Subscribe to our RSS Feed

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက မီဒီယာများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ


ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသည် ဒီဇင်ဘာလ ၂၉ ရက်နေ့က အဆိုပါ ကော်မတီရုံးခန်းတွင် မီဒီယာများနှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့သည်။ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ အဓိကတာဝန်မှာ နိုင်ငံတော်အတွင်း ဥပဒေနှင့် ညီညွတ်သော ဖြောင့်မတ်မှန်ကန်ပြီး အဂတိတရား ကင်းစင်သော တရားစီရင်မှု ဖြစ်ထွန်းလာစေရန် ပံ့ပိုးပေးခြင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ကြသည့် ပြည်သူများ၏ ဘ၀လုံခြုံမှုရရှိရန် ဆောင်ရွက်နေသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ လုပ်ငန်းများကို ကူညီပံ့ပိုးပေးရန်ဖြစ်ကြောင်း သိရသည်။ “နိုင်ငံအသီးသီးမှာ ခက်မသုံးဖြာ အချုပ်အခြာအာဏာဆိုတာ ရှိပါတယ်။ ခက်မသုံးဖြာရဲ့ ပထမမဏ္ဍိုင်ကတော့ ဥပဒေပြုရေးပဲ ဖြစ်ပါတယ်။ နိုင်ငံမှာ လက်ရှိ ရှိနေတဲ့ တည်ဆဲဥပဒေတွေကို ပြန်လည်စိစစ်၊ ဆက်လက်ကျင့်သုံးသင့်တဲ့ ဥပဒေတွေကိုဆက်သုံး၊ အချို့ကို ပြင်ဆင်ဖြည့်စွက်၊ ဥပဒေသစ်တွေ ပြဋ္ဌာန်းသည်ဖြင့် ဆောင်ရွက်နေပါပြီ။ ပထမမဏ္ဍိုင်ဖြစ်တဲ့ ဥပဒေပြုရေး လုပ်ငန်းတွေ သက်ဝင်လှုပ်ရှားနေပါပြီ” ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့ပါသည်။ ဒုတိယမဏ္ဍိုင် ဖြစ်သည့် အုပ်ချုပ်ရေး(စီမံခန့်ခွဲရေး)ကို ပြည်ထောင်စု အစိုးရက တာဝန်ယူဆောင်ရွက်နေပြီး ဒီမိုကရေစီနှင့် အံဝင်ခွင်ကျ ဖြစ်စေမည့် အခွန်လျှော့ချခြင်း၊ ပယ်ဖျက်ခြင်း၊ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်နေခြင်းစသည့် အုပ်ချုပ်မှုပုံစံများကို ပြောင်းလဲနေကြောင်း သိရသည်။ “တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ ဒီမိုကရေစီနိုင်ငံသစ်နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှု “အရွေ့” မရွေ့သေးကြောင်း ပြည်တွင်းပြည်ပ မီဒီယာတွေက သုံးသပ်ဝေဖန်ကြပါ တယ်။ တရားရေးမဏ္ဍိုင် ယိမ်းယိုင်စေတဲ့ အကြောင်းတွေကတော့ လွတ်လပ်သော တရားစီရင်ရေးစနစ်မရှိခြင်း(အမိန့်ပေးစနစ် လွှမ်းမိုးနေခြင်း)၊ ထင်သာမြင်သာသော တရားစီရင်မှုမရှိခြင်း၊ အဂတိလိုက်စားခြင်းတို့ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်က ကျယ်ဝန်းပါတယ်။ အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့ တရားရေးမဏ္ဍိုင် ကြံ့ခိုင်ရန် တရားဥပဒေစိုးမိုးဖို့ လိုအပ်ပါတယ်။ တရားဥပဒေကို ညွှန်ကြားချက်က လွှမ်းမိုးထားရင်၊ ညွှန်ကြားချက်ကို နှုတ်မိန့်က လွှမ်းမိုးထားရင် တရားရေးမဏ္ဍိုင် တိမ်းစောင်းယိမ်းယိုင်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဒီလွှမ်းမိုးမှုတွေ မရှိတော့ကြောင်း အတိအလင်း ပြောကြားလိုပါတယ်” ဟု ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါကော်မတီတွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ တစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ နှစ်ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၁ ဦးတို့ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်