From :
..eleven

မိတ္ထီလာမြို့ရှိ အမှတ် ၂ အခြေပညာအထက်တန်းကျောင်းတွင် မတ်လ ၂၂ ရက်နေ့(ယနေ့) နံနက်ပိုင်းက ဆယ်တန်း စာမေးပွဲဖြေရန် ဖွင့်လှစ်ထားစဉ်
မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မိတ္ထီလာမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသူများ အနှောင့်အယှက် မဖြစ်စေရန်အတွက် စာမေးပွဲဖြေဆိုသူများအား မိမိတို့နှင့် နီးစပ်ရာ စာစစ်ဌာနများတွင် ပြောင်းရွှေ့ ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မတ်လ၂၀ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အဆောက်အအုံနှင့် ဈေးဆိုင်ခန်းအချို့နှင့် မိတ္ထီလာမြို့နယ်ပညာရေးမှူးရုံး မီးရှို့ဖျက်စီးခြင်း ခံခဲ့ရသော်လည်း
တက္ကသိုလ်ဝင် စာမေးပွဲစစ်ဆေးသည့် စာစစ်ဌာနများ ထိခိုက်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။သို့ရာတွင် အဆိုပါမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားများ အနှောင့်အယှက် မဖြစ်စေရေး၊သွားလာရေး လွယ်ကူစေရေးတို့အတွက် စာမေးပွဲဖြေဆိုသူများအား နီးစပ်ရာစာစစ်ဌာနများတွင် ယနေ့(မတ်လ ၂၂ ရက်နေ့)စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည့်
ဘောဂဗေဒ ဘာသာရပ်ဖြေဆိုသည့်နေ့တွင် ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
''မနေ့ကတော့ မိတ္ထီလာမြို့မှာ ပထ၀ီဘာသာရပ် ဖြေဆိုမယ့်သူမရှိပါဘူး။ဒီနေ့ ဘောဂဗေဒဘာသာရပ် ဖြေဆိုတဲ့နေ့မှာတော့ ကျောင်းသားတွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့နဲ့ သွားရေးလာရေး အဆင်ပြေစေဖို့ ကိုယ်နဲ့နီးစပ်တဲ့ စာစစ်ဌာနမှာ ဖြေဆိုခွင့်ပေးခဲ့ပါတယ်''ဟု အ.ထ.က(၁) မိတ္ထီလာမြို့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မိတ္ထီလာမြို့တွင် ၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန(၈)ခု ထားရှိထားပြီး ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန် စာရင်းရှိဦးရေ(၃၃၃၉)ဦး ရှိသော်လည်း(၂၉၆၄)ဦး လာရောက်ဖြေဆိုခဲ့ပြီး (၃၇၅)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။
''အချို့ကျောင်းသားတွေက ကိုယ့်အိမ်မီးရှို့ခံရတဲ့အထဲမှာ ပါသွားလို့ စာမေးပွဲ သွားမဖြေကြတဲ့သူတွေလည်း ရှိပါတယ်။စာစစ်ဌာနတွေကတော့ ဘာမှမဖြစ်ပါဘူး။ကျောင်းသားတွေကို နီးစပ်ရာ စာစစ်ဌာနတွေမှာ ဖြေဆိုခွင့်ပြုခဲ့တာကလွဲလို့ ဘာမှမဖြစ်ခဲ့ပါဘူး'' ဟု မိတ္ထီလာမြို့နေ ဒေသခံတစ်ဦးက ဆိုသည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်