မနက်မိုးလင်းသို့ မျက်နှာသစ်၊ သွားတိုက် အိမ်ရှင်မပြင်ဆင်ပေးတဲ့
နံနက်စာကိုစားပြီး ယောက္ခမနဲ့ သတင်းစာ ခေါင်းချင်းဆိုင်ဖတ်ဖြစ်တာက နေ့စဉ်ထဲက
ဆောင်ရွက်ချက်တစ်ခုလိုဖြစ်နေပြီ။ ပြီးရင် ဘယ်သတင်း တိုက်က ဘယ်လိုရေးတယ်၊
ဘယ်ဟာက မဖြစ်သင့်ဘူးဆိုတာလည်း ဆွေးနွေးရတာ အမောပင်ဖြစ်သည်။ အချို့
ဂျာနယ်တွေဆိုလျှင် ထိန်းထိန်းသိမ်းသိမ်းရေးသားကြတာတွေ့ရပြီး အချို့ဂျာနယ်
နေ့စဉ်သတင်းစာများမှာ ရောင်းကောင်းရေးကို ဦးစားပေးထားတဲ့
အရေးအသားတွေကိုလည်း နေ့စဉ်ဆိုသလို ကြုံတွေ့ရသည်ချည်းသာ။ ဟိုးအရင်တုန်းက
ဒါမျိုးတွေ ရေးခွင့်မရခဲ့ကြတာမို့ ထင်ပါရဲ့လို့ တွေးပြီး နားလည်ခဲ့ပါတယ်။
ဒါပေမယ့် အခုတလော သတင်းစာ၊ ဂျာနယ်တွေဖတ်ရတာ သိပ်ပြီးစိတ်ထဲ နှစ်မြို့စရာမတွေ့သလို ခံစား ရတယ်။ အထူးသဖြင့် အခုတလော မြန်မာပြည်မှာဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေ၊ ဗုံးလန့်မှုကိစ္စတွေမှာ မီဒီယာ တွေရဲ့ ရေးသားချက်တွေဟာ တမင်ပဲ ပဋိပက္ခတွေ၊ ပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေကို ဓာတ်ဆီဝိုင်းလောင်း နေကြ သလားလို့တောင် ထင်မိတယ်။ စတုတ္ထမဏ္ဍိုင်ပဲဆိုဆို၊ ပြည်စောင့်ခွေးလို့ပဲ ခေါ်ခေါ် တိုင်းပြည်တစ်ခုနိုင်ငံတစ်ခုမှာ မီဒီယာဆိုတာဟာ အစိုးရနဲ့ ပြည်သူလူထုကြားထဲက သံတမန်ပဲဖြစ်တယ်။ သံတမန်ဆိုတဲ့အတိုင်း စကားလုံးသုံးနှုန်း တတ်ဖို့၊ အသိပညာကြွယ်ဖို့၊ နှလုံးလှဖို့လိုသည်မှာ ဧကန်ဖြစ်တယ်။ စာနယ်ဇင်းသမား(သို့) မီဒီယာသမားဆိုတာ စ(၂)လုံးလို့ခေါ်တဲ့ အစွဲကြီးမှု၊ အစွန်းရောက်မှုတွေ ကင်းလွတ်နေဖို့လိုပါတယ်။
အထူးသဖြင့် ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခမျိုးတွေမှာ အချို့ဂျာနယ်တွေရဲ့ ရပ်တည်ချက်ဟာ တော်တော်လေးအောက်တန်းကျတာကို တွေ့ရတယ်။ အောက်တန်းကျတယ်လို့ ပြောလို့ မြန်မာဘက်က လိုက်မရေးလို့ ပြောတယ်လို့ မထင်စေချင်ဘူး။ အဓိကက ပဋိပက္ခအချိန်အခါတွေမှာ ဂျာနယ်တွေဟာ ကိုယ့်တာဝန် ကိုယ်မကျေပဲ ထိခိုက်မှုရှိနေတဲ့ နှစ်ဖက်အဖွဲ့အစည်းကို ချက်ချင်းထသတ်အောင် မြှောက်ပေးနေသလိုပဲ။ တကယ်ဆို မီဒီယာဆိုတာ ကြားဝင်စေ့စပ်သူ (Mediator) ပဲ ဖြစ်တယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်လို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ Decision Maker မဟုတ်ဘူး။ နှစ်ဖက်အဖွဲ့အစည်းကို ဒီလိုဆက်သွားနေရင်၊ ဒီလိုဆက်တိုက် ခိုက်နေရင် ဘယ်လိုအကျိုးအပြစ်တွေ ရလာနိုင်တယ်ဆိုတဲ့ နိမိတ်ပြသင်ခန်းစာ စကားတွေနဲ့ ချပြဆွေးနွေးပြီး အစိုးရနဲ့အတူ ပဋိပက္ခတွေမှာ ပါဝင်ကူညီရမှာပဲ ဖြစ်တယ်။ ဒီလို မီဒီယာက ကိုယ့်တာဝန်ကိုမယူခဲ့တာ ဆယ်စုနှစ် ၂ ခုကျော်လာပြီလို့ ဆိုနိုင်ပေမယ့် ဦးသန်းရွှေလက်ထက်က ပါဝင်ခွင့်မရလို့ဆိုတဲ့ ဆင်ခြေတွေပေးမှာကို ကြိုသိလို့ မပြောလိုပေမယ့် လက်ရှိအခြေအနေမှာလဲ စတုတ္ထမဏ္ဍိုင်တွေ ဘာလုပ်နေသလဲဆိုတာ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူ လူထုက ထိန်းကျောင်းဖို့ လိုနေပြီဆိုတာ သေချာပေါက်ဖြစ်တယ်။ စာနယ်ဇင်းကျင့်ဝတ်ဆိုတာရော ရှိကြသေးရဲ့ လားလို့ ခနခန တွေးမိတယ်။
အထူးသဖြင့် ဂျာနယ်တွေဟာ ရောင်းကောင်းရေး၊ သတင်းဦးရေးကို ဦးစားပေးလာ ခဲ့တော့… သတင်းမှန်ကန်ရေး၊ သတင်းအရင်းအမြစ်ခိုင်မာရေးဆိုတာတွေ၊ Codes ဆိုတာတွေ၊ ဘ(၆)/ ဘ(၉) သစ်ပင်ဇောက်ထိုး ပုံစံဆိုတာတွေ ဆိုတာသိသော်ငြားလည်း မသိချင်ယောင်ဆောင်ပြီး သတင်းဦးပြီး ဂျာနယ် ရောင်းကောင်းရင်ပြီးတာပဲဆိုတာတွေကြောင့် ဖြစ်တယ်လို့ ထင်မိတယ်။ အချို့ အယ်ဒီတာတွေဆိုရင် ထုတ်ဝေသူနဲ့ ပနံသင့်လို့ ရာထူးရထားပေမယ့် ကိုယ်တိုင်တော့ ခေါင်းရွက်ဗျက်ထိုး ငါးစိမ်းသာသာ အပြောအဆိုရှိတဲ့ အယ်ဒီတာ ဆိုသူတွေလည်း တွေ့ဖူးတယ်။ စာနယ်ဇင်းလောကမှာ ဘယ်လောက်ထိများလာသလဲဆိုတော့ “ Samsung အမျိုး အစား Ipad တစ်လုံး ” ဆိုတဲ့ အရေးအသားတွေ မြင်လာရတော့ တကယ်ရွံရှာမိတယ်။ Reporter က လုပ်သက် မရှိသေးလို့၊ အသစ်မို့ပါဆိုရင်တောင် အယ်ဒီတာတွေ ဘာလုပ်နေသလဲလို့ မေးစရာရှိတယ်။ ဒါမှမဟုတ် အယ်ဒီတာ ဆိုတဲ့ ရာထူးရှင်ကိုယ်တိုင် မသိတာလား။ ဒါဟာ နည်းပညာပိုင်းမို့… အချို့ နာမည်ကြီး ဂျာနယ်တိုက်တွေဆို မပြော တဲ့စကားတောင် ပြောစကားဖြစ်အောင် ဗြောင်လိမ်ရေးကြတော့… စာနယ်ဇင်းလောကဆိုတာ အညှီနံ့တသင်းသင်း ဖြစ်လာတယ်။
