From : YGM Media
ဖိုးသောကြာတို့ သတင်းစာပညာမှာ "ဖြစ်လာတဲ့သတင်းကို အမှန်အတိုင်းတင်ပြရမယ်(Report)၊ သတင်းအမှန် ရဖို့အတွက် ပထမဆုံးရတဲ့သတင်း (Information) ကို အမှန်လို့မယူရဘူး၊ (First Information Right)၊ သတင်း စာဆရာဟာ"အလယ်လူ"(Media) ခြံစည်းရိုးပေါ်ခွထိုင်ပြီး သာတဲ့ဘက် ခုန်ချတဲ့သူမျိုး (Sitting on the fence) မဟုတ်ဘဲ ဘယ်ဘက်မှမယိမ်းယိုင်ဘဲ "အလယ်လူ" ဖြစ်ရမယ်။ ဖြစ်လာတဲ့သတင်းကိုဖော်ပြရာမှာတော့ လူထု ရယ်၊ အစိုးရ(ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး)ရယ်၊ နိုင်ငံတကာရယ်ဆိုတဲ့ ပကတိအခြေခံအကျိုးဆက် တွေအပေါ် "ချင့်ချိန်နှိုင်းဆ" ဖော်ပြရမယ်။ လံကြုပ်သတင်းမလုပ်ရဘူး၊ တင်းမှန်အပေါ် မိမိရဲ့ထင်မြင်ယူဆချက်၊ မှတ်ချက်ဂယက်တွေ ကိုတော့သတင်းစာဆရာရဲ့ကိုယ်တိုင်(By-Line)အနေနဲ့ ဖော်ပြရမယ်၊ အဆုံးအဖြတ်က လူထုသာဖြစ်တယ်"လို့ သတင်းစာဆရာရဲ့ စိတ်ဓာတ်၊ ကျင့်ဝတ်သိက္ခာနဲ့ ခံယူချက်တွေကို မြန်မာ သတင်း စာ ပညာအဖြစ် ဖိုးသောကြာတို့ မြန်မာသတင်းစာ ဆရာကြီးများထံမှ လက်ဝေခံ ရယူခဲ့ကြပါတယ်။
ကျင့်ဝတ် ၁၁ပါး
မြန်မာသတင်းစာ ဆရာကြီးများက "အတင်းအဖျင်းမရေး သတင်းသာရေးသည်" "ချစ်သူကို မသာစေရ မုန်းသူကို မနာစေရ"ဆိုတဲ့အခြေခံတွေပေါ်မှာ မြန်မာသတင်းစာဆရာ ကျင့်ဝတ်(၁၀)ပါးကို ၁၉၆၃ ခုနှစ်မှာ မြန်မာစာနယ်ဇင်း ကောင်စီက ပြဋ္ဌာန်း ပေးခဲ့ပါတယ။် ဒါပေမယ့် ဖိုးသောကြာတို့ မြန်မာစာနယ်ဇင်း နယ်ပယ်မှာ လိုက်နာ ကျင့်သုံးမှု အားနည်းတာကိုတော့ ၀န်ခံပါတယ်။
ချွန်တွန်း
ချင့်ချိန်နှိုင်းဆ ဖော်ပြရမယ့် သတင်းမျိုးက အထူးသဖြင့် "နိုင်ငံရေးသတင်းတွေ ဖြစ်တာ များပါတယ်။ တစ်နိုင်ငံလုံး လူထုရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်လို့ ဖြစ်ပါတယ်။ သတင်းစာဟာ နိုင်ငံရေးနဲ့ အမြွှာဖြစ်တယ် (Twin)၊ နိုင်ငံရဲ့ အစိတ်အပိုင်း (Part of the Country ) ဖြစ်တယ်ဆိုတဲ့ ထုံး(usage)က နိုင်ငံတကာ သတင်းစာနယ်ဇင်း မှာရှိနေတာ ဒီသဘောပါပဲ။ ဒါကြောင့် သတင်းစာဆရာရဲ့ သတင်းနဲ့ သတင်းဆောင်းပါး ဖော်ပြမှုတွေဟာ သိပ်ကို နူးညံ့သိမ်မွေ့ ပြေပြစ်ချောမွေ့(Delectate)စွာ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲသလို ဖြစ်မလာလို့ကတော့ "ချွန်တွန်း" "အတို့အထောင်"လုပ်သလို ဖြစ်သွားနိုင်ပါတယ်။ ဖြစ်လည်း ဖြစ်ခဲ့တာတွေရှိသလို ဖြစ်နေတာတွေ၊ ဖြစ်လာတာ တွေလည်း ဒီကနေ့ တွေ့မြင်ဖတ်ရှု ကြားသိ နေရဆဲပါ။
ရိုးစင်းတဲ့လူထု
နိုင်ငံတော်အစိုးရရဲ့ ကြေညာချက် ၁/၂၀၀၇နဲ့ ၂/၂၀၀၇ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီကနေ့ သတင်း မီဒီယာတွေမှာ လူထုက သိချင်တာတွေကို သတင်းပညာနဲ့ သတင်း ဖော်ပြပေး နေရာမှာ (ဖိုးသောကြာကိုလည်း သတင်းစာဆရာ တစ်ဦးအနေနဲ့ ရန်ကုန်တိုင်းမ်ဂျာနယ်က အင်တာဗျူးလုပ်ခဲ့ပြီး ဖော်ပြပေးခဲ့တော့ နိုင်ငံနဲ့လူထု အကျိုးစီးပွားကိုသာ သတင်းစာဆရာ အနေနဲ့ ဦးတည်ဖြေကြားခဲ့ ပါတယ်) ဖိုးသောကြာ မြင်သိဖတ်မိတာတွေ ကြားနေရတဲ့ သတင်းနဲ့ဆောင်းပါး တွေထဲက "ချွန်တွန်း" "အတို့အထောင်" သဘောတွေကိုတော့ ရိုးစင်းတဲ့လူထုက သိဖို့၊ မြင်တတ်ဖို့လို ပါတယ်။ သိမှလည်း ရှောင်တတ်ပြီး အမှန်ကို အမှန်အတိုင်း သိနိုင်ကြမှာပါ။
