ဦးကျော်ဇောအောင်က ပြောသည်။

ယောက်ကော် အဖေကြီးသည် ကျန်းမာရေး အခြေအနေအရ ရန်ကုန်ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် နဂါးမောက်တောင်တော်သို့ ပြန်လည် အနားယူချင်သဖြင့် ရန်ကုန်မှ မန္တလေးသို့ အပြန် လေးဆယ့်ကိုးမိုင် ခြောက်ဖာလုံ တွင် မဟာဂန္ဓာရီထွက်ရာစခန်းသို့ ကူးပြောင်းကြွမြန်းသွားကြောင်း ဆေး ကုသမှုခံယူရန် လိုက်ပါသွားသူများထံမှ သိရသည်။

"အဖေကြီးက ရန်ကုန်ဆေးရုံကနေ နဂါးမောက်တောင်ကို ပြန်ချင်တယ်ဆို လို့ပြန်ခေါ်တာ၊ လမ်းမှာတင် ဆုံးသွားတယ်။ ဆေးရုံမှာကို ထူးဆန်းတာတွေ ဖြစ်တယ်။ ဆေးရုံမှာ အဖေကြီးရဲ့ သွေး ပေါင်ချိန်က သုညထိကျသွားတယ်။ သွေးပေါင်ချိန်က အရမ်းကျသွားတော့ ဆရာဝန်တွေက ဆင်းခွင့်ပြုမှာမဟုတ် ဘူးလို့ အဖေကြီးကိုပြောတော့ နာရီပိုင်း အတွင်းမှာကို သွေးပေါင်ချိန်က ရှစ်ဆယ်နဲ့ တစ်ရာ လောက်ကိုဖြစ်သွားတာ၊ အရမ်းထူးဆန်းတယ်။ဆရာဝန်တွေကလည်းပြောတယ်။သာမန်လူဆိုရင် သွေးပေါင်ချိန်က သုံးဆယ် လောက် ဆိုရင်ကို နေလို့မရတော့ဘူးလေ။ဆင်းခွင့်ရလို့ ပြန်လာရင်း လမ်းကျမှပဲ ဆုံးတာ"ဟု ဆေးကုသရာသို့ လိုက်ပါသွား သူ မမီးမီးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယောက်ကော် ဆရာတော်သည် ယက္ကန်းစင်တောင် ဆရာတော် ဥူးဩဘာသ၏ တပည့်အရင်းဖြစ်ပြီး ယောက်ကော်ကျွန်း တစ်ခုလုံးကို သာသနာပြုခဲ့သောကြောင့် ယောက်ကော်ကျွန်းမြတ် ဆရာတော် ဥူးသဒ္ဓမ္မသိဒ္ဓိဟု အမည် တွင်ခဲ့ပြီး မြန်မာပြည် တစ်ပြည်လုံးရှိ ထူးခြားသော နေရာများကိုလည်း သာသနာပြုခဲ့သော ရဟန်းတစ်ပါးလည်း ဖြစ်သည်။

၁၉၈၁ ခုနှစ်တွင် မဟာဂန္ဓာရီအရိယာ ၀ိဇ္ဇာလမ်းစဉ်ကို ပိုမိုအားစိုက် ထုတ်နိုင်ရန် ရဟန်းဘ၀မှ ယောဂီဘ၀သို့ ကူးပြောင်းကာ ၀ိဇ္ဇာလမ်းစဉ်များကို ကျင့်ကြံအားထုတ်ခဲ့သည်။

ယောက်ကော်အဖေကြီး၏ မိဘများမှာ ရန်ကုန်မြို့နေ ကွယ်လွန်သူ အဖ (ဦးအေးမောင်)၊ အမိ (ထိပ်တင်ထွန်း) တို့ဖြစ်ပြီး ၁၃၀၂ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မိခင် ဒေါ်အမိ(ထိပ်တင်ထွန်း)က မွေးဖွားခဲ့သည်။


Myanmar Express

တရုတ်ကွန်တိန်နာကားများကို ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းမည်


ရန်ကုန်၊ ဇန်န၀ါရီ-၁၂

တရုတ်နိုင်ငံထုတ်ကွန်တိန်နာ ကားများကို ကမ္ဘော ဇဘဏ်နှင့် ချိတ်ဆက်၍အရစ်ကျစနစ်ဖြင့် စတင် ရောင်းချမည်ဖြစ်ကြောင်း E.F.R ကုမ္ပဏီမှ ဒုတိယအထွေ ထွေမန်နေဂျာ စ၀်နောင်ကျော်က ပြောကြားသည်။

အဆိုပါ ကွန်တိန်နာကား များသည် တရုတ်နိုင်ငံထုတ် JAC အမှတ်တံဆိပ်ကားများဖြစ်သည်။ ကားတစ်စီး၏ တန်ဖိုးမှာ နောက် တွဲပါအပါ တစ်စီးလျှင်ကျပ်သိန်း ၈၅၀ ဖြစ်သည်။ အရစ်ကျစနစ်ဖြင့် ၀ယ်ယူမည်ဆိုပါက ပထမဦးစွာကားတန်ဖိုး ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးကျန် ၇၀ ရာခိုင်နှုန်းကို ၁ နှစ်မှ ၃ နှစ်အတွင်း အရစ်ကျ ပေးသွင်းရမည်ဖြစ်သည်။

“သုံးနှစ်အရစ်ကျနဲ့ဝယ်ရင် တစ်လကို တစ်ဆယ့်ခြောက်သိန်းခွဲပဲကျပါတယ်”ဟု အထက်ပါ ပုဂိုလ်က ရှင်းပြသည်။ အရစ်ကျစနစ်ဖြင့် ၀ယ်ယူရာတွင် ဘဏ်နှင့် ရေရှည်ဆက်ဆံနေသည့် လုပ်ငန်းရှင်နှစ်ဦးက ထောက်ခံပေးရန် လိုအပ်ကြောင်းကိုလည်းသိရသည်။ယခုနှစ်ပိုင်းအတွင်း ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ အ ရစ်ကျစနစ်ဖြင့် ရောင်းချသော လုပ်ငန်းအချို့ပေါ်ပေါက်လာသည်။ သို့သော်ငါးသိန်းတန်မို ဘိုင်းဖုန်း အရစ်ကျစနစ်ဖြင့် ရောင်းချမှုတွင် ၀ယ်သူများအတွက် အဆင်မပြေကြောင်းသတင်းရရှိသည်။


Myanmar Express

ဓာတုဗေဒပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)အပေါ် နိုင်ငံတော်သမ္မတမှ လမ်းညွှန်ချက်ထုတ်ပြန်


From : ခေတ်လူငယ်

မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတိုဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခြင်းသည် ပရဆေးများ၊ ဓာတုဗေဒပစ္စည်းများ၊ ယင်းနှင့် ဆက်စပ်သည့် ပစ္စည်းများကြောင့် ပေါက်ကွဲမှု ပြင်းထန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဖြစ်ပွားပြီးနောက် စက်မှုဝန်ကြီးဌာနမှ တာဝန်ယူပြုစုရေးသားလျက်ရှိသော ဓာတုဗေဒပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတ ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက်ရယူနိုင်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း သိရသည်။ လတ်တလောအခြေအနေများအရ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပရဆေးများ သိုလှောင်ရာ ဂိုဒေါင်များမှ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း၊ ရွှေသန့်စင်ရာတွင် အသုံးပြုသော တားမြစ်ထားသည့် ဆိုင်ယာနိုက် ဒြပ်ပေါင်းသုံးစွဲသဖြင့် ပတ်ဝန်းကျင်တွင် အန္တရာယ်ကြီးစွာ ဖြစ်ပေါ်လာနိုင်၍ ထိန်းချုပ်ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းရန် လိုအပ်မှုရှိသည်ဟုဆိုသည်။ သို့ပါ၍ ပြည့်စုံသော ဥပဒေကြမ်းတစ်ရပ် ဖြစ်လာစေရေးအတွက် ဥပဒေပညာရှင်၊ ဓာတုဗေဒပညာရှင်၊ ကျန်းမာရေးပညာရှင်၊ ဆေးဝါးပညာရှင်၊ မူးယစ်ဆေးဝါး ကျွမ်းကျင်ပညာရှင်နှင့် အင်ဂျင်နီယာပညာရှင်စသည်တို့ ပေါင်းစပ်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်း၍ ပြင်ဆင်ဖြည့်စွက်ကာ မူကြမ်းတင်ပြရန် လမ်းညွှန်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

အီဂျစ်နိုင်ငံ ဘောလုံးပြိုင်ပွဲတစ်ခုတွင် ပဋိပက္ခဖြစ်ပွား၊ ၇၄ ဦးသေဆုံး


From : ခေတ်လူငယ်

အီဂျစ်နိုင်ငံ ပေါ့ဆက်ဒ်မြို့ရှိ ဘောလုံးပြိုင်ပွဲတစ်ခု၌ ပရိတ်သတ်များကြားတွင် ပဋိပက္ခဖြစ်ပွားသောကြောင့် သေဆုံးသူဦးရေသည် ၇၄ ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရသူဦးရေသည် ၁၀၀ ကျော်ထိရှိခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုက ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ပရိသတ်များသည် အယ်လ်-အလီနှင့် အယ်ဖာသရီအသင်းတို့ ယှဉ်ပြိုင်ကစားသောကွင်းအတွင်းသို့ တုတ်များကိုင်ဆောင်၍ အတင်းဝင်ရောက်ခဲ့ကြကြောင်း၊ ထို့နောက် ပြိုင်ဘက်အသင်းနှစ်သင်းမှ ပရိသတ်များသည် အပြန်အလှန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းပဋိပက္ခတွင် အလီအသင်းမှ ကစားသမားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အလီပရိတ်သတ်များက တစ်ဖက်အသင်းအား စော်ကားသော ပိုစတာများကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကစားသမားများ၊ ပရိသတ်များနှင့် ဒဏ်ရာရရှိသူများကို မြို့တော်ကိုင်ရိုသို့ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်နှစ်စင်းဖြင့် ပို့ဆောင်ရန် အီဂျစ်အာဏာရကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်။ ယင်းအဖြစ်အပျက်နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် အရေးပေါ်အစည်းအဝေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

Myanmar Express

ပြည်သူ့အကျိုးပြု ဘလော့ဂါများ၏ ကောင်းမှု


ပြည်သူ့အကျိုးပြု ဘလော့အချို့ရဲ့ ကောင်းမှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူတွေအကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ မြန်မာပြည်က ရှိုးပွဲကြော်ငြာကို ပြောင်းလဲလိုက်ရတယ်လို့သိရပါတယ်။ ရှိုးပွဲကို ပထမဆုံးလာအားပေးတဲ့ ချစ်သူစုံတွဲ (၅၀၀) ကို အခန်းတွေကံစမ်းမဲ ဖောက်ပေးမယ်လို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး လက်မထပ်ခင် အတူနေဖို့ အားပေးရာရောက်တယ်ဆိုပြီး ရွှေမြန်မာ ဘလော့၊ သဘာဝမြေ ဘလော့ နဲ့ မောင်ကျောက်ခဲ)မြန်မာပြည် ဘလော့တွေက ဦးဆောင်ပြီး ဘလော့စာမျက်နှာများပေါ်နဲ့ facebook စာမျက်နှာများပေါ်ပါမကျန် ဦးဆောင်ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ အဆိုတော် အချို့ဆီမှ ဖြေရှင်းချက်များလည်း ကြားရပြီး ကြော်ညာကိုလည်း လုံးဝ ပြောင်းလဲ လိုက်ရတယ်လို့ သိရပါတယ်။

