Subscribe to our RSS Feed

ဘယ်ကိုဦးတည် လှမ်းကြမည်

From : https://www.facebook.com/photo.php?fbid=255404771290187&set=a.111179099046089.21550.100004619984171&type=1&relevant_count=1

မနက်ဖြန်မနက် လင်းအရုဏ်တက်ချိန်တွင် မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့ရသည့် လွတ်လပ်ရေးနေ့အခါသမယသို့ ရောက်ရှိတော့မည်။

ယူနီယံဂျက် မြေမှာသက်၍၊မြန်မာ့အောင်လံ မိုးသို့ပျံသောနေ့။
အလွန်တရားထူးခြားလေးနက်လှသော သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်ခု၏ သက်တမ်းသည် ၆၆နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီမို့ ရင့်ကျက်လှသော သက်တမ်းတစ်ခုဟုဆိုရပေလိမ့်မည်။

လွတ်လပ်ရေးနေ့ မတိုင်မီကာလတွင် နှစ်ပေါင်း၄၇နှစ်ကြာမှ တစ်ကျော့ပြန် ကျင်းပခွင့်ရသောအရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာခြိမ့်ခြိမ့်သဲ ဆင်နွှဲကျင်းပနိုင်ခဲ့သည်။ထိုပြိုင်ပွဲကြီးနှင့်အတူ ငုပ်လျှိုးနေခဲ့သော မြန်မာတို့၏ အမျိုးသားအားမာန်များ အသစ်တစ်ဖန် ပြန်လည်နိုးထရှင်သန်လာခဲ့သည်။

နှစ်ဦးဝမ်းသာစရာသတင်းများအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်အမြောက်အမြား ရရှိခံစားခဲ့ရခြင်းဖြစ်သည်။အကြောင်းအမျိုးမျိုးကြောင့် ကြွင်းကျန်ရစ်သူများလည်း ရွှေပြည်တော် မျှော်တိုင်းမဝေးပြီဟု အကောင်းဘက်ကတွေးနိုင်သည်။

သည်နှစ်ထဲတွင် အာဆီယံအလှည့်ကျ ဥက္ကဌရာထူးကို မြန်မာနိုင်ငံက လွှဲပြောင်းထမ်းဆောင်ရမည်။သည်နှစ်ထဲမှာပင် ၂၀၁၅ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုများလည်း စတင်ပြုလုပ်ကြမည်ဟု ယူဆရသည်။မကြာခင်ကာလမှာ တစ်ပြည်လုံးအတိုင်းအတာနှင့် သန်းခေါင်စာရင်းကောက်ယူမှုတွေ ပြုလုပ်ကြပေဦးမည်။

၂၀၁၃ခုနှစ်(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြီးနောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံတွင်း လူမျိုးရေးနှင့် ဘာသာရေးရောထွေးဦးတည်သည့် အကြမ်းဖက်မှုအကြွင်းအကျန်များ၊ဗုံးထောင်ဖောက်ခွဲ မှုများ၊ပဋိပက္ခ ဆန္ဒပြမှုများဖြင့် အဆိုးတစ်ခုဆီ ဦးတည်ခဲ့သော်လည်း နှစ်ကုန်ခါနီးဆဲဆဲ ကာလအပိုင်းအခြား တစ်ခုသည် တည်တည်ငြိမ်ငြိမ်ဖြင့် အကောင်းဘက်ကိုဦးတည်နေသည်ဟု ယူဆရပေမည်။

