From : မြစ်မခ
အပိုင်း(၂)
တကယ်တော့ အဲဒီတုန်းက ကျနော်က နိုင်ငံရေးဆိုတာလည်း မသိဘူး၊ ဒီမိုကရေစီဆိုတာလည်း မသိပါဘူး။
ဒါပေမဲ့
တပါတီစနစ်ရဲ့ မကောင်းမှုတွေကိုတော့ ကျနော်တို့ ခံရတယ်လေ။
မွေးဆပ်ပြာတတုံးရဖို့ သမဆိုင်သွားရတာတို့…၊ ရေနံစည်
တပုလင်းတို့…အ၀တ်စကောင်းကောင်းလေးတွေဆိုရင် မဲနှိုက်ရတာတို့ ဘာတို့
အဲလိုမျိုးတွေလည်း ရှိတယ်။
နောက်
ကားတွေ၊ လမ်းတွေဆိုတာလည်း စုတ်ပြတ်သတ်နေတာပဲ ဒါတွေက မသိမသာကြုံတွေ့လာရတဲ့
ကိစ္စတွေပေါ့။ တပါတီ စနစ်အောက်မှာ နေရတဲ့ ဘ၀တွေအကြောင်းကိုတော့ သိတာပေါ့
တခြား နိုင်ငံရေး စနစ်တွေဘာတွေကိုတော့ ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။
မခံချင်စိတ်လေးနဲ့ လုပ်ကြတယ်ပေါ့ လုပ်ရင်း လုပ်ရင်းနဲ့မှ လုပ်သင့်တယ်ပေါ့။
လုပ်ကောင်းတယ်ဆိုတာကို မြင်လာကြတာလေ။
အဲဒီနေ့
၁၉၈၈၊ ဇွန်လ ၁၈ ရက်နေ့ကနေ စသွားလိုက်တာ ဇွန်လ ၁၉ ရက်နေ့တွေမှာ
တောက်လျှောက် ဆက်သွားတယ်။ ဇွန် ၂၀ ရက်နေ့က
ကျောင်းဖွင့်ရက်ဖြစ်တော့ကျောင်းသား လှုပ်ရှားမှုက ပိုပြီးတော့ စည်သွားတာပေါ့။
အဲဒီမှာ
ကိုကိုဦးတို့ မောင်မောင်ကျော်တို့က ဦးဆောင်ပြီး လုပ်ကြတဲ့ သူတွေပေါ့လေ။
ကျနော်နဲ့ကတော့ လက်ပွန်းတတီးလက်တွဲပြီး လုပ်ခဲ့တာတော့ မရှိပါဘူး။
ကျနော်ကတော့ အောက်ခြေမှာပဲ ကြုံသလိုပဲ ကြုံတဲ့သူနဲ့ လက်တွဲင်္ပြီး
လုပ်လိုက်တာပါပဲ။ မှတ်မှတ်ရရ ကိုမင်းသူတို့ဘာတို့လည်းပါတယ်ပေါ့လေ လုပ်ကြတာ။
နောက်
S-3 မှာ အစည်းဝေးတွေ ဘာတွေ ထိုင်ကြတယ်ပေါ့။ အဲဒီမှာ မှတ်မှတ်ရရ
ကိုအောင်ဇော်မင်း( ချိုတူးဇော်) နဲ့ တွဲမိပြီ။ သူက s3 က အစည်းဝေးမှာ
တင်တာတခုရှိတယ်။ သူက ဘာတင်လဲဆိုတော့ ကျောင်းသားတွေ ကျောင်းထဲမှာပဲ
မလုပ်သင့်ဘူး၊ ပြည်သူကြားထဲထိ ထွက်ပြီး လုပ်သင့်တယ်၊
ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တောင်းဆိုတိုက်ပွဲ ၀င်သင့်တယ်ဆိုတာမျိုးကို
သူတင်ခဲ့တယ်။
အဲလို
အစည်းအဝေးတွေ ပြီးရင်တော့ သူရယ်၊ ကျနော်ရယ် ကျန်တဲ့ ကျောင်းသားအချို့ရယ်
သူ့အိမ်မှာပဲ စုမိကြပါတယ်။ အဲဒီအုပ်စုလေးထဲမှာ day ကျောင်းသားတွေပါတယ်၊
