Subscribe to our RSS Feed

ထိုင်းစစ်တပ်အာဏာသိမ်းမှု နှင့် လမ်းပေါ်ထွက်မယ့် စံနှုန်း




ဘုန်းအောင်
ထိုင်းအကျပ်အတည်း ဖြေရှင်းချက် စံနမူနာ
========================
၃၀-၅-၂၀၁၄ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှာ
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နမူနာယူပြီး
ရေရှည်ကာလ ထိုင်းနိုင်ငံရေးအကျပ်အတည်းပြေလည်စေရေး ဆောင်ရွက်ဖို့
အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယုချန်အိုချာက
ထိုင်းဘုရင်မင်းမြတ်ထံ တင်ပြတဲ့ သတင်းပါလာတာကို တွေ့ ရပါတယ်။

ပြည်မြန်မာသတင်းစာပါ
ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာရဲ့ အဆိုပြုချက်မှာ
အပိုင်း(၃)ပိုင်းပါဝင်ပြီး အချုပ်အားဖြင့်
အောက်ပါအတိုင်း တွေ့ရှိရပါတယ်။

အပိုင်း (၁)
=======
အတိုင်ပင်ခံကောင်စီကို အမည်ပြောင်းလဲ၍
အစိုးရ၊ ထိုင်းဘုရင့် တပ်မတော်၊ ပါလီမန် စသည်တို့မှ
ခေါင်းဆောင်များ ပါဝင်စေရန်
ဆောင်ရွက်သင့်ကြောင်း တင်ပြထားသည်။
ဗိုလ်ချုပ်ကြီး ပရာယုသ်၏ တင်ပြချက်အရ
မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံ ဥပဒေတွင် ...
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဟူ၍ ဖွဲ့စည်းစေပြီး
အရေးပေါ် အခြေအနေများကို ကိုင်တွယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း...
ထိုင်းနိုင်ငံတွင် နိုင်ငံရေး ပြဿနာများမှာ
မကြာခဏဆိုသလို ဖြစ်ပေါ်နေဦးမည် ဖြစ်ကြောင်း...
မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေကို နမူနာ ယူသင့်ကြောင်း....
ထိုင်းဘုရင်ကို တင်ပြ၍ ...
ဆုံးဖြတ်ချက် ချမှတ်ရမည့် အတိုင်ပင်ခံကောင်စီကို ...
ပြုပြင်ပြောင်းလဲ၍ ဆောင်ရွက်ထားသင့်ကြောင်း...
အတိုင်ပင်ခံ ကောင်စီအစား ...
အမျိုးသားကာကွယ်ရေးကောင်စီ ဟူ၍ ..
သတ်မှတ် သင့်သည် ဟု ယူဆ ကြောင်း...
ယင်းကောင်စီမှာ နိုင်ငံအတွက် အရေးပေါ် လိုအပ်မှသာ
ကောင်စီအတွင်း အကြေအလည်ညှိနှိုင်းပြီး
ဆောင်ရွက်ရန် ဖြစ်ကြောင်း....။

အပိုင်း(၂)
======
မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေကို နမူနာယူ၍
ထိုင်းဘုရင်က တိုက် ရိုက်ခန့်အပ်သော လွှတ်တော်ကိုယ်စားလှယ် (၁၀%)
ထိုင်းဘုရင့်တပ်မတော်က စေလွှတ် သော လွှတ်တော်ကိုယ်စားလှယ် (၁၅%)...
စုစုပေါင်း (၂၅%) တိုက်ရိုက်ခန့်စေသော နည်းဖြင့်
ပါလီမန်အကွဲအပြဲကို ထိန်းသိမ်းရန် ဖြစ်ကြောင်း...
လက်ရှိ ထိုင်းအခြေခံဥပဒေအရ
အချိုးကျစနစ်ဖြင့် ရွေးချယ်ခန့်အပ်သူများ...
FPTP စနစ်ဖြင့် ရွေးချယ်ခန့်အပ်သူများ ရှိပြီး ဖြစ်ရာ
ဘုရင်နှင့် ထိုင်းစစ်တပ်က ခန့်အပ်သော ပါလီမန်အမတ် (၂၅%)က
အဆုံးအဖြတ် ပြုရာတွင် အဓိက အရေးကြီးသော ....
ချိန်ခွင်လျှာ မဲတင်းပေးနိုင်သူများ ဖြစ်လာရန် ...
လိုအပ် နေပြီ ဖြစ်ကြောင်း...။