ချင့်ချိန်နှိုင်းဆ
ဖိုးသောကြာတို့ မြန်မာနိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓသာသနာရဲ့ အဆုံးအမနဲ့ ၃၈ဖြာမင်္ဂလာတရားကို လိုက်နာကြပါ တယ်။ လောဘ၊ ဒေါသ၊မောဟ၊ မာန်မာန၊ အာဃာတတွေကို ဗုဒ္ဓအဆုံးအမနဲ့ ထိန်းချုပ်ကြပါတယ်။ ဒါကို ဗုဒ္ဓဘာသာဝင်တိုင်း ပြည်တွင်းပြည်ပ အကုန်သိနားလည် လက်ခံကြပါတယ်။ ဒါပေမဲ့ "ချင့်ချိန်နှိုင်းဆ" ကျတဲ့ နေရာမှာတော့ အပြုသဘောထက် "ချွန်တွန်း" " အတို့အထောင်" တွေက များနေသလိုပါပဲ။
အလှမ်းမဝေးအောင်
နိုင်ငံတော်အစိုးရ ကြေညာချက် ၁/၂၀၀၇အရ နိုင်ငံတော်အရေး ကိစ္စတွေကို ဆွေးနွေးဖို့ စတင်နေကြပါပြီ။ ဆွေးနွေးကြမယ့် နှစ်ဖက်စလုံးအပေါ် တွေးခေါ်မှု အတိမ်းအစောင်းဖြစ်စေမယ့် အရေးအသားမျိုးတွေကို မီဒီယာ တွေက တည်ငြိမ်မှုကို၊ အေးချမ်းမှုကို အမှန်တကယ်လိုလားရင်၊ ဆူပူအကြမ်းဖက်မှုကို အမှန်တကယ် မလိုလားရင် နိုင်ငံတော် အကျိုးအတွက် ဦးတည်ဖော်ဆောင် ပေးစေချင် ပါတယ်။
အာဃာတ
ဖိုးသောကြာတို့နိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးဖြစ်စဉ် (တစ်နည်း သမိုင်း)မှာ အာဃာတတွေ၊ အငြိုး အတေးတွေ၊ လောဘ၊ဒေါသ၊ မောဟ၊ မာန်မာနတွေဟာ (ဗုဒ္ဓဘာသာတွေ မဟုတ်ကြတဲ့အတိုင်း) အစွန်း နှစ်ပါးကို မလွတ်ခဲ့ကြလို့ ငြိမ်းချမ်းရေးတွေ အခါခါပျက်ခဲ့ကြရပါတယ်။ "၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲရောက် လာတဲ့ (ဗကပ) ကိုယ်စားလှယ်တွေကို လာနှုတ်ဆက်ခဲ့တဲ့ သူတွေထဲမှာ အားလုံးက လက်ဆွဲ နှုတ်ဆက်ခဲ့ကြ ပေမယ့် မဆက်တဲ့သူ (သခင်တင်မြ-အင်တာဗျူး၊ လျှပ်တစ်ပြက်ဂျာနယ် တွဲ၁/မှတ်-၅၂၊ ၁၉/၁၀/၂၀၀၇ နှာ-၂၈)ကို "အတော်အာဃာတကြီးတဲ့သူတွေပဲ"လို့ သခင်တင်မြက ဆိုကြောင်း ဖော်ပြထားတာ ဖတ်ခဲ့ရပါတယ်။ အဲသလို နိုင်ငံရေးဖြစ်စဉ်နဲ့ သမိုင်းတွေကိုဒီနေ့မှာ မမေ့မလျော့ကြဘဲ ဆက်လက် သုံးသပ်သင်ခန်းစာယူ၊ အဖြေရှာသင့်ပြီလို့ သမိုင်းမှာ သက်သေလုပ်ကြရတဲ့ သတင်းစာဆရာ တစ်ယောက်အနေနဲ့ ခံယူပါတယ်။
အတိမ်းအစောင်းမခံ
ဖိုးသောကြာတို့ နိုင်ငံတော်ကြီးနဲ့ လူထုကြီး ကောင်းကျိုးအတွက် မီဒီယာတွေက အဖျက်သဘော ချွန်တွန်းအတို့ အထောင်ကို ရှောင်၊အပြုသဘောဆောင်ပြီး ဆွေးနွေးဖက်တွေ နီးစပ်သထက်နီးစပ်အောင် ဒီနေ့လို အတိမ်းအစောင်းမခံတဲ့ အချိန်မှာ ““ချင့်ချိန်နှိုင်းဆ”” ဖော်ပြမှသာ တိုင်းပြည်အပေါ် တာဝန် ကျေကြမှာ ပါခင်ဗျ။

2 comments:
"ချွန်တွန်း" ဘွဲ့ကို eleven media နဲ့ irrawddy ကို ၁၀ ထပ်ကွမ်းလောက်ပေးရမယ်
eleven media နဲ့ irrawddy ရန်တိုက်ပေးတဲ့ မီဒီယာတွေပါ
..
Yes, you are absolutely right. Our country has so many useless media like yours. They don't have good knowledge about international affairs. They don't do anything good for country. They keep barking who really sacrifice for the peace and development of our country. They should be sued and kept in prisons for life. Cheers!
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်