လုပ်သားကောလိပ်က အချို့ ကျောင်းသားတွေပါတယ်။ ရည်ရွယ်ချက်တခုနဲ့
စုလိုက်ကြတယ်ပေါ့လေ။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့
ကျနော်အပါအ၀င် အဲဒီအစုလေးက လက်နက်ကိုင်တော်လှန်ရေးကို အားသန်တယ်။ စိတ်ကူး
ယဉ်တယ် ပြောပြော ဘာပြောပြော ကျနော်တို့ တကယ် အားသန်ခဲ့တယ်။
အမှန်အတိုင်းပြောရရင်တော့ဗျာကျနော်တို့
ထိုင်းနယ်စပ်လိုနေရာမျိုးကို ထွက်ဖို့ ကြိုးစားတယ်၊ ထိုင်းနယ်စပ်လို
နေရာမျိုးကို မထွက်နိုင်ရင်တောင်မှ ဘန်ကောက်လို နေရာမျိုးမှာ
အခြေကျပြီးတော့ တော်လှန်ရေး တခုခု လုပ်နိုင်မလားပေါ့လေ။ ဒါမျိုးတွေ စဉ်းစားပြီးတော့ စခဲ့ကြတာပဲ။
အဲဒီမှာ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ကို အဲဒီကတည်းက စပြီး ဖွဲ့ခဲ့ကြတာ။
အဲလိုဖွဲ့ခဲ့ကြပြီးတော့ကျနော်တို့အဖွဲ့ထဲမှာ
မြိတ်(ဘိတ်)ကကျောင်းသားတွေလည်း ပါတယ်၊ ကိုဝင်းချိုဆိုတဲ့ မြိတ်က
ကျောင်းသားနဲ့ ကျနော်အပါအ၀င် ၄ ဦး မြိတ်ဘက်ကို ဆင်းသွားခဲ့ကြတယ်။
အဲဒီမှာ
အညိုရောင်နယ်မြေနဲ့ နီးတဲ့ရွာတွေကိုရောက်တော့ လက်နက်ကိုင်နေတဲက KNU
ဆိုတာတွေ ရှိတယ်၊ မွန်တွေရှိတယ်၊ နောက်ဆုံး ဗကပ တွေလည်း ရှိတယ်ဆိုတာကို
ကျနော်တို့ ထဲထဲဝင်ဝင် သိလာရတယ်ပေါ့လေ။
အဲဒီတော့ကျနော်တို့
လုပ်ချင်တဲ့ တော်လှန်ရေးအတွက် ဒီလက်နက်ကိုင်နေတဲ့ အဖွဲ့တွေကလည်း
ထည့်စဉ်းစားရမဲ့ အချက်တွေဆိုတာကို ထဲထဲဝင်ဝင်သိလာရတာပေါ့လေ။
အဲဒီမှာ ဇူလိုင်လလောက်မှာ အထက်တန်းကျောင်းသားတွေကလည်း ကျို့ကြား ကျို့ကြား ဆန္ဒပြတာတွေ ဘာတွေလည်း ရှိနေပြီ။
၁၉၈၈
ခုနှစ် ၈ ရက် ၈လ မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့လုပ်ကြမယ်ဆိုပြီးတော့
ရန်ကုန်က ကျောင်းသားတွေက လှုံ့ဆော်ကြတယ်။ အဲဒီမှာ ကျနော်တို့ကလည်း ၈ ရက်နေ့
အမီ ဘိတ်မြို့ပေါ်ကို အရောက်သွားတယ်။ အဲဒီမှာ
ကိုအောင်ဇော်မင်း(ချိုတူးဇော်)၊ ကျနော်နဲ့ကိုတင်ကိုအောင် ၃ ယောက်က တည်းတဲ့
အိမ်လေးမှာ နေရင်းနဲ့ အခြေအနေကို စောင့်ကြည့်ကြတာပေါ့။
၈ ရက်နေ့မှာ တကယ်တမ်း စလိုက်တာကတော့ မြိတ်က
အထက်တန်းကျောင်းသားတွေကနေ စလိုက်ကြတာ။ စလိုက်ကြပြီးတော့ လူအုပ်တွေဘာတွေ
