From : အောင်နိုင်ထွန်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် ပထမဦးဆုံးအကြိမ် စတင်တွေ့ဆုံစဉ်က စပြီး ရေတွက်ကြည့်ပါ။ ဒီကနေ့ ရက်ပေါင်း ၂၄၆ ရက် တင်းတင်းပြည့်ခဲ့ပါပြီ။ လ အရေအတွက်နဲ့ကြည့်ရင် ရှစ်လ စွန်းစွန်းရှိပါပြီ။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ်ပင် ထပ်မံတွေ့ဆုံပြီးသွားပြန်ပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အကြားမှာ ဘာတွေဆွေးနွေးခဲ့သလဲ၊ ဘယ်လိုသဘောတူညီမှုတွေ ရခဲ့သလဲဆိုတာ ယနေ့အထိ ပြည်သူလူထုကို နှစ်ဖက်စလုံးက အမှောင်ချထားဆဲဖြစ်ပါတယ်။
အလားတူပဲ ဦးအောင်ကြည်နဲ့ ဒေါ်စုအကြား တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း ယေဘုယျဆန်တဲ့ ထုတ်ပြန်ချက်တွေကလွဲလို့ ပြည်သူလူထုအနေနဲ့ ဘာတခုမှ သိခွင့်မရခဲ့ပါဘူး။ အတိတ်ခပ်လှမ်းလှမ်းကို ပြန်ကြည့်ပြန်ရင်လည်း ဦးခင်ညွန့်လက်ထက်က ဒေါ်စုနဲ့ တပ်မတော်အစိုးရအကြား ယုံကြည်မှုတည်ဆောက်ကြတဲ့ကာလမှာ တွေ့ဆုံဆွေးနွေးတာတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ရေငုံနှုတ်ပိတ်နေဆဲဖြစ်ပါတယ်။
တပ်မတော်အစိုးရဖက်က မပွင့်လင်းတာဟာ အံ့သြစရာမရှိပေမယ့် လူထုခေါင်းဆောင်လို့ သတ်မှတ်လို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဖက်က သူမကို ထောက်ခံတဲ့လူထုအပေါ် တခွန်းတပါဒ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ ဒေါ်စုအနေနဲ့ လူထုကို မယုံကြည်လို့လား၊ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ပြည်သူကို ချပြလောက်စရာ လောက်လောက်လားလား အကျိုးရလဒ်တွေ ရအောင် မစွမ်းဆောင်နိုင်ခဲ့လို့လားဆိုတာ တွေးစရာဖြစ်လာပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အစပိုင်းကာလမှာ ဒေါ်စုက ပြည်သူလူထုကို ထိုက်သင့်တဲ့အချိန်မှာ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာ အသိပေးမယ်လို့ (ပထမဆုံး ပဲခူးခရီးစဉ်အတွင်းမှာ) ပြောခဲ့ဖူးပါတယ်။ နောက်တခါ ဗီအိုအေ ဒေါ်ခင်စိုးဝင်းနဲ့ တွေ့ဆုံစဉ်က ပြည်သူကို ဖွင့်ပြောဖို့ကိစ္စနဲ့ ပတ်သက်ပြီး...“ဒီကိစ္စမျိုးဆိုတာ ရေရှည်အချိန်ဆွဲထားလို့ မကောင်းဘူး။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းလာနိုင်ပါတယ်” ဆိုတဲ့သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ဦးဝင်းတင်ရဲ့ အင်တာဗျူးတွေမှာ ပြောစကားအရ "ဒေါ်စုက အချိန်ကာလ တခုတောင်းတယ်။ အဲဒီကာလ လွန်မြောက်ရင် သူမှားရင်လည်း ဒေါ်စုက တာဝန်ယူမယ် ဆိုတာမျိုး ပြောခဲ့ပါသတဲ့။”
ဒါပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဖြစ်တဲ့ အင်န်အယ်လ်ဒီပါတီအနေနဲ့ မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်တွေသာ ချမှတ် အကောင်အထည်ဖော်သွားတယ်၊ ဒီကနေ့အထိ ဒေါ်စုဟာ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူအပေါ် ကတိမတည်ပဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ ဒီအချက်ဟာ ဒေါ်စုအတွက်ရော၊ တိုင်းပြည်အတွက်ပါ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါ။ တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ရလဒ်ဟာ အမှန်တကယ်ကောင်းမွန်တဲ့ ရလဒ်သာဖြစ်ခဲ့မယ်ဆိုရင် ဒေါ်စုအနေနဲ့ ပြည်သူလူထုအပေါ်မှာ ဘာမှ ထိန်ချန်စရာအကြောင်းမရှိလို့ပဲဖြစ်ပါတယ်။
ဒေါ်စု ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းသုံးချက်ထဲမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်သုံးချက်ကို ဦးစားပေးဖော်ပြထားပေမယ့် ဒီအချက်တွေကို ဘယ်ပုံဘယ်နည်းဖော်ဆောင်မယ်၊ ဘယ်အချိန်မှာ ဘယ်အဆင့်ကို ရောက်ဖို့ရည်မှန်းတယ်၊ ဘယ်လောက်ကြာမယ် စတဲ့ လမ်းစဉ်အဆင့်ဆင့်နဲ့ အချိန်ဇယားတွေကို ပြည်သူအများ နားလည်အောင် တိတိကျကျ ရှင်းလင်းထုတ်ပြန်ခြင်းမျိုးမရှိခဲ့ပါဘူး။ ( ဖေ့စ်ဘွတ်ပေါ်က ဒေါ်စုရဲ့ အမာခံပရိသတ်ကတော့ ဒီသုံးချက်ကိုတောင် ရေရေရာရာ သိရှာကြပုံ မရပါဘူး။ အကြောင်းတိုက်ဆိုင်လို့ မေးလိုက်တိုင်း ဝေဝါးနေကြတာကို သတိထားမိပါတယ်။)
ဖွဲ့စည်းပုံကို ပြင်ဆင်ရာမှာလည်း ယေဘုယျအားဖြင့် လွှတ်တော်တွင်းကို ဝင်ရောက်ပြီး လွှတ်တော်တွင်းမှာရှိတဲ့ မတူညီတဲ့ အင်အားစုတွေအကြား ဝင်ရောက်စည်းရုံးပြီး ပြင်ဆင်သွားမယ်လို့ ပြောသွားပေမယ့် ဘယ်လို အခက်အခဲတွေရှိပြီး၊ အဲဒီအခက်အခဲတွေကို ဘယ်ပုံဘယ်နည်းကျော်လွှားမယ်ဆိုတာကို ရေရေရာရာ ချပြနိုင်ခြင်းမရှိပါ။ အခုအထိ ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေအရ အနှစ်ချုပ်ကြည့်ရင် အဖွဲ့ချုပ်အနေနဲ့ “ရလိုရငြား ဝင်ပြီး ကြိုးစားကြည့်မယ်” ဆိုတဲ့ သဘောသဘာဝထက် မပိုတာကို တွေ့ရပါလိမ့်မယ်။
ဘယ်အရာမှာမှ စိုက်လိုက်မတ်တတ် ပြီးမြောက်အောင်မကြိုးစားပဲ နည်းတခုမအောင်မြင်တိုင်း နောက်တနည်း ပြောင်းစမ်းကြည့်ကြဦးစို့ ဆိုသလို တိုင်းပြည်ကို ဒေါ်အောင်ဆန်းစုကြည့်ရဲ့ နိုင်ငံရေးလက်တည့်စမ်းစရာတခုအဖြစ် သတ်မှတ်တာမျိုး မဖြစ်သင့်ပါ။ တိုင်းပြည်နစ်နာလှပါတယ်။
ဆက်လက်ဖတ်ရူရန်........
Myanmar Express
ပြည်သူအပေါ် မယုံကြည်လေသလော...

NLD ပါတီရဲ့လမ်းစဉ်နဲ့ အချိန်ဇယား

1 comments:
yes , right;;
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်