သို့ရာတွင် ၂၀၁၃မှ၂၀၁၄ဆီသို့ သယ်ဆောင်လာသော ဖြေရှင်းရန်ပြဿနာ ကြွေးကျန်များလည်း မလွဲမသွေရှိနေပေသည်။အဓိကအချက်များ အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခအပြီးတိုင် ချုပ်ငြိမ်းမှုရရှိရန်၊ပါတီ၊အဖွဲ့အစည်းနှင့် ပြည်သူအသီးသီးက ပြန်လည် ပြင်ဆင်လိုကြသော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့အချက်အလက်များကို မြွေမသေ၊တုတ်မကျိုး အဆိုးမဖက်၊အကျိုးသက်သက် ပြင်ဆင်နိုင်ရန်၊ လယ်ယာမြေပြဿနာများ၊ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ နည်းလမ်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းကောင်းများမှတစ်ဆင့် အမျိုးသားအကျိုးစီးပွားကို မထိခိုက်ဘဲ နည်းပညာနှင့် အလုပ်အကိုင်အခွင့်လမ်းများ ရရှိရန် စသဖြင့် ကျန်ရှိနေပါသည်။ပညာရေး၊ကျန်းမာရေး၊လူမှုဖူလှုံရေး အစရှိသောကဏ္ဍများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်သည်ထက်မြင့်အောင် ပြုပြင်ဖော်ဆောင်ရန် ကျန်ရှိနေပါသေးသည်။

အချို့သောအချက်များသည် ရေတိုဖြေရှင်း၍မရ။အားလုံးလက်ခံနိုင်သော သဘောတူညီမှုမှတစ်ဆင့် တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲရမည်။အချို့သော အရေးပေါ်လိုအပ်ချက်များကိုမူ တည်ဆဲဥပဒေများအမြန်ပြဌာန်းကာ ဆောလျင်စွာပြင်ဆင်သင့်က ပြင်ဆင်ရပေမည်။

ဒါကိုလည်း ဦးဆောင်အတိုက်အခံ နိုင်ငံရေးသမားများအပါအ၀င် ပြည်သူတစ်ရပ်လုံးက စိတ်ရှည်လက်ခံတတ်ရန်လိုအပ်သည်။လက်ရှိအာဏာရ အစိုးရအဖွဲ့အား အပြုသဘောဆောင်သည့် အကြံဥာဏ်များဖြင့် အတိုက်ခံကောင်းပီသမှုကို ပြသရန်၊ပြည်သူများကလည်း ဒီမိုကရေစီကျင့်စဉ်ကို တဖြည်းဖြည်းရင့်ကျက်စွာ မွေးမြူသွားကြရန် လိုအပ်သည်။

မြန်မာ့ဒီမိုကရေစီသက်တမ်းသည် အလွန်သိမ့်မွေ့နုနယ်ပြီး အထိမခံသေးသည့် ကြွေပန်းကန်တစ်ချပ်သဖွယ် ကွဲလွယ်ရှလွယ်အခြေနေမျိုးသာ ရှိနေသေးပါသည်။

ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ရန်နှင့် အရှည်တည်တံ့ရန်မှာ အစိုးရတွင်သာမက မြန်မာတစ်မျိုးသားလုံး၏မွေးရာပါ ပဓာနတာဝန်ဖြစ်ပါသည်။တိုင်းပြည်တစ်ခု၊နိုင်ငံတစ်ခု ဟူသည် တစ်ဦးကောင်းတစ်ယောက်ကောင်းနှင့်တည်ဆောက်မရပါ။ 

တစ်ဦးတစ်ယောက်ချင်းမှစ၍ နိုင်ငံသားအားလုံး စုစည်းညီညာမှုဖြင့်သာ ရှေ့သို့ရွေ့နိုင်ပါသည်။သို့ရာတွင် ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း ချန်လှပ်ထား၍ မရပါ။

သည်နေရာတွင် မဟာလူသား၏ အနှိုင်းမဲ့စူပါစွမ်းအားကို စိတ်ကူးယဉ် အားကိုးမျှော်လင့်ခြင်းထက် သိက္ခာ၊သမာဓိ၊သတိ၊ပညာရှိသော ခေါင်းဆောင်မှုကို မျှော်လင့်ကိုးစားကြဖို့လိုပါသည်။ထိုပုဂ္ဂိုလ်၏ ဦးဆောင်မှုအောက်၌ မိမိတို့ ကျရာကဏ္ဍအလိုက် တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ကြိုးစားကြမည်ဆိုလျှင် ကျွန်တော်တို့လိုအပ်ချက်များ တစ်စတစ်စ လျှော့ပါးလာမည်ဟု ယူဆရပါသည်။