ပါလာပြီးတော့ ရဲစခန်းကို ၀ိုင်းကြတာတွေဘာတွေဖြစ်တယ်။ ဖြစ်တော့ ရဲက ပစ်တယ်။
အဲဒီမှာ ကိုကိုဦးနဲ့ ညီညီလွင်…တဲ့ သူတို့ ကျသွားတယ်။ ကျောင်းသားနှစ်ယောက် ကျသွားတယ်။ ၈ ရက် ၈ လ ၈၈ပေါ့။
စလုပ်တာက
အကယ့်ကို အထက်တန်းကျောင်းသား လူငယ်လေးတွေ စလုပ်ခဲ့ကြတာ။ အဲဒီမှာ
ကျနော်တို့ကလည်း ရန်ကုန်ကလာတဲ့ ကျောင်းသားတွေပါ မြိတ်က ကျောင်းသားတွေနဲ့
ပေါင်းပြီး အလုပ်လုပ်ဖြစ်ကြတယ်။
အဲတော့ အထက (၁)မှာ သပိတ်စခန်းဖွင့်ကြတာပေါ့။ အစပိုင်းမှာတော့
ကျသွားတဲ့ ကျောင်းသားတွေရဲ့ အလောင်းတွေကို သယ်ပြီးတော့ ဆန္ဒပြတာတွေ
ဘာတွေလုပ်ကြသေးတယ်၊ နောက်တော့မှ ကောင်းမွန်စွာ သဂြိုလ်ရအောင်ဆိုပြီး
မိဘလက်ထဲ ပြန်အပ်လိုက်ကြတယ်။ ပြီးတော့ ကောင်းကောင်းမွန်မွန်
သဂြိုလ်မေးလိုက်ကြတယ်။
ပထမတုန်းကတော့ ဟောပြောတာတွေဘာတွေလုပ်တယ်ပေါ့ သပိတ်စခန်းမှာ ကြာလာတဲ့ အခါကျတော့ ဒုတ်ဓါးကိုင်တဲ့ အဆင့်တွေဘာတွေ ရှိလာတယ်။ အဲဒီမှာ
မြို့ခံတွေကလည်း ကျနော်တို့ကို ဂန်သားပေါ့၊ ဂန်သားဆိုတာက သူတို့က
မုန်းတာလို့လည်း ပြောလို့ရမဘူး ဒါပေမဲ့ သူတို့မှာ အစွဲရှိတယ်၊ မြို့ခံ
မဟုတ်တဲ့ ရန်ကုန်ကလိုလာတဲ့ သူတွေဆိုရင် သူတို့က ဂန်သား တွေ ဂန်သားတွေ
ဟိုဘက်ကနေ လာတဲ့ သူတွေ သူတို့နဲ့ တသားတည်း မဟုတ်ဘူး ဆိုပြီး ခွဲခြားတဲ့ သဘောတရားလေးလည်း ရှိတယ်။
အဲဒီမှာ
ရန်ကုန်ကလာတဲ့ ကျနော်တို့ အပေါ်ကို ဂန်သားတွေ ဆိုပြီး သံသယတွေ ဖြစ်ကြတယ်။
နောက်ဆုံးဗျာ သပိတ်ကာလတွေမှာ ဖြစ်တတ်တဲ့ အတိုင်းပဲ ထောက်လှမ်းရေးတို့
သူလျှိုလား ဆိုတာမျိုးကနေ စတယ်ဗျ။
အဲဒီမှာ
ဒုတ်ဓါးတွေ ဖြစ်မှာဆိုးတာနဲ့ သပိတ်စခန်းကိုလည်း ပိတ်ပေးလိုက်ကြတယ်၊
အဲဒီအချိန်မှာပဲ ရန်ကုန်ကနေ ပြန်လာတဲ့ မြို့ခံကျောင်းသားတွေကလည်း
မြို့တွေကို ပြန်ရောက်လာကြပြီ။ ရန်ကုန်မှာက ကျောင်းသားသမဂ္ဂတွေ ဘာတွေ ဖွဲ့ကြပြီဆိုတော့ ဒီမှာလည်း ဖွဲ့ကြမယ်ဆိုပြီးတော့ ဖွဲ့တာပေါ့နော်။
ဒီမှာ
ရှိတဲ့ အထက်တန်းကျောင်းသားတွေရော ကျောင်းသားတွေအားလုံး ပါဝင်ပြီး
ဖွဲ့ကြတာပေါ့ အဲဒီမှာ သပိတ်မှာပါခဲ့တဲ့ အောက်ခြေလူတန်းစား လူငယ်တွေ ရွာကနေ
