Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံမည်


From : ခေတ်လူငယ်

နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ စက်တင်ဘာလ ၇ ရက်တွင် နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန်အတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးများအား နိုင်ငံတော်သမ္မတရုံးမှ ဖိတ်ကြားထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်က ပြောသည်။ ထိုသို့ တွေ့ဆုံကြရာတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ လုပ်ပိုင်ခွင့်များရရှိရေး၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကို တင်ပြသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်၊ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူးဝါးဇုတ်ဒေါင်းက ဆိုသည်။ လက်ရှိအချိန်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ အဖွဲ့၏ အစည်းအဝေးများကို ဝန်ကြီးချုပ်က ဖိတ်ကြားခြင်းမပြုပါက တက်ရောက်ခွင့် မရှိကြောင်း ဒူးဝါးဇုတ်ဒေါင်က ရှင်းပြသည်။ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခြင်းမပြုမီ တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံပြီး မိမိတို့၏ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။ မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦးရှိကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်