သို့မဟုတ်ဘဲ မဖြစ်နိုင်မှန်းသိပါလျက်နှင့် ကိုယ့်ဘက်ကိုယ်ယက်သည့် အစွန်းရောက်အတ္တများ၊ပွဲမကရ ပတ်မထိုးခွဲမည့် ကဏ#ကောဇတိုက်မှုများ၊ ပြည်သူလူထုကို ခုတုံးလုပ်သည့် သပ်လျှိုဘေးတီးမှုများ ပေါ်ပေါက်လာပါက အလှမ်းလွန်၍ ကြမ်းကျွံပါလိမ့်မည်။

သာမန်ကြမ်းကျွံမှုသည် အနည်းငယ်မျှ ထိခိုက်ပွန်းရှမှုသာဖြစ်နိုင်သော်လည်း တစ်စုံတစ်ယောက်၏ဦးဆောင်သိမ်းသွင်းမှုအောက်တွင် နိုင်ငံရေးကြမ်းကျွံပါက ပြန်နှုတ်ရခက်တတ်ကြောင်း သမိုင်းကပြဆိုနေပါသည်။

အကွက်ရွှေ့မှား၊အနင်းမှား၍ ၀ါးအစည်းပြေသောကြောင့် တိုင်းပြည်၌ကြီးစွာသော ဂယက်ရိုက်ခတ်ခဲ့ဖူးသည်။ပြည်သူလူထု အတိဒုက္ခ ရောက်ကြရသည်။လွတ်လပ်ရေး ရှိပြီးသည့်နှစ်ပေါင်းများစွာတိုင်အောင် ပဋိပက္ခနှင့် သံသယနွံထဲ တ၀ဲလည်လည် နေခဲ့ကြဖူးသည်။

ကျွန်တော်တို့ ဘယ်ကိုဦးတည် လှမ်းမည်နည်း။လွတ်လပ်ရေးကို ဘိုးဘေးတို့၏ သွေးချွေးများစွာ ရင်း၍အုတ်မြစ်ထူခဲ့သည်။လွပ်လပ်မှ အမျှဝေပါဟူသောသူတို့၏ ကျေးဇူးကြွေးများ ကျွန်တော်တို့အပေါ်တင်ရှိနေသည်။ ဒါကိုတစ်လွဲဆံပင်ကောင်း၍ အာဏာရှင်စနစ်အောက်မှ မလွတ်မြောက်သေးဘူး။ ငါတို့အာဏာ မရသမျှ ဆက်လက်တိုက်ပွဲဝင်ကြဟု ပြည်သူကို လှုံ့ဆော်စည်းရုံး၍ ငါ့မြင်းငါစိုင်းမည်ဆိုလျှင်က ကျေးဇူးရှိမှ ကျေးစွပ်သည်ဆိုသောစကားအတိုင်း သမိုင်းတရားခံအဖြစ် ပြောထုံးဖြစ်နေပေလိမ့်မည်။

ဒီမိုကရေစီနည်းလမ်းအတိုင်း လွတ်လပ်စွာတွေးခေါ်၊လွပ်လပ်စွာဆုံးဖြတ်၊လွပ်လပ်စွာ လုပ်ဆောင်နိုင်ပါသည်။

သို့ရာတွင် ဒီမိုကရေစီနည်းအတိုင်း မိမိတို့ကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကသိကအောက်မဖြစ်ရပါစေနှင့်။မည်သူတစ်ဦးတစ်ယောက်မျှ ဒုက္ခမရောက်ကြပါစေနှင့်။

ဆင်သွားလျှင် လမ်းဖြစ်မည်ကို ယုံကြည်ပါ၏။သို့ရာတွင် ဆင်ကန်းတောတိုးမှုမျိုးဖြစ်လာမည်ဆိုပါက သင်တို့နောက်ပါးမှ ပြည်သူများ၏ဘ၀နှင့် နိုင်ငံတစ်ခု၏ အနာဂတ် ခရီးမပြတ်ခင် အပြီးသတ်မှာ စိုးမိပါသည်။
  

2 comments:

i dont want to be fly back this fucking flag at 2015 because of shameless guy

must shame,, how can u say ur sons love to myanmar? i so sad this is aung san grand son..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်