ဒုတ်တွေကိုင်ပြီး တက်လာခဲ့ကြတဲ့ သူတွေလည်း ရှိတော့ ကျောင်းသားသမဂ္ဂမှာ
ကျောင်းသားပဲ ပါရမယ်ဆိုတာကိုတော့ အဲလိုအောက်ခြေက လူငယ်တွေက ကျနော်တို့က
ဘာဆက်လုပ်ရမှာလဲ ဆိုပြီး ကျနော်တို့ ဆီကိုရောက်လာကြတယ်။
ကျနော်တို့ကလည်း
သပိတ်ထဲပါခဲ့တဲ့ လူတွေဆိုတော့ အဲဒီလို အောက်ခြေက ကလေးတွေက
ကျနော်တို့ဆီရောက်လာပြီး လာကြတယ်၊ အဲဒီမှာ ကျနော်တို့က ဟာ ဒါဆိုရင်
အခြားနာမည်တခုနဲ့ ဖွဲ့မယ်ဆိုပြီး ဖြစ်သွားတယ်။
အဲဒီမှာ
ဗမာ့မျိုးချစ်လူငယ်များ အစည်းအရုံးဆိုပြီး ဖြစ်သွားတယ်။
သပိတ်စခန်းတွေဘာတွေ ဖွင့်ပြီးတရားတွေ ဘာတွေ ဟောကြတယ်ပေါ့၊
အဲလိုလုပ်ရင်းနဲ့မှ ကျနော်က ထားဝယ်ကို ဆက်ထွက်ခဲ့တယ်။ အာဏာမသိမ်းခင်ပေါ့။
ကိုအောင်ဇော်မင်း(ကိုချိုတူးဇော်)က
ရန်ကုန်က ကျောင်းသားတွေနဲ့ ဆက်သွယ်မယ်ဆိုပြီး တက်သွားတယ်၊ ဘိတ်မှာ
ကိုချိုက ကျန်ခဲ့တယ်၊ ကျနော်ကလည်း ထားဝယ်ဘက်ကို ဆင်းတယ်။
ထားဝယ်မှာလည်း
ဗမာ့မျိုးချစ်လူငယ်များ အစည်းအရုံးဆိုပြီး လုပ်ဖြစ်တယ်ပေါ့။ အဲဒီမှာ
ထားဝယ်မှာလည်း သံသယတွေက ဖြစ်တယ်။ ဒီကောင်က ဘယ်က ကောင်လဲပေါ့၊ ထားဝယ်ကို
ဘာလာလုပ်တာလဲပေါ့့။
ကျနော် အဓိက ပြောချင်တာက သံသယတွေ ဆိုတာကို အဓိက ပြောချင်တာ။
ဘယ်လောက်ထိ
ဖြစ်လာလဲဆိုတော့ ကျနော် တဲတဲ့ အိမ်ကိုပါ မီးရှို့ပါမယ်ဆိုပြီး ဖြစ်လာတယ်။
အဲတော့ ကျနော်က မြို့မိမြို့ဖတွေဆီကိုသွားရှင်းပြတယ်။ သခင်ဗသိန်းတင်ရဲ့
သမီးတွေ ဖြစ်တဲ့ ဒေါ်တင်ထွေးမူတို့ လည်းပါတယ်။ ကျနော်တို့က ရန်ကုန်က
ကျောင်းသားတွေပါ၊ ကျနော်တို့မှာ ရည်ရွယ်ချက်လည်း ရှိတော့
လူအင်အားစုစောင်းတဲ့ သဘောလုပ်တာပါ၊ ကျနော်ရန်ကုန်က ကျောင်းသားပါ ဆိုပြီး
သေချာရှင်းပြရတယ်။ အဲလို သံသယတွေကို ဖြေရှင်းရတာမျိုးတွေလည်း ရှိတယ်။
အဲလိုနဲ့
စက်တင်ဘာ ၁၈ အာဏာသိမ်းလိုက်တော့ ကျနော်တို့အဖွဲ့တွေကလည်း
ကျောင်းသားစိတ်ဆိုတော့ အမျိုးသားတွေချည် လူ ၅၀ လောက်စုပြီးတော့ ၁၉
ရက်နေ့မှာ အာဏာသိမ်းတာကို လက်မခံကြောင်း ပြကြမယ်ပေါ့။
အဲလိုနဲ့ ယောကျာ်းလေးတွေချည်း ၅၀၊ ၆၀လောက် ကျနော်တို့ ထွက်ခဲ့ပြီး ဆန္ဒပြခဲ့ကြတယ်။ အဲဒီမှာ ထားဝယ်မြို့ခံလူအုပ်ကြီးကလည်း တဖက်မှာ ကျနော်တို့ကလည်း သပိတ်စခန်းကနေ ဖြတ်အထွက်မှာ ကျနော်တို့တွေ အပစ်ခံရတယ်။