အပိုင်း(၃)
======
အရေးပေါ်အခြေအနေတွင်
ထိုင်းစစ်ဘက်မှ မည်သို့ ကိုင်တွယ် ဖြေရှင်း ရမည်ကို
အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲစေခြင်း ဖြစ်ကြောင်း...
ယင်းဆုံးဖြတ်ချက်ကို အမျိုးသားကာကွယ်ရေးကောင်စီက
ထိုင်းဘုရင်မင်းမြတ်၏ သဘောတူညီချက်ဖြင့်
ဆောင် ရွက် ရန် ဖြစ်ကြောင်း...
မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေတွင်
အရေးပေါ်အခြေ အနေ တွင် ...
စစ်တပ်မှ မည်သို့ကိုင်တွယ် ဖြေရှင်းရမည်ကို ...
ထည့်သွင်းပြဌာန်းထားသဖြင့်
တရားဝင် ထိန်းကျောင်းရခြင်း ဖြစ်ကြောင်း...
ထိုင်းနိုင်ငံတွင် အရေးပေါ်အခြေအနေတွင်
ထိုင်းစစ်တပ်က မည်သို့ ဆောင်ရွက်ရမည် အတိအကျ မရှိဘဲ
တရားမ၀င် အာဏာသိမ်း နေရကြောင်း။
ဗိုလ်ချုပ်ကြီး ပရာယုသည် ...
ထိုင်းဘုရင်မင်းမြတ်အား တင်ပြရာတွင် ...
မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေသည်
ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေးပြဿနာများကို
ကြိုတင်မျှော်တွေးကား ဖြေရှင်းနိုင် သည်အထိ ....
ဆောင်ရွက်နိုင်ရန် ....
အမြော်အမြင် ရှိရှိ ရေးဆွဲထားခြင်း ဖြစ်ကြောင်း...
အမှန်တစ်ကယ်တွင်လည်း ...
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စသည်တို့မှာ ...
အရေးမကြီးကြောင်း...
နိုင်ငံ တည်ငြိမ်အေးချမ်းနေရေးက အရေးကြီးကြောင်း...
ထိုသို့ တည်ငြိမ်အေးချမ်းနေမှသာ ...
စီးပွားရေးတိုးတက်နိုင်မည် ဖြစ်ကြောင်း...
အခြား နိုင်ငံများမှလည်း ဖြစ်သင့်ဖြစ်ထိုက်သည်များကို ..
အသိအမှတ်ပြု လက်ခံသုံးစွဲရမည် ဖြစ်ကြောင်း...
တင်ပြခဲ့ တယ်ဆိုပြီး ဖော်ပြထားပါတယ်...
အဆိုပါသတင်းတွင်
မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေသည်
နိုင်ငံတကာမှ မည်သို့ပင် ဖိအားပေးသည် ဖြစ်စေ ...
တပ်မတော်၏ ပါဝင်ဆောင်ရွက်ခွင့်ကို ကန့်သတ် ထားခြင်း မရှိဘဲ
တရားဝင် အသိ အမှတ်ပြုထားခြင်းဖြစ်ကြောင်း ....
ထိုင်းနိုင်ငံ၌ နောက်ထပ် ပေါ်လာနိုင်သော ...
နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ....
ထိုင်းစစ်တပ်အပေါ် လူထုဆန့်ကျင်မှု မပြင်းထန်စေဘဲ ...
ဤသို့ ဆောင်ရွက်နိုင် ကြောင်း ....
ဗိုလ်ချုပ်ကြီး ပရာယုက တင်ပြခဲ့တယ်လို့လည်း ဆိုထားပါတယ် ။