အရင်က ရှိုးပွဲကြော်ငြာ

ပြန်ပြင်လိုက်သော ရှိုးပွဲကြော်ငြာ


ယခင်က ပထမဆုံးလာအားပေးတဲ့ ချစ်သူစုံတွဲ (၅၀၀) ကို အခန်းတွေကံစမ်းမဲ ဖောက်ပေးမယ် ဆိုတဲ့ နေရာမှာ ၅ ဦးကိုပဲ ချောင်းသာခရီးစဉ်ကို (အခန်းခ၊စားစရိတ်၊ကားခ) အပါအ၀င် အခမဲ့ ပို့ဆောင်ပေးမယ်လို့ ပြင်လိုက်တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးဆောင် ကန့်ကွက်ခဲ့တဲ့ ဘလော့စာမျက်နှာတွေကတော့ ရွှေမြန်မာ၊ သဘာဝမြေ နဲ့ မြန်မာပြည်မောင်ကျောက်ခဲ ဘလော့တို့ ဖြစ်ပါတယ်။ ယင်းဘလော့များမှ ဒီမိုကရေစီကို လွဲမှားစွာ အသုံးချနေကြောင်းနဲ့ မသင့်တော်ကြောင်း ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။


ရွှေမြန်မာ ဘလော့

http://goldenmyanmarnews.blogspot.com/2012/02/blog-post.html



မြန်မာပြည် မောင်ကျောက်ခဲ့ ၏

http://mgkyautkhae.blogspot.com/2012/02/rapper.html



ဒီလို ဟိုးလေးတကြော်ကြော် ဖြစ်နေပေမယ့်လည်း ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ သတင်း ဌာနတွေ နဲ့ ဘလော့စာမျက်နှာတွေက နှုတ်ဆိတ်နေခဲ့ကြပြီး မဆိုင်သလိုပဲ ကြည့်နေကြကြောင်း သိရှိရပါတယ်။

Myanmar Express

ဘောလုံးကွင်းမငှားရမ်းနိုင်မှူ ဦးဇော်ဇော် ဖြေရှင်းပြ


နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နှစ်၃၀စာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်းက ဘောလုံးအားကစားအပါအ၀င် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD အနေနဲ့လည်း ဘောလုံးအဖွဲ့ချုပ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အစိုးရအထက်အဖွဲ့အစည်းတစ်ခုခုက အထူးကိစ္စတစ်ခုအနေနဲ့ ခွင့်ပြုလိုက်တယ်ဆိုရင်တော့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ခွင့်မပြုစရာ အကြောင်းမရှိပါဘူး
”

ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် ဗထူးကွင်းအား ဘောလုံးအဖွဲ့ချုပ်က မငှားဘူး။ ဦးဇော်ဇော်က မငှားဘူးဆိုသည့် သတင်းများထွက်ပေါ်နေသည့် အပေါ်၌လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက စိတ်မကောင်းဖြစ်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။


http://mgkyautkhae.blogspot.com/2012/02/blog-post_278.html မှ ကူးယူဖော်ပြပါကြောင်း

Myanmar Express

တန်းမြင့် မြန်မာ့ဆန် တန် နှစ်သိန်း အင်ဒိုနီးရှား ဝယ်ယူ


From : ခေတ်လူငယ်

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် ဆန်စပါးဝယ်ယူရေးအဖွဲ့ Perum Bulog က မြန်မာနိုင်ငံမှ ဧည့်မထအုပ်စုဝင် တန်းမြင့်ဆန်တန်ချိန် နှစ်သိန်းအား တစ်နှစ်အတွင်း ဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနှင့် ဇန်နဝါရီ ၂၈ ရက်တွင် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ “ဒီနှစ် ဖေဖော်ဝါရီကနေ နောင်နှစ်ဖေဖော်ဝါရီအထိ တန်ချိန် နှစ်သိန်း ဝယ်မယ်။ တစ်လကို တန်ချိန်တစ်သောင်းခွဲလောက် ပို့နိုင်အောင် လုပ်မယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။ ဝယ်ယူမည့် ဆန်များမှာ ဧည့်မထအုပ်စုဝင် ၅ မှတ်၊ ၁၀ မှတ်၊ ၁၅ မှတ် ဆန်များဖြစ်ပြီး လောလောဆယ်တွင် ၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ ဖြင့် ဈေးဆိုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ ရာသီဥတု ဖောက်ပြန်ကာ သီးနှံအထွက်နှုန်း လျော့ကျခဲ့သဖြင့် မြန်မာနိုင်ငံမှ ဆန်အား ပြန်လည်ဝယ်ယူရခြင်း ဖြစ်ကြောင်း Perum Bulog ဥက္ကဋ္ဌ Mr. Sutarto Alimoeso က ပြောသည်။ အင်ဒိုနီးရှား အစားအစာအေဂျင်စီ Bulog ၏ အဆိုအရ အာဆီယံနိုင်ငံမှ ဆန်ပြန်ဝယ်ယူခြင်းမှာ ဆယ်နှစ်ကျော်အတွင်း ပထမဆုံး ဝယ်ယူခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ၂၀၀၁ မှ ၂၀၀၆ ခုနှစ်ထိ ဆန်တင်ပို့ခဲ့ပြီး ထိုနောက်ပိုင်းမှစ၍ တင်ပို့နိုင်ခြင်း မရှိတော့ဘဲ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၁၂၅ တန်သာ တင်ပို့ခဲ့သည်။ ယခု အင်ဒိုနီးရှားနိုင်ငံဖြင့် စာချုပ်ချုပ်ဆိုထားသော ဆန်တန်ချိန် နှစ်သိန်းအား မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း အနေဖြင့်သာ တင်ပို့မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ကရင်ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု


From : ခေတ်လူငယ်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကရင်ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက် အမှတ်(၉/၂၀၁၂) ကို ဖေဖော်ဝါရီ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အမှတ် (၉) ရပ်ကွက် (ရေကျော်)၊ ဗိုလ်ချုပ်လမ်းမကြီး၊ အမှတ် (၂၅၄)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ကရင်ဒီမိုကရက်တစ်ပါတီအား ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉နှင့် အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ကြေညာအပ်ပါသည်။ ကရင်ဒီမိုကရက်တစ်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၁) ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထာပါသည်။

Myanmar Express

စာပေစာနယ်ဇင်းများနှင့် အသရေဖျက်မှု


From : Popular

ဒုတိယကင်းလွတ်ချက်
ပြည်သူ့ဝန်ထမ်းအဖြစ် အလုပ်ဝတ္တရားဆောင်ရွက်ရာတွင် ထိုပြည်သူ့ ဝန်ထမ်း၏ အပြုအမူနှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ ထိုပြည်သူ့ဝန်ထမ်း၏ အကျင့်စာရိတ္တ သည် ထိုသူ၏အပြုအမူ၌ ထင်ပေါ် နေသည်အထိ ထိုသူ၏ အကျင့်စာ ရိတ္တနှင့် စပ်လျဉ်း၍သော်လည်း ကောင်း၊ တစ်ဦးတစ်ယောက်သော သူက သဘောရိုးဖြင့် မိမိ၏ထင် မြင်ချက်ကို ဖော်ပြခြင်းသည် အသ ရေဖျက်မှု ဖြစ်သည်မမည်ပါ။

ပြည်သူ့ဝန်ထမ်းအပေါ် ဝေဖန်ခြင်း
ပြည်သူ့ဝန်ထမ်းတိုင်းတွင် တာဝန်ထမ်းဆောင်ရာ၌ ရိုးသား ဖြောင့်မတ်တည်ကြည်ရန် လိုပါ သည်။ သို့ဖြစ်၍ ပြည်သူ့ဝန်ထမ်း များ မလျော်သောအပြုအမူနှင့် ပတ်သက် ၍ သဘောရိုးဖြင့် ဝေဖန်ခြင်း ကို ကင်းလွတ်ခွင့်ပြုထားပါသည်။ ဝေဖန်ချက်သည် မှန်ကန် သော အကြောင်းခြင်းရာအပေါ် တွင် မူတည်ရန် လိုပါသည်။ မမှန် ကန်သော အကြောင်းခြင်းရာ မှန် မမှန်ကို စူးစမ်းဆင်ခြင်ခြင်း မပြုဘဲ ဝေဖန်ခြင်းသည်သဘောရိုးဖြင့်ပြုလုပ် သည့်ဝေဖန်ချက် မဟုတ်၍ ကင်းလွတ်ခွင့် မရနိုင်ပါ။ ပြည်သူ့ ဝန်ထမ်း၏ မရိုးဖြောင့် သော ပြုလုပ်မှု၊ မတရားသည့် ဆောင်ရွက်ချက်များကို တိုင်းသိ ပြည်သိ ဖြစ်အောင် ဖော်ထုတ်ရန် သတင်းစာဆရာများ အနေဖြင့် တာ ဝန်ရှိနေပေသည်။ သို့ရာတွင် သတင်းစာပါ ဝေဖန်ချက်သည် လူ တစ်ဦး၏ ဂုဏ်သရေကို အလွန် တရာ ထိခိုက်သဖြင့် ထိုဝေဖန်ချက် သည် မှန်ကန်သော အချက်အပေါ် တွင် အခြေတည်ပြီး သဘောရိုးနှင့် ပြုလုပ်ရန်လည်း လိုအပ်ပေသည်။ (၁၉၅၄၊ မတစ၊ စာ-၇၆၊ လွှတ် တော်ချုပ် ဦးလောရုံနှင့် ဦးလှမောင်) တရားမျှတသည့် ဝေဖန်ချက် သည် ပေါ်ပေါက် နေသော အကြောင်းခြင်းရာအပေါ် မူတည်ရန် လိုသည်။ အကြောင်းခြင်းရာကို ဖန်တီးပြီး ပြုလုပ်သော ဝေဖန်ချက် သည် သဘောရိုးဖြင့် ပြုလုပ်သည့် ဝေဖန်ချက်ဟု မဆိုနိုင်ပေ။ (၁၉၁၈၊ အေအိုင်အာ၊ အောက် မြန်မာပြည်၊ စာ-၃၆၊ စီအက်(စ်)အပါးနှင့် အမ်ပီ မာရိကာ)

တတိယကင်းလွတ်ချက်
အများပြည်သူ့ ပြဿနာဆိုင် ရာ တစ်ဦးတစ်ယောက်သော သူ၏ အပြုအမူနှင့် စပ်လျဉ်း၍လည်း ကောင်း၊ ထိုသူ၏ အကျင့်စာရိတ္တ သည် ထိုသူ၏ အပြုအမူ၌ ထင်ပေါ် နေသည်အထိ ထိုသူ၏ အကျင့် စာရိတ္တနှင့် စပ်လျဉ်း၍ လည်း ကောင်း၊ တစ်ဦးတစ်ယောက်သော သူက သဘောရိုးဖြင့် ထင်မြင်ချက် ကို ဖော်ပြခြင်းသည် အသရေဖျက် မှု ဖြစ်သည် မမည်ပါ။

စတုတ္ထကင်းလွတ်ချက်
တရားရုံးတစ်ခု၏ မှုခင်းဆောင် ရွက်ချက်များကို ဖြစ်စေ၊ မှုခင်း ဆောင်ရွက်ပြီးပြတ်ပုံကို ဖြစ်စေ၊ အရေးပါသော အချက်အလက်များ ၌ မှန်ကန်စွာ ကြေညာခြင်းသည် အသရေဖျက်မှု ဖြစ်သည်မမည်ပါ။