အတွဲလိုက်ပစ်တယ်။ ပစ်ပြီး ဖြိုခွဲခဲ့တယ်။
ပစ်ပြီဆိုတော့လည်း
မြောင်းထဲကျတဲ့သူက ကျပေါ့၊ နီးစပ်ရာအိမ်တွေထဲ ၀င်ပြေးတဲ့သူက ပြေးနဲ့
အဲဒီမှာ ၅ ယောက် ကျသွားတယ်။ဆရာ ၂ ယောက်နဲ့ ကျောင်းသား လူငယ် ၃ယောက်ပေါ့။
အဲလို ကျသွားတော့ စိတ်လည်း မကောင်းဘူး၊ မတရားမှုလို့လည်း မြင်ကြတယ်၊ ခံစားကြရတယ်ပေါ့။
ကျနော်အဲဒီတုန်းက ထားဝယ်မှာ ဘိတ်မှာလည်း အဲလိုဖြစ်ကြတော့ ကိုမျိုးတဲ့ သူက ဘိတ်မှာ ကျသွားတယ်။၁၉ ရက်နေ့မှာပဲ ကျသွားတာ။
နောက်
အဲဒီမှာ ၁၉ ရက်နေ့ညနေ ၂၀ ရက်နေ့လောက်မှာ ထားဝယ်ကနေ လှေကလေးနဲ့
ကူးသွားရင်ရောက်တဲ့ လောင်းလုံဘက်မှာ ကျောင်းသားတွေ သွားစုကြတယ်။
ရှောင်ချင်တဲ့ သူတွေလည်း ပါမယ်၊ တောထဲသွားပြီး လက်နက်ကိုင်ပြီး
ပြန်တော်လှန်မယ်ဆိုတဲ့ သူတွေလည်း ပါတယ်။ အဲဒီ လောင်လုံအပိုင် ဟိုဘက်
ကမ်းလေးမှာ လူ ၃၀၀လောက်စုမိကြတယ်။
ဘုန်းကြီးကျောင်းတွေကနေ ထမင်းတွေ ဟင်းတွေကျွေးကြပါတယ်။ ကျနော်အပါအ၀င် ကျနော်တို့ အဖွဲ့က ၅ယောက်လောက်လဲ အဲဒီကို ရောက်သွားကြတယ်။
အဲဒီမှာ
ရွာတွေကနေ ရွာသားတွေရဲ့ လက်ဆင့်ကမ်းပို့ဆောင်မှုနဲ့အတူ ဆက်ထွက်ကြတယ်၊
မိုးလင်းခါနီးမှာ သရက်ချောင်းဘက်ကို ပြန်ကူးကြတယ်။ မိုးလင်းတော့
ထားဝယ်အောက်ဘက် ၇ မိုင်လောက်အကွာ၊ ရှင်မုထ္ထီးအောက်ဘက်ပိုင်းလောက်ကို
ရောက်သွားကြပြီ။
အဲဒီမှာ
မိန်းကလေးတွေလည်း ပါတော့ မြို့က မိဘတွေကလည်း လိုက်ခေါ်ကြတယ်။ အချို့လည်း
ပြန်ကြတယ်။ အဲဒီမှာ တောခိုဖို့ လာကြိုတာတွေက ကွန်မြူနစ် အဆက်တွေဗျ။
အဲဒီမှာ ကျနော် စဉ်းစားတယ်။ ကျနော် ဆက်လိုက်သွားမလား၊ လှည့်ပြန်မလား ဘာလုပ်မလဲ ပေါ့လေ။
အဲဒီမှာ
ဒီမြို့ခံတွေက ကျနော့်အပေါ်မှာ ဂန်သားဆိုပြီး သံသယတွေလည်း ရှိထားကြတယ်။
သူတို့နဲ့ ဆက်လိုက်သွားဖို့ မဖြစ်ဘူးထင်တယ်ပေါ့။ အဲဒီမှာ ကျနော့်သူငယ်ချင်း
ကိုကျော်သက်ကလည်း အကြံပေးတယ်။
အဲဒီမှာ ကျနော်တို့သူငယ်ချင်း ၅ ယောက် ဆက်မလိုက်တော့ဘဲနဲ့ ထားဝယ်မြို့ပေါ်ကို ပြန်လာကြတယ်။
