From : သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် ဒီဇင်ဘာ ၂၈
ကျင်းပပြီးစီးခဲ့တဲ့ စီမံကိန်းကော်မရှင် တတိယအကြိမ်
အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနှင့်
လူမှုရေးပြုပြင်ပြောင်းလဲရေးအတွက် အခြေခံမူဘောင်ချမှတ်ခြင်း၊ နိုင်ငံတော်
ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် “အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်း” အစီအစဉ်ရေးဆွဲခြင်း၊ ပြည်တွင်းပြည်ပ ငွေပင်ငွေရင်းများဖြင့်
ရင်းနှီးမြှုပ်နှံနိုင်ရန် စီမံကိန်း လျာထားခြင်းနဲ့ ၂၀၁၃-၂၀၁၄
ဘဏ္ဍာနှစ်-အမျိုးသားစီမံကိန်း ဥပဒေ (မူကြမ်း) နဲ့ စီမံကိန်း
ရည်မှန်းချက်များကို စီစဉ်ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်မှု
ဖြစ်စဉ်များကို ပြန်ကြည့်ရင် ခေတ်သစ်သမိုင်းဖြစ်တဲ့ ၁၉၄၅ ခုနှစ်
နောက်ပိုင်း ဖွံ့ဖြိုးဆဲ နိုင်ငံအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု
ဖြစ်စဉ်များဟာ နိုင်ငံတကာ အကူအညီ၊ အထောက်အပံ့နဲ့ ချေးငွေများဖြင့်
အရှိန်အဟုန် ရရှိခဲ့ကြတာကို သမိုင်းဖြစ်စဉ် အထောက်အထားများက
သက်သေခံလျက်ရှိပါတယ်၊ အထူးသဖြင့် “တရားဝင်ဖွံ့ဖြိုးမှု အကူအညီ” (ODA)
များကို “မာရှယ်စီမံကိန်း” ကစပြီး တွေ့မြင်ခဲ့ကြရမှာ ဖြစ်ပါတယ်။
မာရှယ်စီမံကိန်းကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးစေဖို့
အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်စေခဲ့ပြီး စစ်ကြောင့်
ပျက်စီးခဲ့တဲ့ ဥရောပနိုင်ငံများဟာ ပြန်လည်ထူထောင်နိုင်ရုံမက
လူမှုစီးပွားရေးအဆင့်အတန်းများ မူလကထက် အဆများစွာ ပိုမိုမြင့်တက်စေခဲ့တာ
သာဓက တွေ့နိုင်ပါတယ်။
အာရှနိုင်ငံများရဲ့ ဖွံ့ဖြိုးမှု
အတွေ့အကြုံများအရလည်း ရရှိခဲ့တဲ့ အကူအညီ အထောက်အပံ့ တွေကို ကောင်းမွန်စွာ
အသုံးချခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက်ရော
ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက်ပါ များစွာအထောက်အကူ ပြုစေနိုင်ခဲ့ပါတယ်။
အကူအညီများကို ထိထိရောက်ရောက်သုံးစွဲပြီး ရလာဒ်တွေကို ပိုမိုတိုးတက်
ကောင်းမွန်စေခြင်းဖြင့် နိုင်ငံခြားအကူအညီအထောက်အပံ့တွေကိုလည်း
ပိုမိုတိုးတက် ရရှိနိုင်မှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဘယ်စီမံချက်အတွက် ဘယ်က
အကူအညီ၊ ချေးငွေကို ဘယ်လိုအသုံးချမယ်ဆိုတဲ့ ဦးစားပေးစဉ်းစားမှုက
အထူးအရေးကြီးသလို အဆိုပါ အကူအညီတွေကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက်
စီမံခန့်ခွဲမှုများကို ဘယ်လိုဖွဲ့စည်း ဆောင်ရွက်မယ်၊ လိုအပ်တဲ့
မဟာဗျူဟာများ၊ နည်းစနစ်များကို ဘယ်သို့ပြင်ဆင် ထားရှိမယ်ဆိုတဲ့
အစီအစဉ်များဟာလည်း အရေးကြီးလှပါတယ်။
ယခုအခါမှာ ကမ္ဘာ့နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းများနဲ့ ဆက်ဆံရေးပိုမို ကောင်းမွန်လာတာနှင့်အမျှ