တရားရုံးဆောင်ရွက်ချက်အပေါ် ဝေဖန်ခြင်း
တရားရုံး၌ ဆောင်ရွက်သော မှုခင်းများနှင့် ပတ်သက်၍ သတင်း စာတွင်သော်လည်းကောင်း၊ စာရွက် စာတမ်း ရိုက်နှိပ်ý၍သော်လည်း ကောင်း၊ကြေညာခြင်းသည် အများ ပြည်သူအကျိုးအတွက် ဖြစ်၍ ကင်း လွတ်ချက်အရ ပြစ်မှုမမြောက်ပါ။ မှု ခင်းကြေညာချက်သည် လူတစ်ဦး တစ်ယောက်၏ အသရေကို ထိ ခိုက်စေနိုင်သော်လည်း အများပြည် သူ အကျိုးအတွက် ဖြစ်၍ ကင်း လွတ်ခွင့် ပေးထားပါသည်။ အသ ရေဖျက်မှုမှ ကင်းလွတ်ခွင့်ရသော် လည်း တရားရုံးမထေမဲ့မြင်ပြုမှု ဥပဒေကို သတိပြုရန် လိုပါသည်။ မှုခင်းနှင့်ပတ်သက်သော ကြေ ညာချက်သည်မှန်ကန်ရန်လိုပါသည်။ တစ်ဖက်စောင်းနင်း သဘော သက် ရောက်သော ကြေညာချက်သည် ကင်းလွတ်ခွင့် မရနိုင်ပါ။ ကြေညာ ခြင်းမပြုရဟု တားမြစ်ထားပါက ကင်းလွတ်ခွင့် မရနိုင်ပါ။ ညစ်ညမ်း သောအကြောင်းအရာကို လုံးစေ့ ပတ်စေ့ ကြေညာခြင်းသည်လည်း ကင်းလွတ်ခွင့် မရနိုင်ပါ။ ကြေညာချက်နှင့် ဝေဖန်ချက် တို့မှာ မတူပါ။ ကြေညာချက်မှာ မှန်ကန်ပါက ကင်းလွတ်ခွင့်ရပါ သည်။ ဝေဖန်ချက်မှာ အများပြည် သူအကျိုးအတွက် သဘောရိုးဖြင့် ပြုလုပ်ရပါမည်။

ပဉ္စမကင်းလွတ်ချက်
တရားရုံးက စီရင်ဆုံးဖြတ်ပြီး သော တရားမမှု၏ သို့တည်း မဟုတ် ရာဇဝတ်မှု၏ အရည် အသွေးနှင့် စပ်လျဉ်း၍ သော်လည်း ကောင်း၊ ထိုအမှုတွင် အမှုသည်၏ သို့တည်းမဟုတ် သက်သေ၏ သို့ တည်းမဟုတ် ကိုယ်စားလှယ်အဖြစ် ဖြင့် ဆောင်ရွက်သောသူ၏ အပြု အမူနှင့် စပ်လျဉ်း၍သော် လည်း ကောင်း၊ ထိုသူ၏ အကျင့်စာရိတ္တ သည် ထိုသူ၏ အပြုအမူ၌ ထင်ပေါ် နေသည်အထိ ထိုသူ၏ အကျင့် စာရိတ္တနှင့် စပ်လျဉ်း၍သော်လည်း ကောင်း၊ တစ်ဦးတစ်ယောက်သော သူက သဘောရိုးဖြင့် မိမိ၏ ထင်မြင်ချက်ကို ဖော်ပြခြင်းသည် အသ ရေဖျက်မှု ဖြစ်သည်မမည်ပါ။

ဆုံးဖြတ်ပြီးအမှုအပေါ် ဝေဖန်ခြင်း
တရားစီရင်ရာ၌ မှန်ကန်စွာ စီ ရင်ဆုံးဖြတ်ရုံဖြင့်မပြီး မှန်ကန်စွာ ဆုံး ဖြတ်ကြောင်း မြင်စေရာသည် ဆို သည့် အတိုင်း အများရှေ့မှောက် တွင် တရားစီရင်ခြင်း ပြုရသည်။ သို့ဖြစ်ရာ ဆုံးဖြတ်ပြီးသည့်အမှုနှင့် ပတ်သက်၍ သဘောရိုးဖြင့် ပြု သည့် ထင်မြင်ချက်၊ ဝေဖန်ချက် ပြုခြင်းသည် အသရေဖျက်မှု မမြောက်ပါ။ အမှုစစ်ဆေးစဉ် ကာလ အတွင်း ဝေဖန်ချက်၊ ထင်မြင်ချက် မပြုနိုင်ပါ။ ပြုလုပ်ပါက တရားရုံး၏ အဆုံး အဖြတ်ကိုကြိုတင်ဆုံးဖြတ်ရာရောက် ၍ တရားရုံးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် အရေးယူခြင်း ခံရနိုင်ပါသည်။ အမှုကို စီရင်ဆုံးဖြတ်ပြီးမှသာ ဝေဖန်ချက်ပြုနိုင်မည် ဖြစ်ပါသည်။ ဝေဖန်ချက်၊ ထင်မြင်ချက်သည် မျှတသော ဝေဖန်ချက်၊ ထင်မြင် ချက် ဖြစ်ရပါမည်။ ပေါ်ပေါက်နေ သော အကြောင်းခြင်းရာ အပေါ် မူတည်၍ သဘောရိုးဖြင့် ပြုလုပ်မှ သာ အများအကျိုးအတွက် ဖြစ်၍ ကင်းလွတ်ခွင့်ရမည် ဖြစ်ပါသည်။ အမှု၏ဆုံးဖြတ် ချက်မှာ အကြောင်းခြင်းရာအရ မည်သို့မည် ပုံ မှားယွင်းနေပါသည်၊ ဥပဒေချို့ ယွင်းချက်ကြောင့် ဤကဲ့သို့ ဆုံးဖြတ် ချက်ပေါ်ရသည် စသည်ဖြင့် ဝေဖန် နိုင်ကြပါသည်။ တရားသူကြီး အဂ တိလိုက်စား၍ လာဘ်စား၍ မှား ယွင်းစွာ စီရင်ဆုံးဖြတ်သည်ဟု ဝေ ဖန်ခြင်းမပြုနိုင်ပါ။ ထိုကဲ့သို့ စွပ်စွဲ လျှင် သဘောရိုးဖြင့် ဝေဖန်ခြင်း မဟုတ်၍ စွပ်စွဲချက်မှန်ကန်ကြောင်း တင်ပြရန်လိုမည် ဖြစ်ပါသည်။

ဆဌမကင်းလွတ်ချက်
လူအများက ဝေဖန်ချက်ပြုရန် စာရေးဆရာတစ်ဦးက တင်ပြသော အထင်အရှား ဆောင်ရွက်မှု၏ အရည်အသွေးနှင့် စပ်လျဉ်း၍သော် လည်းကောင်း၊ ထိုစာရေးဆရာ၏ အကျင့်စာရိတ္တသည် ထိုဆောင်ရွက် မှု၌ ထင်ပေါ်နေသည်အထိ ထိုစာ ရေးဆရာ၏ အကျင့်စာရိတ္တနှင့် စပ် လျဉ်း၍သော်လည်းကောင်း၊ တစ်ဦး တစ်ယောက်သောသူက မိမိ၏ ထင်မြင်ချက်ကို သဘောရိုးဖြင့် ဖော် ပြခြင်းသည် အသရေဖျက်မှု ဖြစ်သည်မမည်ပါ။

စာရေးဆရာ အနုပညာသည် အပေါ် ဝေဖန်ခြင်း
သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်တို့တွင် ဝေဖန်ချက်များ ရေးသားရာတွင် အသရေဖျက်မှု မှ ကင်းလွတ်ခွင့် ရရှိပါသည်။ စာရေးဆရာတစ်ဦးသည် စာအုပ်တစ်အုပ် ထုတ်ဝေခြင်းဖြင့် ထိုစာအုပ်နှင့်ပတ်သက်၍ အများ ပြည်သူများ အနေဖြင့် ဝေဖန်ခွင့်ရှိ ပါသည်။ ဝေဖန်ချက်ဖိတ်ခေါ်ရာ ရောက်ပါသည်။ အများပြည်သူ အတွက် မဟုတ်ဘဲ အနည်းငယ်မျှ သော ပုဂ္ဂိုလ်အတွက်သာ ထုတ်ဝေ ပါက ဝေဖန်ချက်ပြုရန် အခွင့်အရေး ရှိနိုင်မည်မဟုတ်ပါ။ စာအုပ်ကို အများပြည်သူ ဖတ်ရှုရန် ထုတ်ဝေ ခြင်းသည် ဝေဖန်ချက်ပြုရန် အတိအလင်းဖိတ်ခေါ်ခြင်းမဟုတ် သော်လည်း သွယ်ဝိုက်၍ ဖိတ်ခေါ် ရာရောက်ပါသည်။ သို့ရာတွင် ဝေဖန်ချက်သည် သဘောရိုးဖြင့် ဝေဖန်ခြင်းဖြစ်ရပါ မည်။ ဝေဖန်ချက်သည်စာအုပ်၏ အကြောင်းအရာ အရည်အသွေးနှင့် စပ်လျဉ်းရပါမည်။ စာရေးဆရာ၏ အရည်အချင်းနှင့် မပတ်သက်ရပါ။ ထို့အတူ စာရေးဆရာများ သာမက အနုပညာသည်များ၊ ပန်းချီ ဆရာ၊ ပန်းပုဆရာ၊ ဗိသုကာ၊ သတင်းစာဆရာ၊ ဆောင်းပါးရှင် သည်လည်းအလားတူပင်ဖြစ်ပါသည်။

သတ္တမကင်းလွတ်ချက်
ဥပဒေအရဖြစ်စေ၊ ဥပဒေနှင့် အညီပြုလုပ်သော ပဋိညာဉ်အရဖြစ် စေ၊ တစ်ဦးတစ်ယောက်သောသူအ ပေါ်၌ အခွင့်အာဏာရှိသူက ထို အခွင့်အာဏာနှင့် သက်ဆိုင်သော ထိုတစ်ဦးတစ်ယောက်သောသူ၏ အပြုအမူကို သဘောရိုးဖြင့် အပြစ် ဆိုခြင်းသည် အသရေဖျက်မှုဖြစ် သည်မမည်ပါ။

အခွင့်အာဏာရှိသူ၏ ဝေဖန်ချက်
အခွင့်အာဏာရှိသူက ယင်းအ ခွင့်အာဏာနှင့် သက်ဆိုင်သော ကိစ္စသည် သဘောရိုးဖြင့် စွပ် စွဲခြင်း၊ အပြစ်ဆိုခြင်း၊ ဝေဖန်ခြင်း တို့သည် အသရေဖျက်မှုမှ ကင်း လွတ်ခွင့်ရပါသည်။ တရားသူကြီး သည် အမှုသည်နှင့် သက်သေတို့ အပေါ် အခွင့်အာဏာရှိသူ ဖြစ်ပါ သည်။ ဌာနအကြီးအကဲနှင့် လက် အောက်ခံအရာထမ်း၊ အမှုထမ်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ မိဘ နှင့် သားသမီး၊ ဆရာနှင့်တပည့်၊ ဘာသာရေးခေါင်းဆောင်နှင့် နောက် လိုက်တို့မှာလည်း အခွင့်အာဏာရှိ သူနှင့် လက်အောက်ခံများ ဖြစ်ကြ ပါသည်။ သို့ရာတွင် အလုပ်ကိစ္စနှင့် ပတ် သက်၍ ဝေဖန်အပြစ်တင်နိုင်ပါ သည်။ မသက်ဆိုင်သည့် ကိုယ် ရေးကိုယ်တာ ကိစ္စအတွက် အပြစ် တင်ခြင်း မပြုနိုင်ပါ။ ဝေဖန်ပြစ်တင် ရာတွင်လည်း သဘောရိုးဖြင့် ပြု လုပ်ခြင်း ဖြစ်ရပါမည်။