ထိုင်းပြဿနာဇစ်မြစ်
============
ထိုင်းနိုင်ငံရေး အကျပ်အတည်းဟာ ...
ဒီပုံအတိုင်းဆိုရင် ...
သိပ်ကို စိတ်ဝင်စားစရာ ကောင်းလာတာကို ...
တွေ့ရှိနိုင်ပါတယ်....
အခြေခံဥပဒေကို ရပ်ဆိုင်းလိုက်ပြီး
ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ ထိုင်းစစ်တပ် ...
ဘာဆက်လုပ်မလဲ ဆိုပြီး ....
အားလုံးက အာရုံစိုက်နေချိန်မှာ ....
ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်...
ထိုင်းနိုင်ငံ မှာ အာဏာသိမ်းမှုတွေကို
ဘုရင်က ထောက်ခံမှသာ အောင်မြင်နိုင်ပါတယ်။
လက်ရှိကာလမှာ ရွေးကောက်ပွဲ ပြုလုပ်မယ့် အချိန်ဇယားကို
အတိအကျ မပြောနိုင်သေးဘူး ဆိုပြီး ...
မီဒီယာတွေကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ စကားဟာ
ရှေ့ဆက် ဘယ်ပုံဘယ်နည်း စခန်းသွားမလဲ ဆိုတာကို
စဉ်းစားရဦးမယ် ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်....
အခု ပြည်မြန်မာသတင်းစာမှာ ပါရှိလာတဲ့ သတင်းအရ ဆိုရင်...
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို မျှော်ကြည့်ရုံတင်မကတော့ဘဲ ...
အသေးစိတ် လေ့လာနေပြီ ဆိုတာ ထင်ရှားလာနေပါတယ်...
အရှေ့တောင်အာရှမှာ ဒီမိုကရေစီစံနှုန်းအပြည့်ဝဆုံး ဆိုတဲ့
ထိုင်းနိုင်ငံပြဿနာဟာ ...
မြန်မာနိုင်ငံ အတွက် သင်ခန်းစာယူစရာ
တစ်ပုံတစ်ပင်ကြီး ဖြစ်နေပါတယ် ...
လက်ရှိ အခြေခံဥပဒေ ...
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အကြောင်းပြုပြီး ....
စစ်တပ်နဲ့ NLD ထိပ်တိုက်တွေ့တော့မယ့် အနေအထားမျိုးမှာ ....
ဖြစ်ပေါ်လာတဲ့ ထိုင်း စစ်ဘက်အာဏာသိမ်းမှုဟာ ...
သဘောထားတင်းမာမှုတွေကို သတိပေးလိုက်သလိုပါပဲ...
ထိုင်းစစ်တပ်ရဲ့ ထုံးစံအရ အာဏာသိမ်းပြီးရင်
ထိန်းသိမ်းသင့်တဲ့ နိုင်ငံရေးသမားတွေကို ထိန်းသိမ်း ...
ကန့်သတ်စရာရှိတာ တွေကို ကန့်သတ်ပြီး
ရွေးကောက်ပွဲ လုပ်ပေးရမှာပါ ...
ဒီတစ်ခါလည်း ...
အခြေအနေတွေ တည်ငြိမ်သွားတဲ့ အချိန် ရောက်ရင် ...
ရွေးကောက်ပွဲလုပ်ပေးပြီး ....
အာဏာလွှဲပြောင်းပေးလိုက်မှာလား ဆိုတာကို
စောင့်ကြည့်နေ ကြတဲ့အချိန်ပဲ ဖြစ်ပါတယ်...
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ....
ထိုင်းစစ်တပ်ဟာ ရွေးကောက်ပွဲလုပ်ပြီး ...
အာဏာလွှဲပေးတော့မယ့် အနေအထား မဟုတ်တော့ပါဘူး....
အခြေခံဥပဒေပြင်ဆင်တာပဲ ဖြစ်ဖြစ်...
အသစ်ရေးဆွဲတာပဲ ဖြစ်ဖြစ် လုပ် ပြီးမှ .....
ရွေးကောက်ပွဲကျင်းပပေးနိုင်မယ့် အလားအလာ ရှိနေပါပြီ...

သတင်းမှာပါရှိတဲ့ ...
အာဏာသိမ်းခေါင်း ဆောင်ရဲ့ တင်ပြချက်ကို
ထိုင်းဘုရင်ဦးဆောင်တဲ့ တော်ဝင်အုပ်စုက ...
ဘယ်လိုသဘောထားမလဲ ...
မသိနိုင် သေးတဲ့ အချိန် ဖြစ်ပါတယ်...

