From : ခေတ်လူငယ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်မြို့အတွင်းရှိ ကိုလိုနီခေတ်လက်ကျန် အထင်ကရ အဆောက်အအုံများအနီးတွင် အထပ်မြင့်တိုက်တာများ ဆောက်လုပ်ခြင်းကို ခွင့်မပြုတော့ကြောင်း သိရှိရသည်။ “ဒါကတော့ ရှေးဟောင်း အဆောက်အအုံတွေကို ကွယ်နေရင် ဘယ်ကောင်းပါ့မလဲ။ နိုင်ငံတကာမှာ လည်း ရှေးဟောင်းလက်ရာ အဆောက်အအုံတွေကို ထိန်းသိမ်းကြပါတယ်။ ရန်ကုန်မှာလည်း အထင်ကရ်နေရာတွေမှာ ရှိနေတဲ့ သမိုင်းဝင်အဆောက်အအုံတွေရဲ့ ပတ်ဝန်းကျင်မှာ မြင်ကွင်းကွယ်လောက်တဲ့ အထပ်မြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တွင် ကိုလိုနီခေတ်မှ သမိုင်းဝင်အဆောက်အအုံ များစွာရှိပြီး မြန်မာနိုင်ငံ ဗိသုကာအသင်းမှ စစ်တမ်းများအရ လက်ကျန်အဆောက်အအုံပေါင်း ၂၀၀ နီးပါးခန့်ရှိကြောင်း၊ အများစုမှာ နိုင်ငံပိုင်ရုံးများနှင့် အခြားသာသနိက အဆောက်အအုံများဖြစ်ကြောင်း သိရှိရသည်။ “အများစုကတော့ ရုံးတွေဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့တွင်းပိုင်းမှာရှိတဲ့ သမိုင်းဝင် အဆောက်အအုံတွေကို Heritage Trust Zone တွေ သတ်မှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်တဲ့ အပိုင်းတွေက လုပ်နေပြီ။ အခုနောက်ပိုင်းကစပြီး ရှေးဟောင်း အဆောက်အအုံတွေနားမှာ အထပ်မြင့်ဆောက်ဖို့ကို ကန့်သတ်လိုက်တာပါ။ အထပ်မြင့် မြင်ကွင်းကွယ်စေမယ့် အဆောက်အအုံကြီးတွေကို ကန့်သတ်ထားပေမယ့်လည်း ပုံမှန်ကတ်ထရိုက်တိုက်တွေနဲ့ ကွန်ဒို အထပ်နိမ့်တွေကိုတော့ ခွင့်ပြုပေးသွားမှာပါ” ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်