အဌမကင်းလွတ်ချက်
စွပ်စွဲသည့် အကြောင်းအရာ နှင့် စပ်လျဉ်း၍ တစ်ဦးတစ်ယောက် သော သူအပေါ်၌ ဥပဒေနှင့်အညီ အခွင့်အာဏာရှိသောသူအားတစ်ဦး တစ်ယောက်အကြောင်းကို သဘော ရိုးဖြင့် ပြောဆိုစွပ်စွဲခြင်းသည် အသရေဖျက်မှုဖြစ်သည် မမည်ပါ။
နစ်နာသူက တိုင်တန်းစွပ်စွဲခြင်း
တရားမျှတမှု ဖြစ်ထွန်းရန် အလို့ငှာ အာဏာပိုင်ထံ သဘော ရိုးဖြင့် စွပ်စွဲတိုင်တန်းခြင်းကို အသ ရေဖျက်မှုမှ ကင်းလွတ်ခွင့် ပြုထား ပါသည်။ အာဏာပိုင်ဟု ဆိုရာတွင် အခွင့်အာဏာ သုံးစွဲသူများလည်း ပါဝင်ပါသည်။ ကင်းလွတ်ခွင့် ရရှိရန်မှာ တိုင် တန်းခံရသူမှာ အခွင့်အာဏာ ရှိသူ ဟုတ် မဟုတ်၊ တိုင်တန်းချက်သည် စွပ်စွဲချက် မြောက် မမြောက်၊ သဘောရိုးဖြင့် ပြောဆိုစွပ်စွဲခြင်း ဖြစ် ပါသလားဆိုသော အချက်အလက် များနှင့် ပြည့်စုံရန် လိုအပ်ပါသည်။ စပါးကုန်သည်များက ရုံပိုင် သည် မီးသွေး ကုန်သည်များကို ဦး စားပေးနေပါသည်ဟု အထောက် အထားဖြင့် တိုင်တန်းသည်။ မီး ရထားဌာနက စုံစမ်းရာ တိုင်ချက် မမှန်ကန်ကြောင်း တွေ့ရသဖြင့် ရုံ ပိုင်က တိုင်တန်းသူကို အသရေ ဖျက်မှုဖြင့် တရားစွဲခဲ့သည်။ တိုင် တန်းစဉ်က မသမာစိတ် မရှိသည့် အပြင် တိုင်တန်းချက်သည် မှန်ကန် သည်ဟု ယူဆရန် အကြောင်းရှိ သဖြင့် ပြစ်မှုမမြောက်ဟု ဆုံးဖြတ် ခဲ့ပါသည်။ (အောက်မြန်မာပြည်စီ ရင်ထုံး၊ အတွဲ-၈၊ စာ-၄၄ဝ ပူးနား နှင့် အစိုးရ) တိုင်တန်းချက်သည် သဘော ရိုးဖြင့် ပြုလုပ်ကြောင်း မပေါ်လွင်ပါ က ကင်းလွတ်ခွင့်ရမည် မဟုတ်ပါ။ (၁၉၅၉၊ မတစ၊ စာ-၂၉၇ လွှတ် တော်၊ ဒေါ်ရီနှင့် ဦးစစ်ကူး ခေါ် တန်ကြည်စု)

နဝမကင်းလွတ်ခွင့်
အခြားသူတစ်ယောက်၏ အကျင့်စာရိတ္တကို ထိခိုက်အောင် စွပ်စွဲရာ၌ စွပ်စွဲသူက သဘောရိုးဖြင့် မိမိ၏အကျိုးကိုသော်လည်းကောင်း၊ သူတစ်ပါး၏ အကျိုးကိုသော်လည်း ကောင်း ကာကွယ်စောင့်ရှောက်ရန် စွပ်စွဲခြင်းသည် သို့တည်းမဟုတ် အများပြည်သူ၏ အကျိုးအတွက် စွပ်စွဲခြင်းသည် အသရေဖျက်မှု ဖြစ် သည်မမည်ပါ။

အကျိုးကို ကာကွယ်သည့် စွပ်စွဲချက်
သတင်းစာဆရာသည် အများ အကျိုးကို ကာကွယ်ရာ၌ အရေး ကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိ သော်လည်း သတင်းစာဆရာတို့၏ စွပ်စွဲချက်သည် တိုင်းပြည်နှင့်အဝှမ်း သိရှိနိုင်မည့်အလျောက် မသမာ သော စိတ်ဖြင့် စွပ်စွဲပါက စွပ်စွဲခံ ရသူအဖို့ များစွာ နစ်နာဖွယ်ရာ အကြောင်း ရှိပေသည်။ သို့ဖြစ်၍ သတိတရားထား၍ သဘောရိုးဖြင့် ပြုရန်လိုပေသည်။ သတင်းစာဆရာ သည် အသရေဖျက်မှုမှ ကင်းလွတ် ချက်ကို ရယူလိုပါက သဘောရိုးဖြင့် လူတစ်ဦး၏ အကျိုးအတွက် သော် လည်းကောင်း၊ အများပြည်သူ၏ အကျိုးအတွက်သော်လည်းကောင်း စွပ်စွဲခြင်းဖြစ်သည်ဟု တင်ပြရန် လို ပါသည်။ (၁၉၅၄၊ မြန်မာပြည်စီရင် ထုံး၊ စာ-၇၆ လွှတ်တော်ချုပ်၊ အောက်မြန် မာပြည်စီရင်ထုံး၊ အတွဲ-၈၊ စာ-၁၆ စီအာနိုက်နှင့် အစိုးရ) သဘောရိုးဖြင့် စွပ်စွဲခြင်းမှာ မှန် ကန်သော အကြောင်းအရာအပေါ် အခြေခံရမည်ဖြစ်သည်။ မစူးစမ်း မဆင်ခြင်ဘဲ အရမ်းကာရော စွပ်စွဲ ခြင်းသည် သဘောရိုးဖြင့် ပြုသည် ဟု ဆိုနိုင်မည်မဟုတ်ပါ။ (၁၉၆၅၊ မတစ၊ စာ-၁၁၂၆ ဦးဘတင်နှင့် ဦးစိန်ချော) သတင်းစာဆရာတို့၏ အခွင့် အရေးမှာလည်း အခြားပုဂ္ဂိုလ်တို့၏ အခွင့်အရေးအတိုင်းပင် ဖြစ်ပါသည်။ အမှန်ဆိုလျှင် သတင်းစာဆရာတစ် ဦး၏ ရေးသားဝေဖန်ချက်သည် သာမန်ပုဂ္ဂိုလ် တစ်ဦး ၏ ရေးသား ဝေဖန်ချက်ထက် ပိုမိုခရီးရောက် သဖြင့် ချင့်ချင့်ချိန်ချိန် ဝေဖန်ရေး သားရန် လိုအပ်ပါသည်။ (၁၉၅၄၊ မတစ၊ စာ-၇၆ လွှတ်တော်ချုပ်၊ ဦးလောယုံနှင့် ဦးလှမောင်၊ အောက်မြန်မာစီရင်ထုံး၊ အတွဲ-၈ စီအာနိုးနှင့် အစိုးရ)

ဒသမကင်းလွတ်ချက်
အခြားသူ တစ်ဦးတစ်ယောက် အကြောင်းနှင့် စပ်လျဉ်း၍ တစ်ဦး တစ်ယောက်သောသူအား သတိ ပေးရာတွင် သတိပေးသူက သတိ ပေးခြင်းခံရသူ၏ အကျိုးအတွက် သော်လည်းကောင်း၊ အများပြည် သူ၏ အကျိုးအတွက်သော်လည်း ကောင်း ရည်ရွယ်၍ သဘောရိုးဖြင့် သတိပေးခြင်းဖြစ်လျှင် အသရေ ဖျက်မှုဖြစ်သည် မမည်ပါ။

သဘောရိုး
လိုသည်ထက်ပို၍ သတင်းဖြန့် ဝေခြင်း၊ ကြမ်းတမ်းသော အသုံးကို သုံးစွဲ၍ သတိပေးခြင်း ပြုလုပ်လျှင် သဘောရိုးဖြင့် ပြုသည်ဟု ဆိုနိုင် မည် မဟုတ်ပါ။ လူမှုရေး နယ်ပယ်တွင် လူတစ် ဦးနှင့်တစ်ဦး ဆက်ဆံကြ၊ ပြောကြ ဆိုကြ ရေးသားကြရာတွင် အကောင်းအဆိုး၊ ဝေဖန်ချက်များ၊ ထင်မြင်ချက်များ၊ ကောက်ချက်ချ မှုများသည် မလွဲမသွေ ပါဝင်နေ မည်မှာ မုချပင်ဖြစ်ပါသည်။ စာနယ်ဇင်းများ အသရေဖျက် မှုဖြင့် အရေးယူခံရခြင်းများ မဖြစ်ကြ စေရန် အသရေဖျက်မှု ကင်းလွတ် ချက်များသည် ဥပဒေက ပေးအပ် ထားသော အကာအကွယ်များပင် ဖြစ်ပါသည်။ အသရေဖျက်မှု မဖြစ်စေရန် မည်သို့ ရေးသားကြမည်နည်း။ ဥပဒေက ပေးထားသော ကင်းလွတ်ချက် များကို အကာအကွယ်ပြု၍ မှန်ကန်ရိုးသားဖြောင့်မတ်သော စေ တနာစိတ်ထားဖြင့် အပြုသဘောကို ဦးတည်ရေးသားကြရန် လိုအပ်မည် ဟု ယူဆမိပါသည်။


ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ)


Myanmar Express

ရွှေတိဂုံ စက်လှေကား အသစ်လဲမည်

From : ပေါ်ပြုလာ


(ရန်ကုန်၊ ဇန်နဝါရီ ၃ဝ)


လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော် ကတည်းက တပ်ဆင် ထားခဲ့သော အနောက်ဘက် စောင်းတန်းမှ စက်လှေကား များကို အသစ် ပြောင်းလဲ တပ်ဆင်တော့ မည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
စုစုပေါင်း စက်လှေကား ခြောက်စင်း တပ်ဆင်မည် ဖြစ်ပြီး ကန် ဒေါ်လာ ၅၂၅ဝဝဝ ကုန်ကျမည် ဖြစ်ကြောင်း တင်ဒါ တင်သွင်းသည့် ကုမ္ပဏီလေးခု အနက်မှ ELEVATORS ကုမ္ပဏီမှ တင်သွင်း သော စက်လှေကား များကို တပ်ဆင်သွားမည် ဖြစ်ကြောင်း ၄င်းထံ မှ သိရသည်။
စက်လှေကား တပ်ဆင်ရန် အတွက် အနည်းဆုံး အချိန် တစ်နှစ်ခန့် ယူရဦးမည်ဖြစ်ပြီး လက်ရှိ အသုံးပြုနေသော စက်လှေကားများ ကို တတ်နိုင်သမျှ အန္တရာယ် ကင်းကင်းဖြင့် အသုံးပြုနေခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
စက်လှေကား တပ်ဆင်ရန် ထုတ်လုပ်သည့် ကာလ ခုနစ်လ၊ တင်သွင်းသည့် ကာလ တစ်လနှင့် တပ်ဆင်ချိန်ကာလ လေးလခန့်ကြာ မြင့် မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စက်လှေကားများ ကို နံနက် ၇ နာရီမှ ၁၂ နာရီ အထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ည ၇ နာရီအထိ တစ်ကြိမ် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
လက်ရှိ တပ်ဆင်ထားသော စက်လှေကား များသည် ၁၉၉ဝ ခုနှစ် ကတည်းက တပ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မေဇင်ဝင်း


