Subscribe to our RSS Feed

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ကာ အများပြည်သူအား အစုရှယ်ယာ ထုတ်ရောင်းမည်


၂၀၁၂ ခုနှစ်အတွင်း အရင်းအနှီးဈေးကွက် ဖော်ဆောင်ရေး ဒုတိယအဆင့် စီမံချက်အရ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ရွေးချယ်ကာ အများပြည်သူကို အစုရှယ်ယာများ ထုတ်ရောင်းမည်ဖြစ်ပြီး မြို့တော်စည်ပင် သာယာရေးအဖွဲ့များက ငွေချေးစာချုပ် ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ "၂၀၁၂ အတွင်းမှာ ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေအတည်ပြု ပြဋ္ဌာန်းဖို့ရှိတယ်။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတချို့ကို ရွေးချယ်ပြီး အစုရှယ်ယာတွေ ထုတ်ရောင်းမယ်။ မြို့တော်စည်ပင် သာယာရေး အဖွဲ့အစည်းတွေကလည်း ငွေချေးစာချုပ် ထုတ်ဝေရောင်းချသွားဖို့ ရှိပါတယ်။ ၂၀၁၂ အထိက ဒုတိယအဆင့် စီမံချက်ထဲမှာ ပါဝင်နေတယ်။ စီမံချက်အတိုင်းဝင်အောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၅ မှာ စတော့အိပ်ချိန်း တည်ထောင်ပြီး အာဆီယံ အရင်းအနှီးဈေးကွက်ဆိုင်ရာ ဖိုရမ်က သတ်မှတ်ထားတဲ့အချိန် ကန့်သတ်ချက်အတိုင်း တစ်ခုတည်းသော အာဆီယံ အရင်းအနှီးဈေးကွက်မှာ ၀င်ချိတ်ဆက်သွားရမှာပါ။ လုပ်ဆောင်ရမယ့် အရာတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်" ဟု ပညာရှင်တစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ တွင် စတော့အိပ်ချိန်း စတင်နိုင်ရန် ရည်ရွယ်ထားကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် စတင်တည်ထောင်သွားမည်ဟု သိရပါသည်။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအနေဖြင့် လိုအပ်သော အရင်းအနှီးကို အရင်းအနှီးဈေးကွက်မှတစ်ဆင့် စုစည်းသွားခြင်းဖြင့် နိုင်ငံတော်ဘတ်ဂျက်မှ စိုက်ထုတ်ရခြင်း နည်းပါးနိုင်သောကြောင့် ဘတ်ဂျက်ဝန်ထုပ်ဝန်ပိုး လျော့နည်းသွားနိုင်ပြီး မြို့တော်စည်ပင် သာယာရေး အဖွဲ့အစည်းများမှ ငွေချေးစာချုပ် ထုတ်ဝေရောင်းချခြင်းဖြင့် စိုက်ထုတ်ကျခံထားရမည့် ဘဏ္ဍာငွေ ပမာဏနေရာတွင် အများပြည်သူထံမှ ချေးယူထားသည့် ငွေကြေးများဖြင့် လုပ်ငန်းလည်ပတ်သွားနိုင်မည်ဟု သတင်းရရှိပါသည်။ ထို့ပြင် ၂၀၁၂ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ကြားခံအကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်