အဲမှာပဲကိုအောင်ဇော်မင်း(ချိုတူးဇော်)ကို ထားဝယ်ကဆင်းဆင်းခြင်းမှဲာ့ စစ်တပ်က ဖမ်းလိုက်ပြီ ဆိုတာ ကြားရတယ်။
အဲလိုနဲ့ ကျနော်လည်း မြို့ပေါ်ကို ပြန်ရောက်လာတယ်။ ထားဝယ်ကနေ ရေးကို သွားတယ်၊ ရေးကနေ မော်လမြိုင်ကနေ ရန်ကုန်ကို ပြန်ဝင်တယ်။
ရန်ကုန်ပြန်ရောက်ပြီးတော့မှ
သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီးတော့ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးဆိုတဲ့
နာမည်နဲ့ပဲ တရားဝင်ပါတီ ဖွင့်ကြတယ်ပေါ့လေ။ ကိုချိုတူးဇော်အိမ်မှာပဲ
အခြေစိုက်ကြတယ်ပေါ့ဗျာ။
လူစုံအောင်လာကြပါတယ်။
NLD တိုင်းရုံးတို့ လူ့ဘောင်သစ်တို့ ဘာတို့ကတော့ လူပိုစည်တာပေါ့လေ။
ကျနော်လည်း ပါတီအနေနဲ့ ဘိတ်၊ ထားဝယ်မှာ ရုံးခန်းတွေ ပြန်ဖွင့်ပေါ့။
အဲဒီမှာ
ပြောစရာရှိတာက ပါတီတွေကို ၀င်ဝင်ပြီးတော့ ဒေသ အာဏာပိုင်တွေက ကြမ်းတာတွေ
ရှိတယ်။ သူတို့က ပါတီရုံးတခုကို ၀င်ပြီးတော့မှ ကြမ်းတာတွေ
တရားလက်လွတ်ပြောတာတွေ ရှိတော့ ကျနော်တို့
ကျောင်းသားလူငယ်တွေအများစုပါဝင်တဲ့ ပါတီတွေကနေ တိုင်ပင်ပြီးတော့
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို စာတင်ကြတယ်။
နိုင်ငံရေးပါတီတွေကို
ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတခု ပြဋ္ဌာန်းပေးဖို့ စာတင်ကြတယ်။ အဲလိုမှ
မကာကွယ်ပေးဘူးဆိုရင် ကျနော်တို့ ကျောင်းသားလူငယ်တွေအနေနဲ့
လက်နက်ကိုင်လမ်းစဉ်ကို လိုက်ရုံကလွဲလို့ အခြားဘာမှ
မရှိတော့ဘူးဆိုတာမျိုးတွေပေါ့လေ။ အဲလို စာတင်ခဲ့ကြတယ်။
အဲလို
ထုတ်ပြန်ခဲ့တာတွေ စာတင်ခဲ့တာတွေ ရှိတယ်။ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်)နဲ့
ဦးဝင်းတင်တို့ ဘိတ်ကိုလာတော့လည်းကျနော် တွေ့ပြီး ပြောပြခဲ့ဖူးတယ်။
အန်တီကတော့
လက်နက်ကိုင်တော်လှန်ရေးကို အားမပေးဘူး။ စိတ်လိုက်မာန်ပါ
မဖြေရှင်းကြဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြဖို့
ပြောခဲ့တာမျိုးတွေရှိတယ်။
အဲဒီမှာ ၁၉၈၉ မှာ ၈ လေးလုံး ၈ လပြည့်လုပ်တော့ ခေါင်းဆောင်ပိုင်းတွေမှာ ထောင်တွေကျတာတွေ ဘာတွေဖြစ်ကုန်တယ်။
ရှေ့ဆက်ဖော်ပြပါမည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်