စာနယ်ဇင်းသမား စတုတ္ထမဏ္ဍိုင်ဆိုတာ အစိုးရ၀န်ထမ်းတွေထက် ပြည်သူလူထုအပေါ်ကို ပိုပြီးသြဇာ သက်ရောက်မှုရှိတယ်။ အစိုးရ၀န်ထမ်းတစ်ဦး၊ စစ်ဗိုလ်တစ်ဦး၊ ဆရာဝန်တစ်ဦး မှားရင် သူနဲ့သက်ဆိုင်တဲ့ လူ့အဖွဲ့ အစည်းတစ်ခုကို ဆိုးကျိုးဖြစ်စေပြီး၊ မီဒီယာသမား မှားရင်တော့ တစ်နိုင်ငံလုံးချီပြီး ဆိုးကျိုးဖြစ်စေတယ်ဆိုတာ စာနယ်ဇင်းသမားလို့ ခံယူထားသူတွေ သတိထားဖို့ လိုပါတယ်။ သတင်းအမှားကြီးမှန်းသိသိနဲ့ ၂ ရက်လောက်နေမှ ကျွန်တော်၊ ကျွန်မတို့ မှားသွားပါသည်ဆိုတာမျိုး တိတ်တခိုးတောင်းပန်တာတွေလည်း တွေ့နေရတယ်။ တစ်ချို့ ဂျာနယ်တိုက်တွေကြတော့ သေချာမှန်းသိတယ် တမင်ကိုရောင်းကောင်းအောင် ရေးတာတွေတွေ့ရတော့ ဒီလိုစာတွေ အချိန်ပေးဖတ်နေမိတဲ့ ကိုယ့်ဘ၀ကိုလည်း သနားလာတယ်။ အခုတော့ ဘယ်သတင်း၊ ဘယ်ဂျာနယ်ပဲ ဖတ်ဖတ် ဘရိတ်ကီဆိုတဲ့သီချင်းစားသားလိုပဲ “ဟုတ်မှ ဟုတ်ရဲ့လား… ဟုတ်မှ ဟုတ်ရဲ့လား”လို့ တိုးတိုးလေး လိုက်ညည်းမိတယ်။ ငါတို့က ရေးချင်တာရေးမယ် မင်းလည်း မင်းဘာသာစဉ်းစားဆင်ခြင်ပြီး ဖတ်ဆိုရင်တော့ “သတင်းမီဒီယာ” လို့ မသုံးနှုန်းပဲ “အတင်းမီဒီယာ” လို့ ပြောင်းလဲသုံးနှုန်းဖို့ အခမဲ့အကြံပြုပေးချင်တယ်။
ဆက်ရန်. . . . .
(မှတ်ချက်။ ။ စာနယ်ဇင်းသမားစစ်စစ်ကြီးများနှင့် စာပေဆရာကြီးစစ်စစ်များကို အစဉ်လေးစားဦးညွှတ် လျက်ပါ)
ဝဏ္ဏအောင်
.
. www.MyanmarExpress.net

2 comments:
အလွယ်ဆုံးဖြေရှင်းနည်းလမ်းကလွယ်လွယ်လေး အဲဒီသတင်းစာစောင်တွေကို ဂျာနယ်တွေ ဝယ်မဖတ်ဘဲလျစ်လှူရှု့အောင်နေရာအနှံပြည်သူတွေကြားပေါက်အောင် ဒိုး တို ဒိုး ဖြန့်လိုက် အင်တာဗျူးလုပ်ဖို့ချိန်းရင် မတူမတန်သလိုလုပ်ပစ်လိုက်
လက်ရှိအနေအထားအရ အားမနာတမ်းပြောရရင်
စတုတ္ထမဏ္ဍိုင်မဟုတ် ပြည်ဖျက်မဏ္ဍိုင်ဘဲဖြစ်သည်။
တိုင်းပြည်နဲ့လူမျိုးအတွက် အနှစ်သာရရှိတဲ့ ရေးသားမှုမျိုး
မတွေ့ရဘဲ၊ လူကြော်ငြာတွေ၊ အတင်းအဖျင်းတွေ၊ ငါစွဲတွေ
အတို့အထောင်တွေ၊ ဒါတွေနဲ့ဘဲ ပြည့်နေတယ်။
ခရိုနီတွေအကြောင်း၊ နယ်ချဲ့တွေရဲ့ ဂုတ်သွေးစုပ်ခဲ့တဲ့အကြောင်း
ဗိုလ်ချုပ်နဲ့ ရဲဘော်သုံးကျိပ် ဗြိတိသျှကိုတိုက်ထုတ်ပြီး လွတ်လပ်ရေး
ရယူပေးခဲ့တဲ့အကြောင်း၊ နယ်ချဲ့တွေရဲ့ အကွက်ကျတဲ့စီမံမှုအောက်မှာ
ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်များကျဆုံးရတဲ့အကြောင်း၊
နယ်ချဲ့တွေဟာ တိုင်းရင်းသားတွေကို သွေးခွဲခဲ့တဲ့အကြောင်း၊
ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ အနိထာရုံများအကြောင်း
ဘယ်ကောင်မှ မရေးကြ၊ မပြောကြဘူး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်