ထိုင်းနိုင်ငံရဲ့ ဇစ်မြစ်ကို ကြည့်ရင်
နိုင်ငံရေးသမားတွေက ....
အခြေခံဥပဒေ မူဘောင်ကို ကျော်လွန်ပြီး
အခြေခံဥပဒေပြင်ပ နိုင်ငံရေးတိုက်ပွဲကို ဆင်နွှဲလာခြင်းက...
အဓိကတရားခံ ဖြစ်နေပါတယ်....
ပြုတ်သွားတဲ့ ပွေထိုင်းအစိုးရဟာ
အခြေခံဥပဒေနဲ့အညီ ....
ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရ ဖြစ်ပါတယ်။
ဒီအစိုးရဟာ ထိုင်းရက်ထိုင်းပါတီက စတင်ပြီး အုပ်စီးထားတဲ့
နိုင်ငံရေးစင်မြင့်ထက်မှာ ကာလရှည်ကြာ ရှိနေခဲ့တဲ့ ...
သက်ဆင်အုပ်စု ဖြစ်ပါတယ် ....

အခြေခံဥပဒေနဲ့အညီ နိုင်ငံရေးအာဏာရယူဖို့ဆိုရင်
ရွေးကောက်ပွဲတွေမှာ ....
ဒီမိုကရက်တွေ အများစု အနိုင်ရရှိမှသာ ဖြစ်နိုင်မှာပါ။
ဒါပေမယ့် ကျေးလက်ဒေသတွေက ထိုင်းပြည်သူအများစုက ...
ပွေထိုင်းပါတီကို ပဲ ထောက်ခံကြတာ ဖြစ်တဲ့အတွက် ...
ပွေထိုင်းကို အလဲထိုးနိုင်ဖို့ မလွယ်ပါဘူး...
ဒီတော့ သက်ဆင်ကိုဆန့် ကျင်တဲ့ နိုင်ငံရေးသမားတွေက
ဘန်ကောက်မြို့ကြီးသား သူဌေးတွေ၊ ပညာတတ်တွေကို စည်းရုံးပြီး
ဘန်ကောက်ကို ပိတ်ဆို့ပြီး
ဆန္ဒပြပွဲတွေ ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်...
ဒီအခြေအနေအတိုင်းဆိုရင် ...
အာဏာသိမ်းစစ်တပ်အနေနဲ့ ...
ရွေးကောက်ပွဲလုပ်ပေးပြီးရင်လည်း
အ၀ါတွေ ဆန္ဒပြ၊ အစိုးရကို ဖြုတ်ချ ဆိုပြီး ...
သံသရာလည်နေဦးမှာပါပဲ...

ဒီသံသရာဟာ ....
သက်ဆင်ကို စစ်တပ်က ဖြုတ်ချပြီးကတည်းက
လည်နေတာ ဖြစ်တဲ့အတွက် ....
ထိုင်းစစ်တပ်အနေနဲ့ ရှေ့က လုပ်ခဲ့သလိုမျိုး ထပ်လုပ်ရင် ...
နောင်တစ်ချိန် ပြန်ပြီး အာဏာ သိမ်းရဦးမှာပါပဲ....
ဒီကနေ့အထိ (၁၉)ကြိမ်တိတိ ...
စစ်ဘက်အာဏာသိမ်းမှု ပြုလုပ်နေရတဲ့ ထိုင်းဒီမိုကရေစီ ဟာ ....
တော်တော်လေး ရုပ်ပျက်ဆင်းပျက်နိုင်သလို ....
တော်တော်လေးလည်း နာမည်ပျက်နေရပါပြီ...

ဒီအနေ အထားကို ...
ထိုင်းစစ်တပ်ကလည်း ထည့်သွင်းစဉ်းစားမိမှာပါပဲ...
နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးပြဿနာတွေကို
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြရာမှာ ...
အခြေခံဥပဒေ မူဘောင်အပြင်ကိုထွက်ပြီး
လမ်းပေါ်တက်တဲ့ နိုင်ငံရေးကိုပဲ ....
ဆွဲကိုင်ထားကြတာ ဖြစ်တဲ့အတွက်
ဗိုလ်ချုပ်ကြီး ပရာယု စဉ်းစားသလို
ပါလီမန်ထဲမှာ နိုင်ငံရေးသမားတွေကို ထိန်းနိုင်မှ ဖြစ်ပါလိမ့်မယ်...
နောက် နိုင်ငံရေးအရ ဖြေရှင်းမရရင် ....
အာဏာသိမ်းလိုက် ဆိုတဲ့ ...
လမ်းကြောင်းကြီးကို ဖျောက်ဖျက်ပစ်နိုင်ဖို့ ...
စစ်တပ်ရဲ့ ၀င်ရောက်ထိန်းကျောင်းမှုကို ...
အခြေခံဥပဒေမှာ တစ်ပါတည်း ထည့်သွင်း ပြဌာန်းပေးဖို့ လို ပါတယ်...
ဒါဟာ စစ်တပ်က အာဏာသိမ်းရတဲ့အခြေအနေအထိ ...
မရောက်ရှိစေဖို့ ....
စဉ်းစားချက် တစ်ရပ် လည်း ဖြစ်ပါတယ်...