Myanmar Express

ကောင်းကင်နှင့် မြေအောက်ရထားလမ်းဖောက်ရန် ပြည်ပ ၄ နိုင်ငံကမ်းလှမ်း


From : ခေတ်လူငယ်

နိုင်ငံ၌ မြေအောက်ရထားလမ်းနှင့် ကောင်းကင်ရထားလမ်း ဖောက်လုပ်ရန် ပြည်ပနိုင်ငံအချို့မှ ကမ်းလှမ်းမှုများ ရှိနေရာ ၄င်းတို့သာ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်လိုပါက ခွင့်ပြုပေးသွားမည်ဟု နေပြည်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ “နိုင်ငံမှာ ဒီလိုတွေ လုပ်ကိုင်ချင်တယ်ဆိုပြီး ကမ်းလှမ်းမှုတွေက ရှိနေတယ်။ ကျွန်တော်တို့က လာလုပ်ပါ၊ လာလုပ်ရင် ရာနှုန်းပြည့် လုပ်ရမယ်၊ ကျွန်တော်တို့က ငွေမစိုက်နိုင်ဘူး” ဟု ၄င်းက ဆိုသည်။ မြေအောက်ရထားလမ်းများ၊ ရန်ကုန်မြို့တွင်း ကောင်းကင်ရထားလမ်းများအား ပြည်ပနိုင်ငံများမှ B.O.T စနစ်ဖြင့် လာရောက် ဆောင်ရွက်မည်ဆိုပါက ၄င်းတို့နှစ်ပြည့်သွားလျှင် နိုင်ငံကသာ ဆက်လက်တာဝန်ယူ လုပ်ဆောင်သွားရမည် ဖြစ်သဖြင့် မရှုံးမရှိဘဲ အမြတ်သာကျန်မည်ဟု ၄င်းကဆက်လက်ပြောသည်။ အဆိုပါ မြေအောက်ရထားလမ်း၊ ကောင်းကင်ရထားလမ်းနှင့် အမြန်ရထားလမ်းတို့ လာရောက်ဖောက်လုပ်ရန် ကမ်းလှမ်းသည့် နိုင်ငံများမှာ တရုတ်၊ ရုရှား၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့ဖြစ်ပြီး B.O.T စနစ်အပေါ် ၄င်းတို့က ယနေ့အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။ ၄င်းတို့က ရန်ကုန်တွင် ကောင်းကင် ရထားလမ်း၊ ရန်ကုန်-နေပြည်တော် မြေအောက်ရထားလမ်းနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး ကျည်ဆန်ရထားလမ်း ဖောက်ရန် ကမ်းလှမ်းခဲ့ကြောင်း ၄င်းကပြောသည်။ မြေအောက်ကျည်ဆန်ရထားလမ်းနှင့် ကောင်းကင်ရထားလမ်းတို့ ဖောက်လုပ်ပါက ၁ ကီလိုမီတာလျှင် ကန်ဒေါ်လာ ၁၀ သန်းနီးပါးခန့် ကျသင့်မည်ဟု နိုင်ငံတကာ ဈေးနှုန်းများအရ သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ခွပ်ဒေါင်းအလံ မကိုင်ရဘူး။ ပင်နီတိုက်ပုံမ၀တ်ရဘူး။ ကချင်ပုဆိုးမ၀တ်ရဘူး။


From : Udp Myanmar

ခွပ်ဒေါင်းအလံ မကိုင်ရဘူး။ ပင်နီတိုက်ပုံမ၀တ်ရဘူး။ ကချင်ပုဆိုးမ၀တ်ရဘူးဆိုတဲ့--
-- ကြိုတင်ကန်.သတ်ချက်တွေနဲ.--- မကွေးခရီးစဉ်းကို စီစဉ်တယ်။ ဒါဟာ ဗြိတိန်နိုင်ငံက မြန်မာပြည်မှာလာပြီး ကန်သတ်ချက်တွေ လုပ်သလို ဖြစ်နေတယ်။ နိုင်ငံရေးပါတီတခုကို နိုင်ငံရေးပါတီခေါင်းဆောင်တဦး၏ ခရီးစဉ်ကို အဆင်အလာဖြစ်တဲ့ နိုင်ငံရေး လက္ခဏာတွေဖြစ်တဲ့ ခွပ်ဒေါင်းအလံ။ ကချင်ပုဆိုးနဲ. ပင်နီအင်္ကျီမ၀တ်ပါနဲ. ဆိုတဲ့ သဘောတူညီချက် ယူထားခြင်းဟာ Insult လုပ်သည်ဟု ခံစားရပါသည်။ အခုလို နိုင်ငံရေး ရာသီမှာ ဒါမျိုးတွေ မမြင်စေချင်ဘူး မပါစေချင်ဘူး-မရှုပ်ထွေးစေချင်ဘူးဆိုရင်လဲ--- ဒီခရီစဉ်ကို အခုအချိန်မှ မလုပ်တာပဲ ကောင်းတယ်။--- အခုတော့ အရင်နေ.မှာပဲ ထားဝယ်မှာ ခွပ်ဒေါင်းအလံတွေ တလူလူ၊ ပင်နီရောင်တွေ ကချင်ပုဆိုးတွေနဲ. ဖြစ်နေပြီး ဗြိတိန်တွေနဲ. ပတ်သက်တော့မှပဲ သူတို. တောင်းဆိုလို. ဆိုတဲ့ ကန်.သတ်ချက်တွေ ကြောင့် ဗြုံးဆို နောက်တရက်မှာ သာမန်နဲ. အ၀တ်ပဲ ၀တ်ရမယ်။ လုံခြုံရေးယူတဲ့ လူငယ်တွေတောင် ပင်နီအင်္ကျီမ၀တ်ရပဲ သွားကြရမယ်ဆိုတာ ကိုယ့်ရဲ့ အဆင်အလာကို ဖျက်ဆီးရာ အလျော့ပေးရာ ရောက်လွန်းပါသည်။

ခေါင်းဆောင်တွေ နောင်မှာ ဒါမျိုး မလုပ်ကြမိဖို. ဆင်ခြင်ဖို. သိပါသည်။ Timing is Wrong; Sending Wong Signal to the public. နောက် Britအနေဖြင့်လဲ ဒီလိုတောင်းဆိုချက်တွေအပေါ် သံသယဖြစ်မိတယ်။ တကယ်လို.သာ ဒီလို ကချင်ပုဆိုးမ၀တ်ရဘူး။ ပင်နီအင်္ကျီမ၀တ်ရဖူး ခွပ်ဒေါင်းအလံတွေ မထောင်ရဖူး မကိုင်ရဖူးလို.သာ အစိုးရဖက်က တားမြစ်မယ်ဆိုရင် နိုင်ငံရေးအရ ချုပ်ချယ်တယ်ဆိုပြီး အော်ကြမယ်။ ဝေဖန်ကံ့ကွက် သံတွေ ဆူညံ့နေမယ်။ အခုကျတော့ Brits က တောင်းဆိုလို. အခုလိုမျိုး အားလုံးက သဘောတူညီပြီး လိုက်ပြီး လုပ်တာ လိုက်လျော်လွန်းတာဟာ ကိုယ့်အမျိုးသားရေး လက္ခဏာနဲ. ကိုယ့်နိုင်ငံ၏ ဂုဏ်သိက္ခာကို ဗြိတိန်အကျိုးစီးပွားအတွက် အကာအကွယ်ပေးရာ Compromised ဖြစ်ခံလွန်းသလို ဖြစ်ပါသည်။ ဒါမျိုးတွေ ဘယ်ပါတီ ဘယ်ခေါင်းဆောင်မှ မလုပ်သင့်ပါ။

ကိုယ့်ကိုယ်ကို Image Projecttion လုပ်တဲ့အခါ နားလည်မှု လွဲမားစေနိုင်သော။ လူတွေ မျက်စိလည်စေနိုင်သောပုံရိပ်တေ
ွ Image and Symbol တွေကို သတိထားဖို. လိုပါသည်။ ကိုယ်သည် တခြားနိုင်ငံခြားအစိုးရ တခုခု၏ Agent မဟုတ်သည့်အတွက် ပိုပြီးတော့ သတိထားပြီး သွားတာ လာတာ PR လုပ်ငန်းတွေကို ပေးလိုက်တဲ့ သတင်းစကားတွေ Messages တွေ တလွဲ အဓိပ္ဗါယ် မထွက်အောင် အဓိပ္ဗါယ်တလွဲမကောက်နိုင်အောင် ဆင်ခြင်မှု သတိထားမှု ရှိဖို.လိုပါသည်။



Myanmar Express

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် စင်ကာပူ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်းတို့ တွေ့ဆုံဆွေးနွေး


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်းတို့သည် ဇန်နဝါရီ ၃၀ ရက်နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် Istana သမ္မတ အိမ်တော် West Drawing Room ၌ တွေ့ဆုံဆွေးနွေးကြသည်။ ရှေ့ဦးစွာ စင်ကာပူသမ္မတက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ်နှင့်အညီ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာဟူသည့် ကဏ္ဍကြီး(၃) ရပ်နှင့်အညီ ဆောင်ရွက်နေမှု၊ အစိုးရသစ်အနေဖြင့် ဒီမိုကရေစီအတွေ့အကြုံ နုနယ်သေးသော်လည်း လက်ရှိတွင် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ရောက်ရှိဆောင်ရွက်နေမှု၊ ဆက်လက်ပြီး ဒီမိုကရေစီရှင်သန်အောင် ကြိုးပမ်းဆောင်ရွက်နေမှု၊ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေမှု၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေမှု၊ မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးထားမှု၊ ပြည်တွင်း နိုင်ငံရေးအခြေအနေ တည်ငြိမ်လာမှုနှင့်အတူ ပြည်ပဖိအားပေးမှုများလည်း လျော့နည်းလာမှု၊ စီးပွားရေးကဏ္ဍတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် ဆက်သွယ်ဆောင်ရွက်လာမှု၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် လိုက်လျောညီထွေဖြစ်စေရေး ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ဖြစ်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားရှိမှုနှင့် မိမိတို့နိုင်ငံတွင် သဘာဝသယံဇာတများ ရှိပြီးဖြစ်၍ စင်ကာပူနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်ကာပူနိုင်ငံက ကူညီဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် စင်ကာပူသမ္မတက နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာများက ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်နေမှုများကို သိရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲကိုလည်း တည်ငြိမ်အေးချမ်းစွာဖြင့် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ စင်ကာပူနိုင်ငံမှ ကုန်သည်များသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် စီးပွားရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

Sustainable Development









Myanmar Express

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ၏ (၆၃)နှစ်မြောက်ကရင်တော်လှန်ရေးမိန့်ခွန်းနှင့်ပတ်သက်၍ ကရင်လူထုစိုးရိမ်နေ


From : ကရင်ပြည်နယ်သားတစ်ဦး

ဘားအံ ဖေဖော်ဝါရီ ၂ ကရင်ပြည်နယ် ဦးကရေခီးကျေးရွာမှာဇန်န၀ါရီလ(၃၁)ရက်နေ့ကကျင်းပခဲ့တဲ့(၆၃)နှစ်မြောက် ကရင် တော်လှန်ရေးအခမ်းအနားမှာ KNUခေါင်းဆောင်ကြီး စောတာမလာဘောရဲ့ မိန့်ခွန်းကို ကျွန်တော်တို့
နားထောင်လိုက်ရပါတယ်။ အဲဓိကကတော့ ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့မူ(၄)ချက် လက်ကိုင်ထားရမယ်-ဆိုတဲ့သဘောထားတွေအများကြီးတွေ့ရပါတယ်။ ပြီးတော့လဲ အစိုးရနဲ့ ဆွေးနွေးပွဲ ဟာခိုင်မာမှု မရှိသေးကြောင်း၊ မပြေလည်ရင် လက်နက်ဆက်ကိုင်ပြီးတိုက်ပွဲဝင်ရမယ်ဆိုတဲ့အကြောင်းတွေ ပြောဆိုသွားပါတယ်။ ဒီလိုမျိုးပြောဆိုသံ ကြားရတော့ ကရင်တိုင်းရင်းသားတစ်ဦးအနေနဲ့ တော်တော်လေးပဲ စိတ်မချမ်းမသာ ဖြစ်ခဲ့မိပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမသဘော တူညီချက် (၅)ချက် လက်မှတ်ရေးထိုးပြီးဖြစ်။ နှစ်ဖက်နားလည်မှုတည်ဆောက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန်နိုင်ငံတော်သမ္မတညွှန်ကြား……ဆိုတဲ့နိုင်ငံတော်အစိုးရရဲ့ တရားဝင်ကြေညာချက်ကို ကြားသိရတဲ့အတွက် ကျွန်တော်တို့ကရင်ပြည်နယ်အတွင်းမှာ အကောင်းဆုံးအခြေအနေတွေဖြစ်ပေါ်လာ တော့မည်ဆိုပြီး အားလုံးက ၀မ်းသာပျော်ရွှင်နေကြပါတယ်။ KNUဘက်က ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကိုယ်တိုင် သဘောတူ လက်မှတ်ရေးထိုးတာဖြစ်တဲ့အတွက် အခြေအနေဟာ ရာခိုင်နှုန်းပြည့် ကောင်းနေပြီလို့ မှတ်ယူလို့ ရပါတယ်။

