Subscribe to our RSS Feed

အစွန်အဖျားဒေသများ၌ စုန်း၊ ကဝေ အယူအဆ အစွဲရှိနေဆဲဟု ကယားဝန်ကြီး ပြောကြား

From : ..Myit Makha Mediagroup on 20 Mar, 2013

ကယားပြည်နယ်အစွန်အဖျား မြန်မာ-ထိုင်းနယ်စပ်အနီး ကျေးရွာများအများစု၌ စုန်း၊ ကဝေဟု စွပ်စွဲ၍ မိသားစုလိုက် သတ်ဖြတ်နေသည့် ဓလေ့ထုံးတမ်းများ ရှိနေဆဲဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဆိုသည်။
အဆိုပါကျေးရွာများ၏ အုပ်ချုပ်ရေးကို ဒေသခံလူငယ်များကပင် တူးမီးသေနတ်များ၊ တုတ်၊ ဓားများကိုင်ဆောင်လျက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေကြပြီး ရဲစခန်းများ၊ ရဲတပ်ဖွဲ့ဝင်များ မရှိသေးကြောင်းကိုလည်း သိရသည်။
အဲဒီ့ဘက်တွေက အစွန်အဖျားလည်း ဖြစ်တယ်။ ထားရင်လည်း(၁၀)ယောက်၊ (၁၅)ယောက်ထက်ပိုမထားနိုင်ဘူး။ ဒီလို အချက်တွေ အများကြီးစဉ်းစားရတာပေါ့။ စဉ်းစားရတဲ့အခါကြတော့ တကယ်လို့ ရဲတပ်ဖွဲ့အင်အားများလာရင် ဒီ ဥပဒေ စိုးမိုးရေးအတွက် ကျွန်တော်တို့သည် နေရာတကာတိုင်းမှာ ရဲစခန်းထားပါမယ်။ အခုလည်း ကျွန်တော်ထပ် တောင်း ထားတယ်။ ရဲတွေ ထပ်လာမယ်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ထိုကဲ့သို့ အယူအဆစွဲများရှိနေသော ကျေးရွာများမှာ ဟိုယာ၊ ကေကော၊ ခါးဘယ်တို့အပါအဝင် ရွာ(၂၀)ကျော် ရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
လွန်ခဲ့တဲ့တစ်ပတ်လောက်ကပဲ အဲဒီ့ဘက်မှာ ကလေးတစ်ယောက်က ပြောင်းဖူးခင်းထဲက ပြောင်းဖူးခိုးစားပြီး အခန့်မသင့် လို့သေသွားတယ်။ အဲဒါကို ပြောင်းဖူးခင်းပိုင်ရှင်ကို စုန်း၊ ကဝေလို့ စွပ်စွဲပြီး သတ်လိုက်ကြတယ်။ ဒီလိုကိစ္စ တွေက အဲဒီ့ဘက်မှာ မကြာခဏ ကြားနေရတယ်ဟု  ဒေသခံက ပြောသည်။
ပြောင်းလဲတိုးတက်လာသောခေတ်စနစ်နှင့်အညီ ထိုဒေသများအား အတွေးအခေါ်များပြောင်းလဲတိုးတက်လာစေရန် တတ်နိုင်သမျှ ဆောင်ရွက်ပေးနေသော်လည်း ဓလေ့ထုံးတမ်းအစဉ်အလာအရဆိုကာ ထားလိုက်ရသည့်ကိစ္စများ အများ အပြားရှိကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ရဲတွေထပ်လာမယ်။ ထပ်လာရင် နယ်စပ်ကုန်သွယ်ရေးလုပ်ဖို့ တွေဘာတွေအတွက်ဖြန့်ရမယ်။ ရရင်ရတဲ့အတိုင်းလုပ်မယ် ။ နောက်တစ်ခု ဒီမှာ စုန်း၊ ကဝေ နဲ့ပတ်သတ်ပြီ မကျေနပ်ဘူး ကျေနပ်တယ်ဆိုတာ အခုမှမဟုတ်ဘူး၊ ဒီဒေသခံတွေရဲ့အစွဲက အဲဒါရှိတယ်။ တစ်ချို့တစ်ချို့တွေရဲ့ စိတ်တွေထဲမှာ အခုချိန်ထိ အဲဒါတွေ ရှိနေသေးတယ်။ ရှိသေးတော့ ကျွန်တော်တို့မှာ လိမ္မာပါးနပ်စွာနဲ့ ကိုင်တွယ်ရတယ်။ အစဉ်အလာကတည်းက စုန်းလို့လက်ခံထားရင် သတ်လို့ရတယ်ဆိုတဲ့ ဟာကြီးက သူတို့ထဲမှာ စွဲနေတယ်။ ဆိုတော့ သူတို့ရဲ့ကိုယ်ပိုင်ဥပဒေလို ဖြစ်နေတယ်ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး က ပြောသည်။
၁၉၉၇ခုနှစ်ခန့်က ကယားပြည်နယ်တွင် ဓလေ့ထုံးတမ်းအရ စုန်း၊ ကဝေဟု စွပ်စွဲ၍ တစ်ရွာလုံးကို သတ်ပစ်ခြင်း၊ မိသားစုတစ်စုလုံးကို သတ်ပစ်ခြင်းများဖြစ်ပေါ်ခဲ့သောကြောင့် အဆိုပါပြဿနာများဖြေရှင်းရန် ဒေါက်တာမောင်မောင် ကိုယ်တိုင် လာရောက်ဖြေရှင်းခဲ့ဖူးကြောင်း သို့သော်နောက်ဆုံး၌ ဓလေ့ထုံးတမ်းအစဉ်အလာအရဟုဆိုကာ အစီရင်ခံစာ တင်ခဲ့ရဖူးကြောင်းကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးကရှင်းပြသည်။
ကျွန်တော်တို့ကယားပြည်မှာ ဒါတကယ်လည်းရှိတယ်။ စုန်းကိစ္စနဲ့ဘာနဲ့ မိသားစုလိုက်သတ်လိုက်တာတို့ ရှိတယ်။ ကျွန်တော်တို့ ခေတ်ဥပဒေနဲ့ကတော့ ခွင့်မလွှတ်ဘူးပေါ့ဟု ဝန်ကြီးချုပ် ဦးခင်မောင်ဦးကပြောသည်။
.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်