From : hot news
မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း ရဲရိပ်သာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်း လုံခြုံရေး ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေး ဆွေးနွေးကျင်းပပွဲကို (၁၄.၁၀.၂၀၁၂)ရက်နေ့ ညနေ(၃း၀၀)အချိန်က အဆိုပါ ရဲရိပ်သာ၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် တောင်တွင်းကြီးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မြင့်ဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယခင်ကလိုမဟုတ်တော့ဘဲ ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်း၍ မှုခင်းများအား ဖော်ထုတ်ရာတွင် စည်းကမ်းနည်းလမ်း မှန်ကန်စွာဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် လိုအပ်ချက်များ ရှိပါက တက်ရောက်လာသော ရပ်မိ/ရပ်ဖများ အငြိမ်းစားရဲအရာရှိကြီးများ အငြိမ်းစားရဲတပ်ဖွဲ့ဝင်များမှ အကြံဥာဏ်ကောင်းများ ညှိနှိုင်းတင်ပြပေးနိုင်ပါရန် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ရဲအုပ်(ငြိမ်း) ဦးတင်ထွန်းက လူကုန်ကူးမှုနှင့်ပတ်သက်၍ သတင်းများရယူပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ဥပဒေနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်၎င်း၊ မြို့မိ/မြို့ဖ ဦးကျော်ဝင်းကလည်း တောင်တွင်းကြီးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများရှိ ရှေးဟောင်းဘုရားပစ္စည်းများနှင့် ပတ်သက်၍ ပျောက်ဆုံးမှု မရှိစေရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးရေးကို၎င်း၊ ရဲအုပ်(ငြိမ်း)ဦးညွှန့်ဆွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်ပတ်သက်၍ မှုခင်းကျဆင်းရေးအတွက် ရဲလက်တံဆန့်တန်း၍ ဆောင်ရွက်နိုင်မည့် မြို့နယ်တနယ်လုံး ၏၀င်ပေါက်/ထွက်ပေါက်များရှိ အမာခံသတင်းပေး (NGO)များ၏ ဖုန်းနံပါတ်များအား ရယူ၍ မှုခင်းဖော်ထုတ်နိုင်ရေးတွင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန်ကို၎င်း အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။ ယင်းအခမ်းအနားသို့ မြို့နယ်အတွင်းရှိ မြို့မိ/မြို့ဖများ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြောင်း သိရပြီး အခမ်းအနားကို ညနေ (၅း၁၂)နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်