ဒါပေမဲ့ KNUဥက္ကဋ္ဌစောတာမလာဘောရဲ့(၆၃)နှစ်မြောက် ကရင်တော်လှန်ရေးနေ့မိန့်ခွန်းနားထောင် ပြီး ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေအတွက် သံသယ၀င်ခဲ့မိပါတယ်။ စိတ်မကောင်းခြင်းလည်းဖြစ်မိ ပါတယ်။ကျွန်တော်တို့တစ်သက်၊ နောင်မျိုးဆက်သစ်တစ်သက် ကရင်ပြည်နယ်မှာ သေနတ်သံတွေ တိတ်မှ တိတ်ပါတော့မလား၊ ကျွန်တော်တို့လူမျိုးတွေ ဒီမိုကရေစီရဲ့အရသာ(လွတ်လပ်ခြင်း၊တရားမျှတခြင်း)ကို ဘယ်တော့များမှစံစားရပါ့မလဲဆိုတဲ့ အတွေးအမြင်တွေဖြစ်ပေါ်လာပါတယ်။

ကျွန်တော်တို့ကရင်ပြည်နယ်ကြီးတစ်ခုလုံး စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ နေထိုင်ခွင့်ရအောင် လုပ် ပေးစေချင်ပါတယ် ဥက္ကဋ္ဌကြီးစောတာမလာဘောခင်မျာ။ KNUခေါင်းဆောင်ပိုင်းနဲ့ လူတစ်စုကကြီးပွားချမ်း သာပြီး ကရင်လူထုအများက စားရမဲ့သောက်ရမဲ့ ချို့ချို့တဲ့တဲ့နေထိုင်နေရတာဟာ အဓိကစစ်ပွဲတွေကြောင့် ဖြစ်ပါတယ်။ စစ်ပွဲတွေရှိမနေဖို့ဆိုတာ တစ်ဦးနဲ့တစ်ဦး တစ်ဖက်နဲ့တစ်ဖက် သံသယကင်းရှင်းဖို့လိုပါတယ်။ အစိုးရဖက်က ကမ္ဘာသိကြေညာပြီး ငြိမ်းချမ်းရေးလုပ်ဆောင်နေချိန်မှာ ကျွန်တော်တို့ကရင်ပြည်နယ်မှာလဲ ငြိမ်းချမ်းချင်ပါတယ်။ကရင်ပြည်နယ်ကိုလဲ တိုးတက်လာစေချင်ပါတယ်။
ဒီကနေ့အုပ်ချုပ်နေတဲ့ အစိုးရကို KNUအနေနဲ့ သံသယမ၀င်သင့်တော့ဘူးလို့ ထင်ပါတယ်။ ပြည်သူ့ ဆန္ဒ၊ ပြည်သူသဘောကျ လုပ်ဆောင်နေပါတယ်။ ကချင်ပြည်နယ်မှာ သိန်းပေါင်းများစွာအကုန်ကျခံပြီး တည် ဆောက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားလိုက်တာ တစ်ခုထဲနဲ့ ဒီအစိုးရကို ကျွန်တော်တို့ယုံကြည်လို့ ရပါတယ်။ နှစ်ပေါင်းများစွာ ရန်သူလိုဆက်ဆံနေတဲ့ အနောက်နိုင်ငံတွေ ကိုယ်နှိုက်က ဒီအစိုးရရဲ့ လုပ်ဆောင် ချက်ကိုအသိအမှတ်ပြုပြီး စီးပွားရေးပိတ်ဆို့မှုတွေ ရပ်ဆိုင်းလိုက်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်လာတာ တွေဟာ နိုင်ငံတော်အတွက် အကောင်းတွေ ဖြစ်ပါတယ်။

နိုင်ငံတော်မှာ အကောင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့ကရင်ပြည်နယ်မှာလဲ အကောင်းတွေဖြစ်ပေါ်အောင် ကရင်အမျိုးသားအစည်းအရုံး(KNU) အနေနဲ့လုပ်ဆောင်ပေးစေချင်ပါတယ်။ နှစ်ပေါင်း(၆၀)ကျော်လက်နက်စွဲကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့ကြီး၊ မြန်မာပြည်မှာသက်တမ်းအရှည်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးဆိုတဲ့ ဂုဏ်ထူးဝိသေသတွေဟာ ကရင်လူမျိုးတွေကို လုံးဝ(လုံးဝ) အကျိုးမပြုတော့ ပါဘူး။

စောဘဦးကြီးရဲ့မူ(၄)ချက်ဆိုတာ ၁၉၄၉ခုနှစ်ကပြောခဲ့တဲ့စကားတွေပါ။ ဒီကနေ့၂၀၁၂ခုနှစ် နဲ့ ပြောရမယ်ဆိုရင် ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်အယူအဆဖြစ်ပါတယ်။ဒါကြီးကိုလက်ကိုင် ထားပြီးပြောပြောနေလို့ ကျွန်တော်တို့ကရင်လူမျိုးစုအားလုံးက သဘောကျနေတယ်လို့ မထင်လိုက်ပါနဲ့။

လက်နက်စွဲကိုင်တဲ့လုပ်ရပ်ဟာ စစ်အစိုးရအုပ်ချုပ်နေတဲ့အချိန်မှာ အကြောင်းပြလို့ကောင်းပေမဲ့ အခုလက်ရှိအစိုးရဟာ ဒီမိုကရေစီအစိုးရဖြစ်ပါတယ်။ မည်သူမဆို ပြည်သူ့ကိုယ်စားလှယ်အဖြစ်ဝင်ရောက် အရွေးခံနိုင်တဲ့ ဒီမိုကရေစီခေတ်ရောက်နေပါပြီ။ ဒီကနေ့ KNUခေါင်းဆောင်ပိုင်းတွေအနေနဲ့လဲ ကရင်လူထု အကျိုးတကယ်သယ်ပိုးချင်တယ်ဆိုရင် တရားဝင်ပါတီထောင်ပြီး ကိုယ်စားလှယ်အဖြစ်ဝင်အရွေးခံနိုင်ပါပြီ။ လက်နက်ကိုင်စွဲနေမယ်ဆိုရင် ကျွန်တော်တို့ ကရင်ပြည်နယ်၊ ကရင်လူမျိုးတွေ အခြားတိုင်းရင်းသားတွေ ထက် ညံ့ဖျင်းနေပါလိမ့်မယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပဏာမသဘောတူညီချက် ချက်ကိုလူသိ ရှင်ကြားလက်မှတ်ရေးထိုးပြီးကာမှ (၆၃)နှစ်မြောက် ကရင်တော်လှန်ရေးနေ့မှာ KNUဥက္ကဋ္ဌကြီး စောတာမလာဘောရဲ့ ကရင်လူမျိုးများ၏ ဘ၀တိုးတက်ရေးကိုအလေးမထားဘဲ ခေတ်နောက်ပြန်ဆွဲ နေတဲ့အတွေးအခေါ်ကနေပေါ်ထွက်လာတဲ့စကားများကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်မှာကို ကျွန်တော်တို့ ကရင်လူထုကြီးတစ်ရပ်လုံးက အလွန်ပဲစိုးရိမ်ကြောင့်ကြ နေကြ ပါတယ်။

Myanmar Express

အာရှကျားတစ်ကောင် ရွှေမြန်မာဖြစ်ဖို့ (ပေးစာ - ၉၄)


သိသာ မြင်သာသည့် အရှိန်အဟုန်ဖြင့် ပြောင်းလဲခြင်းများက တစ်ကမ္ဘာလုံးရှိ စီးပွားရေး
လုပ်ငန်းရှင်များကို လှုပ်နှိုးနိုင်ခဲ့ပြီဖြစ်သည်..... ပြု ပြင် သင့် သည် များ ကို ပြု ပြင် .....
ပြောင်းလဲ သင့်သည်များကို ပြောင်းလဲလိုက်သဖြင့် တိုးတက်ဖွံ့ဖြိုးစေမည့် အဖူး အငုံများက
ဖူးပွင့် စွင့် အာ နိုင် ရန် တာဆူနေပြီ ဖြစ်တော့သည် ....

မြန်မာနိုင်ငံသို့ မကြာမီက လာရောက်သွားခဲ့သော ကမ္ဘာ့ငွေကြေးရံပုံငွေ အဖွဲ့ကြီးကပင်
ကြွယ်ဝသည့် သဘာဝ အရင်းအမြစ်များ ...ငယ်ရွယ် ပျိုမျစ်သည့် အလုပ်အင်အားစုများ ..
စီပွားရေးဖွံ့ဖြိုးနေသည့် နိုင်ငံအချို့နှင့် နီးစပ်နေမှုများက မကြာသောကာလတွင် စီးပွားရေး
အင်အားကြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာနိုင်သည့် အခြေအနေတွင် ရှိနေသည် ဟု
ကြိုတင် ဟောကိန်းထုတ်သွားခဲ့ပါသည်.....

မှန်ပါသည်.. ယခုပုံစံအတိုင်း ပြုပြင် ပြောင်းလဲမှုများကိုသာ လက်ကိုင်ပြုသွားမည်
ဆိုခဲ့ပါမူ စီးပွားရေးပညာရှင်များ မှန်းစထားသည့်အတိုင်း မြန်မာနိုင်ငံသည် အချိန်တို
အတွင်း အာရှ၏ နောက်ထပ် ကျားတစ်ကောင်ဖြစ်လာမှာ အသေအချာပင် ဖြစ်တော့သည်....

မကြာမီကာလက မြန်မာနိုင်ငံသို့ ခဏ အလည်အပတ်ပြန်ရောက်လာသော စင်္ကာပူ
နိုင်ငံတွင် အင်ဂျင်နီယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး၏ ပြောပြချက်အရ စင်္ကာပူ
နိုင်ငံမှ ဦးဆောင်အဖွဲ့များပင် မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းကြီးများကို မျက်ခြေ
မပြတ် စောင့်ကြည့်ပြီး စီးပွားရေး ယှဉ်ပြိုင်နိုင်ရန် တာစူနေရပြီ ဖြစ်သည်........
စီးပွားရေး ယှဉ်ပြိုင်နိုင်ရန် အလို့ငှါ သတိထား စောင့်ကြည့်ရသည့် အနေအထား
သို့ပင် ဆိုက်ရောက်နေပြီဖြစ်သည်.....

သိသာမြင်သာသည့် လက်ရှိအကျိုးဆက်များအရ အချိန်တိုအတွင်း အမိရွှေမြန်မာသည်
အာရှ၏ ကျားတစ်ကောင်ဖြစ်လာပါတော့မည်...

သို့သော်..... ရေရှည် ရွှေကျားတစ်ကောင်ဖြစ့်ဖို့ ဆိုခဲ့ပါမူ......

ပြုပြင်ပြောင်းလဲမှုများကို အကျွန်ုပ်တို့အားလုံးက စတင်ရပါလိမ့်မည်.....

ကျွန်ုပ်တို့ နှစ်ပေါင်းများစွာ အရိုးစွဲလာသော လူနေမှု အကျင့်စရိုက် ...
အလေ့အထ... စိတ်ဓာတ်များကို စတင် ပြုပြင် ပြောင်းလဲကြရပါမည်...
နိုင်ငံကြီးသားတို့ကျင့်သုံးလိုက်နာရမည့် ကျင့်ဝတ်များကိုလိုက်နာစောင့်ထိမ်းကြရပါမည်.....
ကိုယ်ကျင့်တရားများကို တန်ဘိုးထားကြရပါမည်..
မနာလို မရှုစိတ် ၀န်တိုမှုတို့ကို ဖယ်ခွာကြရပါမည်..
တာဝန်သိစိတ်..တာဝန်ယူမှုတို့ကို ကြိုးစားအားထုတ်ရပေလိမ့်မည်...