စစ်တပ်က ၀င်ရောက်ထိန်းကျောင်းခွင့်ကို ....
ဘယ်လိုပြန်ထိန်းမလဲ ဆိုရင် ....
ထိုင်းဘုရင်ရဲ့ သြဇာကိုခံယူတဲ့ ...
အမျိုးသားကာကွယ်ရေးကောင်စီကို ဖွဲ့စည်းဖို့ လိုတယ် ဆိုပြီး
ဗိုလ်ချုပ်ကြီးပရာယုက အဖြေရှာထားတာ ဖြစ်ပါတယ်....
ဒါလည်း မလွန်ပါဘူး....
ဘာဖြစ်လို့လဲ ဆိုတော့ ထိုင်းနိုင်ငံမှာ
ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ဟာ အားလုံးပေါ်မှာ တည်ပါတယ် ...
ဒါကြောင့် ဘယ်သူကမှ လွန်တယ် မထင်နိုင်ပါဘူး...

နောက် စဉ်းစားလို့ရတာက ....
ထိုင်းဘုရင်ကြီးဟာ သက်တော်ကြီးရင့်လှပြီ ဖြစ်တဲ့အတွက်
အကယ်၍ များ ထိုင်းဘုရင့်ထီးနန်း
အပြောင်းအလဲ လွှဲပြောင်းပေးရမယ် ဆိုရင်...
နောက်လာမယ့် ဘုရင်ရဲ့ သြဇာ ဖြစ်ပါ တယ်....
ဒါကိုလည်း ဗိုလ်ချုပ်ကြီးပရာယုက ...
ထည့်သွင်းစဉ်းစားဟန် တူပါတယ်....
သူတင်ပြတဲ့ အစီအစဉ် အတိုင်း ဆိုရင်
နောင်လာမယ့် ဘုရင်ဟာလည်း
အမျိုးသားကာကွယ်ရေးကောင်စီကနေ
တိုင်းပြည်ကို ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်....

ဒါဆိုရင်တော့ ထိုင်းနိုင်ငံမှာ ....
နိုင်ငံရေးသမားတွေ အာဏာလုပွဲကြောင့်
အကျပ်အတည်းတွေ မကြာခဏတွေ့ကြုံပြီး
စစ်တပ်က မကြာခဏ အာဏာသိမ်းရတဲ့ ...
အနေအထားကို ရှောင်လွှဲနိုင်မယ်...
ထိုင်းဘုရင်ထီးနန်း ဘယ်သူပဲ စိုးစံစိုးစံ ....
တည်ငြိမ်အောင် ထိန်းထားနိုင်မယ် ဆိုပြီး ....
တွက် ချက်ထားတာ ဖြစ်တာကို တွေ့ရှိနိုင်ပါတယ်။
ဒါဟာ ထိုင်းနိုင်ငံအတွက်
သင့်လျော်ကောင်းမွန်တဲ့ ဖြေရှင်းချက်တစ်ရပ် ဖြစ်လာနိုင်ပါတယ်....

ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေဟာ
ထိုင်းနိုင်ငံကို တည်ငြိမ်အေးချမ်းအောင် မလုပ်နိုင်ဘူး...
ထိုင်းပြည်သူတွေရဲ့ သာယာဝပြောမှုကို ....
အာမမခံနိုင်ဘူး ဆိုတာ ထင်ရှားနေပါတယ်....
ဒီတော့ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲရတော့မယ်...
ဒါပေမယ့် ဘယ်လိုပြောင်းလဲကြမလဲ ဆိုတဲ့ ....
စဉ်းစားချက် အပေါ်မှာ ...
မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေကို စံပြုပြီး
စဉ်းစားလာခဲ့တာလည်း ဖြစ်ပါတယ်....