အပြည်ပြည်ဆိုင်ရာမှ ချေးငွေ၊ အကူအညီ အထောက်အပံ့၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာတာနဲ့ နိုင်ငံရဲ့ ဘဏ္ဍာငွေ
ဇစ်မြစ်များဟာ အမျိုးအစားများစွာ ပိုပြီးတိုးပွားလာပါတယ်။ အဲဒီလိုတိုးတက်
ပွားများလာတဲ့အခါ မည်သည့် ဘဏ္ဍာငွေ အမျိုးအစားနှင့် မည်သည့်
ငွေရေးကြေးရေးပုံစံနဲ့ အကောင်အထည် ဖော်မယ်ဆိုတဲ့ ဦးစားပေးအစီအစဉ်ဟာ
အရေးကြီးလာပါတယ်၊ ထို့အတူ ဦးစားပေး အစီအစဉ်တွေကို ဆက်တိုက် ဆောင်ရွက်ရန်
ရှေ့-နောက် စီစဉ်မှုဟာလည်း အထူးအရေးပါ ပါတယ်။
ဒီနေရာမှာ ပြောကြားလိုတာကတော့ ယင်းအကူအညီ
အထောက်အပံ့၊ ချေးငွေများကို လက်ခံယူတဲ့အခါ အိမ်ရှင်နိုင်ငံက
အဓိကမောင်းနှင်သူနေရာယူပြီး အထောက်အပံ့၏ ရာခိုင်နှုန်းအများစုကို
မိမိတို့နိုင်ငံအတွက် အကျိုးရှိအောင် အသုံးပြုဖို့လိုပါတယ်။
ထိရောက်သည့် ဖွံ့ဖြိုးမှု အကူအညီဆိုရာမှာ အကူအညီ
အထောက်အပံ့များ၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေ၊
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ
စီမံခန့်ခွဲနိုင်ခြင်းဖြင့် ကောင်းမွန်သော ရလဒ်နဲ့ပြယုဒ်ကြောင့် အကူအညီများ
ပိုပြီးစီးဝင်စေခြင်း၊ အလှူရှင်များ၏ စိတ်ဆန္ဒစေတနာပိုရှိစေခြင်း
ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေနဲ့ မိမိတို့နိုင်ငံရဲ့ မျှော်မှန်းထားတဲ့
ရည်မှန်းချက်တွေ အောင်မြင်စေခြင်း၊ လူနေမှုဘဝ အရည်အသွေး တိုးတက်စေခြင်း၊
လူသားဖွံ့ဖြိုးမှု (Human Development) ဖြစ်ပေါ်စေခြင်းတို့ ဖြစ်ပါတယ်။
ဖွံ့ဖြိုးမှုအကူအညီတွေ ထိထိရောက်ရောက်ရှိဖို့ ကိစ္စဟာ
ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အလွန်အရေးကြီးပါတယ်။ ကမ္ဘာလုံးဆိုင်ရာ
ထိရောက်မှု အကူအညီ (Global Aid Effectiveness) ဖြစ်ပေါ်စေရေးအတွက်
ဖြစ်ပေါ်ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ခြုံငုံ ကြည့်ရင်
ငွေးရေးကြေးရေးအရ အကူအညီရရှိမှုနဲ့ အကူအညီတောင်းခံခြင်း ဆိုတာထက်
ဖွံ့ဖြိုးမှုမိတ်ဖက် (Development Partner) တွေနဲ့ မူဝါဒဆိုင်ရာ
ဆွေးနွေးမှုတွေ ဆီသို့ ပိုပြီး ဦးတည်လာကြောင်း တွေ့ရပါတယ်။
အလှူရှင်နိုင်ငံများရဲ့ အကူအညီ၊ အထောက်အပံ့များ လက်ခံရယူသော နိုင်ငံများ-
ဥပမာနီပေါ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံများဟာ
အကူအညီအထောက်အပံ့များ အကျိုးရှိ ထိရောက်မှုရှိရေးအတွက် အလှူရှင်နိုင်ငံများ
စားပွဲဝိုင်း ဆွေးနွေးပွဲနှင့် အလှူရှင်နိုင်ငံများ အစည်းအဝေးများ
ကျင်းပဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်းလာမည့် ၂၀၁၃ ခုနှစ်၊
ဇန်နဝါရီ (၁၉) ရက်နှင့် (၂၀) ရက်နေ့တို့တွင် ပထမအကြိမ်
မြန်မာနိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (1 st Myanmar
