Subscribe to our RSS Feed

သတင်းသမား လုံခြုံရေး ကာကွယ် စောင့်ရှောက်ပေးသည့် မီဒီယာ ဥပဒေ လိုအပ်ဟု ဆို


From : စံကျော်

ရေးဆွဲ ပြဋ္ဌာန်းတော့မည့် မြန်မာ့ မီဒီယာ ဥပဒေသည် စာနယ်ဇင်း လွတ်လပ်ခွင့်၊ သတင်းသမား လုံခြုံရေးနှင့် လုပ်ပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်ပေးသည့် ဥပဒေ တစ်ရပ် ဖြစ်ရန် အထူးပင် လိုအပ်သည်ဟု VOA မြန်မာပိုင်း ဌာနမှူး ဦးသန့်လွင်ထွန်းက ပြောကြားသည်။

ဇန်နဝါရီ ၃ဝ ရက်နေ့က အင်းလျားလိတ် ဟိုတယ်၌ ကျင်းပသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုး တိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲ တွင် ပေါ်ပြူလာ နယူးစ်၏ မေးမြန်းချက်ကို ၄င်းက အထက်ပါ အတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။

”မီဒီယာ ဥပဒေဆိုတာ ရှင်းရှင်းလေးပဲ၊ တကယ်တမ်းကျတော့ သတင်း လွတ်လပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာဟာ အခြေခံ ဥပဒေရဲ့ ဘောင်ထဲကနေ ပြီး တော့ အကာအကွယ် ပေးထားတာ၊ ဒီအခြေခံ ဥပဒေဘောင်ထဲ ကနေ ကာကွယ် ပေးထားတဲ့ ကိစ္စ ကို မီဒီယာ ဥပဒေ အနေနဲ့ ထပ်ဆင့် ဥပဒေ ပြဋ္ဌာန်းပြီး လုပ်မယ် ဆိုလည်း အခြေခံ ဥပဒေရဲ့ ကာကွယ်ပေးနိုင်မှု ဘောင်ထက ကျော်လွန်ပြီး ကာကွယ် ပေးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုရင် နိုင်ငံတကာမှာ ရှိနေတဲ့ တချို့ မီဒီယာ ဥပဒေက မီဒီယာသမား တွေကို ကန့်သတ်တဲ့ ဥပဒေ ဖြစ်နေတယ်။ ဒါမျိုး မဖြစ်ဖို့တော့ ရှိတာပေါ့။ အခြေခံ ဥပဒေက ကာကွယ်ပေး ထားတဲ့ လွတ်လပ်မှု ဘောင်ကို မီဒီ ယာ ဥပဒေနဲ့ ထပ်ဆင့် ပြီးတော့ အသေးစိတ်လေးတွေ သတ်မှတ် ပေးတာ ဖြစ်တယ်။ အဲလိုမှ မဟုတ်ဘဲ မီဒီယာ ဥပဒေ ဆိုပြီးတော့ မီဒီယာ သမားတွေကို ကန့်သတ် ချုပ်ချယ်မယ့်၊ တစ်ချိန်မှာ ပြဿနာ ရှာနိုင်မယ့်၊ ယိုပေါက်တွေနဲ့ ဥပဒေ တစ်ရပ် ဖြစ်လာမယ် ဆိုရင်တော့ ဒါဟာအားလုံးက ဝိုင်းဝန်း ဆွေးနွေး ရမယ့် ကိစ္စဖြစ်လာလိမ့် မယ်” ဟု ၄င်း က ဆိုသည်။

ယင်းနေ့မှာပင် ပေါ်ပြူလာ နယူးစ်၏ မေးမြန်းချက် အပေါ် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့မှ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှု တက္ကသိုလ်) ကရေးဆွဲ မည့် မီဒီယာ ဥပဒေမှာ ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအား မဆန့်ကျင်သည့် ဥပဒေ တစ်ရပ် ဖြစ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ ဖြစ်ရန် အတွက်ကို လည်း ပြည်တွင်းပြည်ပမှ သတင်း မီဒီယာများနှင့် ညှိနှိုင်းတိုင် ပင်ကာ လက်ရှိ ပြည်တွင်း အခြေအနေနှင့် ကိုက်ညီမှု အရှိဆုံး ဥပဒေ တစ် ရပ် ကို ပြဋ္ဌာန်းပေး ရမည် ဖြစ်သည်။