လူ့အခွင့် အရေး၊ ဒီမိုကရေစီရေးထက်
နိုင်ငံတည်ငြိမ်အေးချမ်းရေးက အရေးကြီးတယ်...
ဒါမှသာ စီးပွားရေးတိုးတက် နိုင်မယ် ဆိုတဲ့
ဗိုလ်ချုပ်ကြီးပရာယုရဲ့ ခံယူချက်ဟာလည်း
ထိုင်းပြည်သူတွေအတွက် စေတနာထားတာကို
ပေါ်လွင် ထင်ရှားနေပါတယ်...

ဒီမိုကရေစီစံနှုန်းတွေနဲ့ ကြည့်ရင်
ဗိုလ်ချုပ်ကြီးပရာယုရဲ့ ဖြေရှင်းချက် အယူအဆဟာ
ပြစ်တင်ဝေဖန်စရာတွေ ဖြစ်နေပေမယ့်လည်း
ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်တော့ ...
ဒါဟာ ကောင်းမွန် သင့်တော်တဲ့ ....
ဖြေရှင်းချက် ဖြစ်လာဖို့ များနေပါတယ်...

၂၀၀၈ အခြေခံဥပဒေနဲ့ စံနှုန်း
================
လတ်တလောကာလမှာ ...
ပွေထိုင်းပါတီကို အာဏာရရှိစေခဲ့တဲ့ အကြောင်းတရားတွေကို
ဖယ်ရှားပစ် ဖို့လည်း မလွယ်လှပါဘူး....
ရွေးကောက်ပွဲ ဘယ်အချိန်ပဲ လုပ်လုပ်
ပွေထိုင်းပါတီ အာဏာရလာမှာ ဖြစ်တဲ့ အတွက်
တစ်ချိန်ချိန်ကျရင် စစ်တပ်အာဏာသိမ်းတဲ့ လမ်းကြောင်းကို
ပြန်ဆိုက်ရောက်လာမှာပဲ ဖြစ်ပါ တယ်....

ဒီနေရာမှာ သတိပြုစရာကောင်းတဲ့အချက်တစ်ချက်ကတော့
ထိုင်းစစ်တပ်ဟာ ဒီမိုကရေစီစံနှုန်းတွေ ကို ကျောခိုင်းပြီး
ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ
ကိုယ့်နိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီတဲ့ လမ်းကိုပဲ
လျှောက်လှမ်းတော့မယ့် သဘောပဲ ဖြစ်နေပါတယ်.....

နိုင်ငံရေးတည်ငြိမ်အေးချမ်းပြီး
ပြည်သူတွေ အကျပ်အတည်း မတွေ့တော့ဘူး ဆိုရင်
လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပဲ ဆိုတဲ့
ပြတ်သားတဲ့ ခံယူချက်ကိုလည်း မြင်တွေ့နိုင်ပါတယ်...

ဒီမိုကရေစီစံနှုန်းတွေကအရေးကြီးသလား...
တည်ငြိမ်အေးချမ်းပြီး ....
လူထုအဆင်ပြေဖို့က အရေးကြီးသလား ဆိုတာကို
ထိုင်းဥပမာက သက်သေပြနေသလိုပါပဲ....

မြန်မာနိုင်ငံမှာလည်း ....
ရေရှည်ကာလကို ပြန်လည်မျှော်တွေးကြည့်ရင်
ဒီကနေ့ ဒီမိုကရက်တွေ ....
တက်ကြွ လှုပ်ရှားသူတွေ တောင်းဆိုနေတဲ့ ...
တပ်မတော်သားကိုယ်စားလှယ်တွေ ...
လွှတ်တော်ထဲက ထွက်သွားရေး ဆိုတာကို တွေ့ရှိလာရပါတယ်....

ဒီလို နှင်ထုတ်နိုင်ဖို့လည်း ...
လူတွေ လမ်းပေါ် ပြည့်သွား အောင် လုပ်ပြမယ် ဆိုတဲ့ ...
စိန်ခေါ်သံတွေဟာလည်း ...
ရှစ်လေးလုံးကာလကို ပြန်လည်နှိုးဆွနေသလိုပါပဲ....

စစ်တပ် (၂၅%)ကို နှင်ထုတ်လိုက်တာနဲ့ ....
မြန်မာနို်င်ငံကြီး ချက်ချင်းကောင်းသွားမယ်....
စီးပွားရေးတွေ အဆင်ပြေလာမယ်....
ပြည်သူတွေ ချမ်းသာလာမယ် ဆိုတဲ့ စဉ်းစားတွေးခေါ်မှုဟာ ....
အမြော်အမြင် နည်းရာ ရောက်နိုင်ပါတယ် ....