သို့မဟုတ်ပါမူ....
အိတ်ပေါက် နှင့် ဖားကောက်သကဲ့သို့ .... ဒုံရင်း..ဒုံရင်း ဖြစ်မှာသေချာနေပါသည်...
အာရှ ၏ ရွှေကျား မဖြစ်ပဲ ... စက္ကူကျားသာ ဖြစ်နေပါလိမ့်မည်.....

ဤနေရာတွင် ဆရာဖေမြင့် ရေးသားခဲ့သော ...
ကုဋေရှစ်ဆယ်သူဌေးသားလို မွဲသွားသည့်တိုင်းပြည် ..ဆို့သည့် ဆောင်းပါး နှင့်
တွေးစ ဆင်ချင်မိပါသည်....

ကုဋေရှစ်ဆယ် သူဌေးသား ဘာကြောင့် မွဲသွားသနည်း ။
ဘိန်းစွဲသဖြင့် ရှိသည့်ပစ္စည်းကုန်သွားသည် မဟုတ် ..လောင်းကစားကြောင့်
ဆုံးရှုံးသွားသည်ဟုလည်း စာမှာမဆို ။ပညာမတတ် ၊ ဗဟုသုတလည်း မရှိ ၊
ကိုယ့် အမွေ အနှစ် ပစ္စည်း ဘယ်လောက် ဘယ်ရွေ့ ရှိမှန်း မသိ ၊ သိတာကို
လည်း မထိမ်းသိမ်းတတ်သဖြင့် လူတကာ လိမ်ညာလှည့်ဖြားတာ ခံရကာ
တောင်းစားရသည့် အဆင့်ထိ ရောက်သွားတာဖြစ်သည်။
ကုဋေရှစ်ဆယ် သူဌေးသားလို လူတစ်ဦးချင်းတွေသာ အလျှံပယ် ကြွယ်သည့်ဘ၀မှ
မွဲတတ်ကြသည် မဟုတ်၊ မထိန်းတတ်၊ မသိမ်းတတ်သည့် အခါ တိုင်းပြည်လိုက် ၊
လူမျိုးလိုက် မွဲသွားသည့် တိုင်းပြည်နိုင်ငံလေး တစ်ခုအကြောင်း.....

ပစိဖိတ် သမုဒ္ဒရာအလယ်က သာယာတဲ့ ကျွန်းနိုင်ငံလေး...
ပစိဖိတ် သမုဒ္ဒရာအလယ်ပိုင်း အီကွေတာမျဥိးတန်း၏ အောက်ဘက်နားလေး ကပ်လျက်မှာ
ကျွန်းကလေး သေးသေးတစ်ခုရှိသည်။ နာအူရူး (နောရူး) (Nauru) ဟု ခေါ်သည်။
ဧရိယာ (၈.၁) စတုရန်းမိုင်လောက်ပဲရှိသည်။ ကန့်လန့်ဖြတ်တိုင်းလျှင် အကျယ်ဆုံးနေရာမှာ
(၃)မိုင် လောက်သာရှိသည်။ ကျွန်းသူ/သားတွေဟာ နှစ်ပေါင်းထောင်ချီနေလာခဲ့သည့်
ကျွန်းနိုင်ငံလေးတစ်နိုင်ငံဖြစ်သည်။ ၁၉၆၈-ခုနှစ်တွင် လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်လာသည်။
ကမ္ဘာ အသေးဆုံးနိုင်ငံတစ်ခုဖြစ်သည်။
၂၀၁၀-ခုနှစ် စာရင်းအရ လူဦးရေ (၁၀၀၀၀)နီးပါးရှိသည်။

သူတို့ချမ်းသာပုံက .....
မူလကတော့ သူတို့မှာလည်း ဘာမှရှိသည် မဟုတ်။ သူတို့ကျွန်း ပတ်ပတ်လည်မှာက
သန္တကျောက်တန်း၊ ကမ်းခြေ၊ သဲသောင်ပြင်၊ အုန်းပင် နှင့် အခြားအပင်အချို့ပေါက်ရောက်ပြီး
အများစုသည် ငါးဖမ်း၊ ငှက်ပစ်၊ အုန်းသီးခူးစားပြီးနေထိုင်ခဲ့ကြသည်။ သည်နေရာမှာ
ရတနာကို စတွေ့သူက ကျွန်းသားများ မဟုတ်။ ပစိဖိတ် ကျွန်းစုများ ကုမ္ပဏီဟု ခေါ်သည့်
တိုင်းတစ်ပါး လုပ်ငန်းတစ်ခုမှ သင်္ဘောအရာရှိ တစ်ယောက် ဖြစ်သည်။
သူက ကျွန်း လယ် ရှိ ကျောက်ကုန်းခေါင်ခေါင်မှာ တွေ့ရသည့် ထူးဆန်းသော
ကျောက်ခဲတစ်ခုကိုယူလာခဲ့ပြီး ဓာတ်ခွဲကြည့်သည့်အခါအဖိုးတန်ပြီး အရည်အသွေးမြင့်မားသည့်
ဖော့စဖိတ် အရိုင်းတုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဤတွင် နာအူရူး ၏ကံကြမ္မာလည်း
ပြောင်းလဲသွားခဲ့သည်။ သည် ဖော့စဖိတ်များသည် မြေသြဇာအဖြစ်အလွန်တန်ဖိုးရှိသလို၊ယမ်းမှုန့်
လုပ်ရာတွင်လည်း အသုံးဝင်သည်။ ဈေးအလွန်ကောင်းသည်။ သို့နှင့် ၁၉၀၆ ခုနှစ်မှစတင်ကာ
နိုင်ငံခြားသားကုမ္ပဏီ လုပ်ငန်းရှင်များက နာအူရူး ကျွန်းလယ်ရှိ ဖော့စဖိတ် ရတနာမြေကို
နှစ်ပေါင်း(၆၀)ကျော်မျှ တူးဖော် ယူငင်ကာ အကျိုးစီးပွား ကြီးမားစွာ ခံစားခဲ့ကြသည်။
ချမ်းသာခဲ့ကြသည်။

၁၉၆၈-ခုနှစ်၊ တွင် လွတ်လပ်ရေးရသည့်အခါ နာအူရူး သားတွေသည် နေ့ချင်း ညချင်း
ပိုင်ရှင် သူဌေးတွေ ဖြစ်လာကာ အလျှံပယ် ကြွယ်ဝသော ဘ၀ကို ပြည့်ပြည့်၀၀ ခံစား ကြသည်။
လူတိုင်း အိမ်သစ် ရာသစ်နှင့် ရေမီး အပြည့်အစုံနှင့် ၊ တယ်လီဖုန်း နှင့် ခေတ်မီ အိမ်သုံး
ပစ္စည်းမျိုးစုံနှင့် ၊ အခမဲ့ ပညာသင်ကြားခွင့် ၊ အခမဲ့ ဆေးဝါးကုသခွင့် ၊အိမ်တိုင်းမှာ ကိုယ်ပိုင်ကား နှင့် ။
ပြည့်ပြည့် စုံစုံ ကြွယ်ဝ ချမ်းသာကြသည်။ပညာရေးဆိုလျှင်အခမဲ့ ပညာသင်ကြားရေးစနစ်။
ကျွန်းမှ စာသင်ကျောင်း၊တက္ကသိုလ်တွင်သာမဟုတ်သြစတြေးလျနှင့် နယူးဇီလန် မှာ
ကျောင်းသွား တက်ချင်သည် ဆိုလျှင်လည်း တစ်ယောက်စီအတွက် နှစ်စဉ် ဒေါ်လာ သောင်းချီ
အကုန်အကျခံကာ ပို့ပေးသည်။ ၀မ်းနည်းစရာ ကောင်းသည်က ကျွန်းအစိုးရက
အားပေးသလောက် နာအူရူး ကျွန်းသား ပညာတော်သင် ကလေးများက ထူးချွန်မလာခြင်းပင် ။

ကျန်းမာရေးဆိုလျှင်လည်း ... အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ၊ ကျွန်းဆေးရုံနှင့် မပြီး
နိုင်ငံခြား အထူးကု နှင့်ကုရမည်ဆိုလျှင် သြစတြေးလျသို့ ပို့ပြီး ကုပေးသည်။
စင်စစ် သြစတြေးလျက နီးလှသည်မဟုတ်၊ မိုင်ပေါင်း ထောင်ချီ ဝေးကွာလှသောခရီး ။
သည်ခရီးကို နာအူရူးသားတွေ လမ်းထိပ်က ကုန်စုံဆိုင်ကို သွားသလို ဥဒဟိုသွားလာနိုင်ရန်အတွက်
နာအူရူး လေကြောင်းလိုင်းကိုပင် အစိုးရက ဖွင့်ပေးထားသည်။ ဘိုအင်း ဂျက်လေယာဉ်ကြီး
ငါးစီးနှင့်ပင် သွားကြ ပြန်ကြ ၊ ဈေးဝယ်ကြ။ စိတ်ကူးရှိရာ လုပ်နိုင်သည့် ကာလပင်ဖြစ်သည် ။

လွတ်လပ်ရေးရပြီးနောက် နှစ်(၂၀)တာမျှ ဖြစ်သည့် (၁၉၇၀-၁၉၈၀) ပြည့်နှစ်များ အတွင်း
နာအူရူး သည် နိုင်ငံအလိုက် တစ်ဦးချင်းပျှမ်းမျှ ပြည်တွင်းထုတ်ကုန် ပမာဏ(ဂျီပီဒီ)တွင်
ကမ္ဘာအဆင့်မှာပင် (၂)ရှိသည် အထိအထွတ် အထိပ်သို့ ရောက်ခဲ့သည်။ သည်ကာလမှာ
အလျှံပယ် သုံးစွဲနေခဲ့ကြတာ မှန်သော်လည်း တစ်နေ့သောအခါ ကျွန်းပေါ်က ဖော့စဖိတ်တွေ
ကုန်သွားလိမ့်မည်။ အဲသည်အခါ ဆက်ပြီး ချမ်းချမ်းသာသာ နေနိုင်ဖို့အတွက်အရင်းအနှီး
စုဆောင်းကာ အဲသည်အရင်းအနှီးများမှ အကျိုး အမြတ်တွေရနိုင်အောင်လုပ်ထားဖို့ လိုသည်ဆိုတာ
ကို သူတို့လည်း သိခဲ့ကြသည်။ သို့သော် သိသည် ဆိုသည်က အတိုင်းအတာ အမျိုးမျိုးရှိသည်။
သူတို့နှင့် ကုဋေ ရှစ်ဆယ် သူဌေးသား တူသည်က အဲသည်နေရာမှာ ဖြစ်သည် ။

အမှန်အတိုင်းပြောရလျှင် တချို့လူက ကိုယ်တိုင်က တစ်ပြားတစ်ချပ် မရှိ၊ သို့သော်
သူ့ထက် အများကြီးရှိသူကိုအကြံပေး ဥာဏ်ပေး လုပ်တတ်သည်။ ဘယ်ဟာကို
ဘယ်လို လုပ်လိုက်လျှင် ဘယ်လောက် အကျိုးအမြတ်ရရှိသွားမည်။ ငါက လက်ထဲ
မရှိလို့ ကြည့်နေတာ၊ မင်းလုပ်လိုက်ပါလား ၊ မင်းပိုက်ဆံတွေ ဒီအတိုင်းထားရင်
မှိုတက်သွားမယ် ၊ ပရုတ်လုံးလို လုံးပါးပါးသွားမယ်။ ကြာလေ တန်းဖိုးလျော့လေ ။
အဲဒီတော့ ထုတ်သုံးပြီး ထုတ်ပြီးရင်းနှီး ၊ အဲသည်က အကျိုး အမြတ်ကိုစား၊
အဲသည်လို စည်းရုံးတတ်သည်။