”ပိုပြီး လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် ရအောင် ရည်ရွယ်ပြီး ဦးတည် ရေးတယ် ဆိုရင် ဒါဟာ ကောင်းတာပဲ၊ ဥပဒေ တစ်ခုကို ရေးဆွဲပြီး ပြဋ္ဌာန်းလိုက်ပြီ ဆိုရင် အဲဒီ့ ဥပဒေ အတိုင်း အကောင်အထည် ဖော်နိုင်ရမယ်။ နောက်တစ်ခုက ဒီ မီဒီယာ ဥပဒေ တစ်ခုတည်းနဲ့ ပြီးတာလည်း မဟုတ်ဘူး၊ တခြား ကန့်သတ် ချုပ်ချယ်ထားတဲ့ ဥပဒေတွေ ကိုပြန်လေ့လာပြီး တချို့ ဥပဒေတွေကို ဖြုတ်သိမ်းမှသာ လွတ်လပ်တဲ့ မီဒီယာ တစ်ခု ဖြစ်လာမယ်။ ကန့်သတ် ချုပ်ချယ်ထားတဲ့ ဥပဒေကို မဖြုတ်သိမ်းဘဲ နဲ့တော့ လွတ်လပ်စွာ ရေးသား ထုတ်ဝေပြောဆို ခွင့်လုပ်ဖို့ ဆိုတာ မလွယ်ကူဘူး ထင် ပါတယ်”ဟု BBC မြန်မာ ဌာန၏ ဌာနမှူး ဒေါ်တင်ထားဆွေက ပြော သည်။

ယင်းတို့ကို ကျော်လွန်၍ လမ်းစဉ်သစ်ဖြင့် ဥပဒေ တစ်ရပ်ရေးသား ပြဋ္ဌာန်းလာပါကလည်း ကိုယ်ပိုင် သတင်း လွတ်လပ်ခွင့် အနေအထား ဖြင့် ပြည်သူများ၏ ပုဂ္ဂိုလ်ရေး အား မထိခိုက်စေဘဲ ဘက်ညီမျှအောင် လုပ်ပေးနိုင်သည့် အရည်အသွေးပြည့် သတင်းသမားများ ဖြစ်လာရန်မှာ အလွန်ပင် အရေးကြီးကြောင်း၊ လက်ရှိ အနေအထား ၌ မြန်မာ သတင်း မီဒီယာလောကမှာ ရှိသင့်ရှိထိုက်သည့် အရည်အသွေးနှင့် နိုင်ငံတကာ စံချိန်စံညွှန်း များဖြင့် ကိုက်ညီမှု မရှိသေးသည့် အတွက်ကြောင့် ဖြစ်သည်ဟု ဦးသန့်လွင်ထွန်း ကပြောကြားသည်။

”ဒါအပြစ်ပြောတာ မဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ တွေပေါ် အမှန်အတိုင်း တင်ပြခွင့် ရှိသလား၊ ထင်မြင် ယူဆချက်တွေကို ကျကျနန ထဲထဲဝင် ဝင် လေ့လာပြီး ပြောနိုင်ခွင့်တွေ ရှိသလား၊ ဒါက တင်ပြမှု အပိုင်း၊ နောက်တစ်ပိုင်းက နည်းပညာ အဆင့်အတန်း အရ အခု ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ နည်းပညာ အဆင့် အတန်း တွေနဲ့ တစ်ပြေးညီ ဖြစ်အောင် လုပ်နိုင်တဲ့ အနေအထား တွေ ရှိပြီလားဆိုတဲ့ စံချိန်စံညွှန်းတွေ နဲ့ ယှဉ်ထိုးပြီးပြောတာပါ” ဟု ဦးသန့်လွင်ထွန်း က ပြောသည်။

ယင်းသို့ ဖြစ်ရခြင်း မှာလည်း ပြည်တွင်းသတင်း မီဒီယာများ အနေဖြင့် လုပ်ရည်ကိုင်ရည် ပိုင်း၌ အားနည်းမှု ရှိခြင်းကြောင့် မဟုတ်ဘဲ အလေ့အကျင့် ပိုင်း၌ အား နည်းခြင်း ကြောင့်သာ ဖြစ်သည်ဟု ဒေါ်တင်ထားဆွေ ကလည်း ထပ်လောင်း ပြောကြားသည်။

”ကျွန်တော် ဝမ်းသာတာ တစ်ခုက ဒီမှာ လူငယ်သတင်း သမားတွေ အရမ်းများတယ်၊ သူတို့ တွေ အကုန်လုံးရဲ့ မျက်နှာတွေမှာ တက်ကြွမှုတွေကို မြင်ရတယ်။ ဒါပေမဲ့ အခြေအနေ အကြောင်း ကြောင်းကြောင့် နှစ်ပေါင်းများစွာ အခွင့်အရေး မရှိခဲ့တာရယ်နဲ့ စနစ် တကျ လေ့လာခဲ့ရမှု အားနည်းတာ ရယ်ကြောင့် လိုအပ်ချက် လေးတွေ အနည်း အကျဉ်းတော့ ရှိမှာပေါ့။ ဒါတွေကို ပြန်လည် ကုစားဖို့ အတွက် က နိုင်ငံတကာ အဆင့်မီ သတင်း မီဒီယာ သင်တန်းကျောင်း ကြီးတွေ ဖွင့်ဖို့ လိုအပ်မှာဖြစ် ပါတယ်”ဟု မဇ္ဈိ မ သတင်းဌာနမှ မန်နေးဂျင်း ဒါရိုက်တာနှင့် အယ်ဒီတာချုပ် ဦးစိုးမြင့် ကလည်း ၄င်း၏အမြင်ကို ဖြည့်စွက် ပြောကြားခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်