Development Cooperation Forum- MDCF) ကို ကျင်းပရန် စီစဉ်
ဆောင်ရွက်နေပါတယ်။
ဖိုရမ်ကျင်းပရေးနှင့် ပတ်သက်ပြီးနိုင်ငံအချင်းချင်း၊
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့
အကြိုညှိနှိုင်းအစည်းအဝေးများ ကျင်းပပြီး ဆွေးနွေး ခဲ့သလို၊
အမျိုးသားစီးပွားရေးနှင့် လူမှုရေးကောင်စီ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရမှ ဝန်ကြီးများနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များနဲ့လည်း
ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးလျက် ရှိကြောင်း သိရှိပါတယ်။ ဒီဖိုရမ်မှာ
နိုင်ငံရဲ့ အစီအမံနဲ့ ဦးစားပေးများ (National Plan and Priority)၊
ကဏ္ဍအလိုက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အကူအညီ အထောက်အပံ့နှင့်
ချေးငွေများ လိုအပ်မှုကို တင်ပြဖို့ ရှိပါတယ်။
ထိရောက်တဲ့ ဖွံ့ဖြိုးမှု အကူအညီ ဖြစ်ဖို့ဆိုရင်
ပဲရစ်ကြေညာချက်မှာ ဖော်ပြထားတဲ့ အတိုင်း သက်ဆိုင်ရာ နိုင်ငံက Driver Seat
ယူပြီး Project တွေကို ဦးဆောင်ရမှာ ဖြစ်တဲ့အတွက် မိမိတို့နိုင်ငံမှာ
အကောင်အထည်ဖော်လိုတဲ့ စီမံချက်တွေကို အလှူရှင် နိုင်ငံတွေရဲ့ ရည်ရွယ်ချက်၊
စိတ်ဝင်စားမှု နယ်ပယ်၊ မူဘောင်နဲ့ ကိုက်ညီမှုရှိအောင် ညှိနှိုင်း
ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အကူအညီရယူတဲ့ နိုင်ငံတွေရဲ့ အကောင်အထည်ဖော်
ဆောင်ရွက်မယ့် နယ်ပယ် ဧရိယာတွေဟာ တခုတည်း တစ်နေရာတည်းမှာ
စုပြုံဆောင်ရွက်နေတဲ့ အနေအထားမျိုး မဖြစ်ပေါ်စေရန် မိတ်ဖက်အဖွဲ့အစည်းများ
အနေနဲ့ ညီညွတ်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ စီမံချက်တစ်ခုကို ပြီးရင်
ပြီးရောဆိုတဲ့ အနေအထားမျိုးမဟုတ်ဘဲ စီမံချက်ရဲ့ ရလဒ်တွေဟာ လူ့အဖွဲ့အစည်းကို
အကျိုးရှိစေရန် ညွှန်းကိန်းများနဲ့ တိုင်းတာဖို့ လိုအပ်ပါတယ်။ ရလဒ်တွေကို
စီမံခန့်ခွဲရာမှာ အပြန်အလှန် တာဝန်ယူမှုရှိရန် လိုအပ်ပါ တယ်။
ဖွံ့ဖြိုးမှုသယံဇာတများကို သုံးစွဲရာမှာ အလှူရှင်ဘက်ကလည်း
တာဝန်ယူမှုရှိရှိနဲ့ အသုံးပြုရန် ဖြစ်သကဲ့သို့ အကောင်အထည်ဖော်တဲ့
အစိုးရပိုင်း၊ အဖွဲ့အစည်းများ အနေနဲ့ လည်း Project owner အနေနဲ့ တာဝန်ယူမှု၊
တာဝန်ခံမှု အပြည့်ထားပြီး အကူအညီ အထောက်အပံ့များကို ထိထိမိမိ အကျိုးရှိရှိ
သုံးစွဲနိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ရာမှာ
ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ပြည်သူ ပူးပေါင်းပါဝင်မှုတို့နဲ့ နိုင်ငံရဲ့
ဖွံ့ဖြိုးမှု မဟာဗျူဟာဖြစ်တဲ့ “ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး” ကို
အကောင်အထည် ဖော်နိုင်အောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြဖို့ ပဏာမ
ပြောကြားလိုပါတယ်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်