ထိုင်းဥပမာဟာ ....
ဒီမိုကရေစီစံနှုန်းထက် ....
ပြည်သူတွေ အေးအေးချမ်းချမ်း သာသာယာယာ ....
ပြေပြေလည်လည် ရှိဖို့က ...
ပိုအရေးကြီးတယ် ဆိုတဲ့ အချက်ကို ပြဆိုနေပါတယ်....

ဒီမိုကရေစီစံနှုန်းတွေကြောင့် ...
စစ်တပ်အာဏာသိမ်းတဲ့ အဆိုးသံသရာကို ....
လျှောက်လှမ်းနေရတဲ့ ထိုင်းနိုင်ငံ ကတော့ ...
ကိုယ်တွေ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ....
စံနှုန်းတွေကို ကျောခိုင်းဖို့ စဉ်းစား လာခဲ့ပါပြီ...
ကိုယ့်ထက် စောပြီး ...
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြတဲ့ ...
နိုင်ငံတွေရဲ့ ဥပမာကို ...
မြန်မာနိုင်ငံက အတုယူရမှာ...
သင်ခန်းစာယူကြရမှာ ဖြစ်ပါတယ်။

ထိုင်းဘုရင်နဲ့ ဘုရင့်အတိုင်ပင်ခံ တွေက တော့ ....
မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပုံတူကူးယူဖို့ ....
ဗိုလ်ချုပ်ကြီးပရာယု တင်ပြတဲ့အတိုင်း ....
လုပ်ချင် မှ လုပ်ပါလိမ့်မယ် ....
၂၀၀၈ နဲ့ ထပ်တူထပ်မျှ မတူညီတဲ့ ဖြေရှင်းချက်တွေ ပါဝင်လာတဲ့....
အခြေခံဥပဒ တစ်ရပ်ကို မကြာခင်မှာ မြင်တွေ့ရဖို့ ရှိနေပါတယ်...

မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေကို အတုယူပြီး ....
ထိုင်းနိုင်ငံနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် ဖြေရှင်းချက်ရှိမယ် ဆိုရင် ....
ထိုင်းနိုင်ငံက အကောင်အထည်ဖော် ဖို့ အသင့် ဆိုတာမျိုးလည်း ...
ခန့်မှန်းကြည့်နိုင်ပါတယ်။

ဒါဟာ နိုင်ငံနဲ့ ပြည်သူ့အကျိုးကိုပဲ ကြည့်တတ်တဲ့ ...
ခေါင်းဆောင်တွေရဲ့ အမူအကျင့် လို့ ဆိုနိုင်ပါတယ် ....
လက်ရှိအချိန်မှာ လမ်းပေါ်ထွက်ပြီး ...
ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကို ဦးတည်နေတဲ့ ....
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ....
ပုဒ်မ ၅၉(စ)ပြင်ဆင်ရေး လှုပ်ရှားမှုတွေဟာလည်း ...
ထိုင်းနိုင်ငံကို သင်ခန်းစာယူဖို့ ....
အခါ မလွန်ခင် သတိပေးလိုပါတယ် ....

ထိုင်းဟာထိုင်း...
မြန်မာဟာ မြန်မာ ...
မတူဘူး ဆိုပေမယ့်လည်း ....
၂၀၀၈ အခြေ ခံဥပဒေဟာ ....
ထိုင်းရဲ့ လက်ရှိနိုင်ငံရေးပြဿနာမျိုးတွေ မတွေ့အောင် .....
အာမခံပေးနိုင်တယ် ဆိုတာကိုတော့ .....
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ....
လက်ခံကြရမှာပဲ ဖြစ်ပါတယ်....


ဒီမိုကရေစီ စံနှုန်းတွေနဲ့ ....
ပြည်သူတွေ ကို ဒုက္ခတွင်းထဲ ဆွဲမသွင်းကြဖို့လည်း ...
မေတ္တာရပ်ခံလိုပါတယ်။
စံနှုန်းထက် အရေးကြီးတာက .နိုင်ငံနဲ့ ပြည်သူ ဆိုတာကို ....
ထိုင်းစစ်တပ်ဗိုလ်ချုပ်ကြီးပရာယုက သက်သေပြနေပြီ မဟုတ်ပါလား။

The Messenger ဂျာနယ် အတွဲ ၅ ၊ အမှတ် ၁ မှ ကူးယူဖော်ပြသည် ။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်