ကုဋေရှစ်ဆယ် သူဌေးသား မွဲသွားတာ အဲဒါကြောင့် ဖြစ်သည်။
ပညာရည် မပြည့်ဝတာလည်း ပါသည် ။ဘာမှ မလုပ်ပဲ ထိုင်စားခဲ့လျှင်ပင် ကုန်မည် မဟုတ်။
နားမလည်ပဲ ရင်းနှီးမြုပ်နှံမှုလုပ်တော့ လူလိမ်ခံရသည်။ အနည်းဆုံးတော့ သူများ ဖြတ်စား
လျှပ်စားလုပ်တာ ခံရရင်း ကုန်ရသည်။ နာအူရူး သားတွေ ထိုနည်းအတိုင်းခံရသည်။
အစိုးရက နှစ်စဉ် ဖော့စဖိတ် ရောင်းရငွေထဲမှ သတ်မှတ်ရာခိုင်နှုန်းတစ်ခု ဖဲ့ယူကာ
အနာဂတ်အတွက် ရန်ပုံငွေ တစ်ခု တည်ထောင်ခဲ့သည်။ တာဝန်ယူ လုပ်ကိုင်ကြသည့်
ကျွန်းသား မလယ်မ၀ယ်တွေ၊ နိုင်ငံတကာမှ လူလည်တွေ ။ စာရင်းချုပ်ကြည့်သောအခါ
၁၉၉၀ လောက်က ဒေါ်လာ သန်း ၁၂၀၀ လောက်ရှိသော ရန်ပုံငွေသည် နောက် (၁၀)နှစ်
ကြာသော အခါ (၁၀)ပုံ (၁)ပုံ လောက်သာ ကျန်တော့သည်။
မူလက စုဆောင်းငွေသည် မိသားစုတစ်စုလျှင် ဒေါ်လာ (၂)သန်းဖိုး လောက်ရှိရာ
တိုင်းပြည် တစ်ပြည်လုံးသန်းကြွယ် သူဌေးကြီးဟု ဆိုနိုင်သည်။
အတိုး ကလေးနှင့်ပင် ထိုင်စားခဲ့လျှင်ပင် အခြေအနေ ပျက်လိမ့်မည် မဟုတ်။

ယခုတော့ ...
နာအူရူး မှာ ကျွန်းလယ်ရှိ ရတနာမြေ တစ်ခုလုံးသည် ဖော့စဖိတ်တွေ တူးယူပြီး ၍
ကျင်းတွေ ချိုင့်တွေကျောက်စိုင် ကျောက်ငုတ်ကြီးတွေ နှင့် ရုပ်ပျက် ဆင်းပျက်
ကျန်ရစ်ခဲ့တော့သည် ။ ကမ်းခြေများမှ သယ်ယူပို့ဆောင်ရင်း ဖော့စဖိတ်မြေ ရေထဲကျသဖြင့်
ကမ်းခြေ ရေတိမ်ပိုင်းမှာ ငါး နှင့် အခြား ရေသတ္တ၀ါ အမြောက်အများ သေကျေ ပျက်စီးခဲ့ရပါပြီ။
အစိုးရမှာလည်း ၀င်ငွေ မရှိတော့သဖြင့် အလုပ်လက်မဲ့ဦးရေ ၉၀%လောက်အထိပင် ဖြစ် ပျက်ခဲ့သည်။

ယခင်က ဖောဖော သီသီ ၀ယ်ခြမ်း စားသောက်ခဲ့သော နာအူရူး သားတွေမှာ ယခုအခါ
စာနပ်ရိက္ခာသာမကသောက်သုံးရေပါ အခက်အခဲ ရှိလာတော့သည်။သည်ထက်ပို၍
ခက်ခဲသည်က လျှပ်စစ်ဓာတ် နှင့် လောင်စာစီပြသနာပင် ။ ယခုတော့ ပြသနာပေါင်းစုံ
ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာက အကူအညီတွေကို လက်ဖြန့် တောင်းခံနေရပါပြီ။
သည်ကြားထဲ ကျွန်းသားတွေ ခံစားနေရသည့် ဒုက္ခတစ်ခုရှိသေးသည်။
ကျွန်းသား(၁၀၀)မှာ (၉၀)လောက်က အ၀လွန်နေခြင်းဖြစ်သည်။ ကောင်းစားစဉ်ကာလ က
အတော်စား ခဲ့ကြသည်ကိုး ။ အ၀လွန်ခြင်းနှင့် ဆက်စပ်ကာ ဆီးချို၊ ကျောက်ကပ်၊ နှလုံး၊
သွေးတိုး ဖြစ်ပွားနေသူများ ကလည်း အလွန်များနေသည်။ လူဦးရေ၏ ၄၀% မှာ
ဆီးချိုရောဂါစွဲကပ်နေပြီဖြစ်သဖြင့် ကမ္ဘာပေါ်တွင် ဆီးချိုရောဂါ ဖြစ်ပွားနှုန်း
အများဆုံး အမြင့်မားဆုံး တိုင်းပြည် နိုင်ငံအဖြစ် စာရင်းပေါက်နေလေပြီ။
သည်ရောဂါတွေနှင့် အတူ သက်တမ်းတွေလည်း တိုကုန်နေကြပြီ။
အဲ့သည်တော့ နာအူရူး သားတွေ တိုင်းပြည်ရော လူမျိုးရော အဓွန့်ရှည်ဖို့ဆိုလျှင်
ကောင်းစားစဉ် ကာလကပျက်ခဲ့သော အမူ အကျင့် အနေအထိုင် အသုံးအဖြုန်းတွေ
အားလုံးကို ပြန်ပြင်ဖို့ လိုနေပေတော့သည် ။

သို့မဟုတ်လျှင်တော့ ...
ကုဋေရှစ်ဆယ် သူဌေးသားလို ဇာတ်သိမ်းမလှ ဖြစ်ရဖို့ များနေပေတော့မည် ။
ဤသည်က နာအူရူး (နောရူး) (Nauru) ကျွန်းနိုင်ငံလေး၏ အဖြစ်အပျက်များပင်ဖြစ်တော့သည်....

နာအူရူး (နောရူး) (Nauru) ကျွန်းနိုင်ငံလေး၏ အဖြစ်အပျက်များကို စံနမူနာယူရင်း ...
ကျွန်ုပ်တို့၏ အမိရွှေမြန်မာနိုင်ငံ ....
အာရှ ၏ ကျားတစ်ကောင်ဖြစ်ဖို့ ဆိုမူ ...
ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ/သား အားလုံး က စတင် ပြုပြင်ပြောင်းလဲကြပါစို့ဟု ဆန္ဒပြုရင်း .....

ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ/သား အားလုံးမှာ တာဝန် ကိုယ်စီ ရှိပါသည်......

လေးစားစွာဖြင့် ....
သင်ဆရာ..မြင်ဆရာ..ကြားဆရာများကို ဦးညွတ်

Myanmar Express

စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရန် မြန်မာဘက်မှ လုပ်ဆောင်ပေးစရာများပြီးပြီဟု စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်ပြောကြား


From : ခေတ်လူငယ်

၁၉၉၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရန် မြန်မာဘက်မှ လုပ်ဆောင်ပေးရမည့်ကိစ္စအားလုံးကို ဆောင်ရွက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က ဇန်န၀ါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်မှ မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုနှင့် စပ်လျဉ်းသည့် သဘောထားသည် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၏ အခြေအနေများပေါ်တွင် မူတည်နေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ “သေချာပါတယ်။ ဒီတစ်ခုပြီးရင်တော့ အမေရိကန် Sanction ရုပ်မှာပါ” ဟု ဒေါက်တာဦးမြင့်က ထပ်မံပြောကြားခဲ့သည်။ မြန်မာအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်သည့် သဘောထားများသည် ကာယကံရှင်နိုင်ငံများနှင့်သာ သက်ဆိုင်ပြီး မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များအပေါ်တွင် မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

လာမည့် ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင်စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များပါ ထည့်သွင်းသင်ကြားပို့ချသွားမည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး မျက်နှာစာများကို မျိုးဆက်သစ်များ သိရှိနိုင်ရန် လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင် စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များပါ ထည့်သွင်းသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ သင်ကြားပေးနိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ Private Sector အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ပါဝင်ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။ “အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အကုန်လုံးမှာ စိုက်ပျိုးရေးပညာရပ်တွေကို ထည့်သွင်းသင်ကြားပေးသွားမှာပါ။ ဘာသာရပ်တစ်ခုအနေနဲ့တော့ မဟုတ်ပါဘူး။ တခြားသော ပညာရပ်တွေဖြစ်တဲ့ အားကစားဝိုင်း၊ အိုင်တီပညာရပ်ပိုင်းတွေကို သင်ကြားပေးတဲ့ ဖွံ့ဖြိုးရေး အချိန်တွေမှာ ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့ စိုက်ပျိုးရေးပညာရပ်ကို ထည့်သွင်းပြောကြားပေးရခြင်းမှာ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေးပညာရပ်များကို သားသမီးများမှတစ်ဆင့် လက်ဆင့်ကမ်းပြီး တောင်သူ၊ လယ်သမားများ လက်တွေ့ အသုံးချနိုင်ရန်၊ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူလေးများ မိမိနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ အကြောင်းကို သိရှိနားလည် အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ထည့်သွင်းသင်ကြားပးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်ပရောက် မြန်မာများ အမိမြေသို့ အဆင်ပြေလွယ်ကူစွာ ငွေလွှဲနိုင်ရန်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် အဖက်ဖက်မှ စီမံဆောင်ရွက်နေသလို ပြည်တွင်းရှိ ပြည်သူများသာမက ပြည်ပမှာ နေထိုင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာနိုင်ငံသား များအကျိုးစီးပွားအတွက်ပါ ဖြည့်ဆည်း ဆောင်ရွက် ပေးလျှက်ရှိပါတယ်။

ယခုလည်းပဲ ကျင်းပပြုလုပ်လျှက်ရှိသော အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းက ပြည်ပမှာ နေထိုင်လုပ်ကိုင်လျှက်ရှိကြသော မြန်မာပြည်သူ ပြည်သားများ မိမိမြန်မာနိုင်ငံသို့ ငွေပြန်ပို့ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် မလေးရှားနိုင်ငံ၌ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်၊ ထိုင်းနိုင်ငံ၌ ကမ္ဘောဇဘဏ်၊ စင်္ကာပူ၌ သမ၀ါယမဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တို့ကို ပြည်ပငွေလွှဲ လုပ်ငန်း ဆောင်ရွက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းကို ဖေဖော်ဝါရီလနှင့် မတ်လအတွင်းမှာ စတင်ပြုလုပ်နိုင်ဖို့
သတ်မှတ်စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ငွေလွှဲပို့ရာတွင်လည်း အဆိုပါနေ့၌ ပေါက်သော နိုင်ငံခြားငွေပေါက်ဈေး အတိုင်း လွှဲပို့ငွေများကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဘဏ်များလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် ပြည်ပရောက်မြန်မာတွေ ကြုံတွေ့နေရတဲ့ ယခင်ငွေလွှဲရမှာ အလိမ်ခံရခြင်း၊ ဈေးနှိမ်ခံရခြင်း၊ စိတ်ချယုံကြည်ရမှု မရှိခြင်း စတဲ့ အခက်အခဲတွေကို ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ယခုလို ပြည်တွင်းရှိ ပြည်သူများသာမက ပြည်ပရောက် မြန်မာပြည်သူ ပြည်သားတွေရဲ့ အခက်အခဲ၊ လိုအပ်မှုတွေကို ဖြေရှင်းဆောင်ရွက်ပေးနေတာဟာ လက်ရှိအစိုးရအဖွဲ့ရဲ့ ပြည်သူပြည်သား တွေအပေါ် ထားတဲ့ စိတ်ရင်းစေတနာတွေ ဖြစ်ပါကြောင်း ရွှေမြန်မာမှ တင်ပြအပ်ပါတယ်။

http://goldenmyanmarnews.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း

Myanmar Express