Subscribe to our RSS Feed

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် တစ်သိန်း တစ်နှစ်အတွင်း နေရပ်ပြန်ရမည်


From : မော်ဒန်

နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုတွေ အပြီးမှာ တစ်နှစ်တာအတွင်း ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာဒုက္ခသည် ၁၂၀၀၀၀ ခန့် မြန်မာနိုင်ငံကို ပြန်ရဖို့ရှိတယ်လို့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (The Kingdom’s National Security Council) က ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထိုင်းနယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ပြီး စစ်ဘေးကြောင့် ပြေးလာခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ ရှမ်းတိုင်းရင်းသားနဲ့ ကယန်းတိုင်းရင်းသားတွေလည်း နေရပ်ကို ပြန်ရတဲ့ အထဲမှာ ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ဘက်ကနေ မြေမြှုပ်မိုင်းရှင်းလင်းရေး၊ ဒုက္ခသည်တွေကို ထားရှိဖို့ အဆောက်အအုံတွေနဲ့ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို တစ်နှစ်အတွင်းမှာ အဆင်သင့်ဖြစ်ဖို့ စလုပ်နေပါပြီလို့ ထိုင်းအမျိုးသားလုံခြုံရေး ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အပတ်တွင်းက ထိုင်းအမျိုးသားလုံခြုံရေး ကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ Wichean Potephosree နေပြည်တော်ကို လာရောက်ပြီး သမ္မတရုံးက ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက်က ဒုက္ခသည်တွေရဲ့ နေရပ်ပြန်နိုင်ရေးကို အလေးထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းအမျိုးသားလုံခြုံရေး ကောင်စီက ထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၁၃ ရက်နေ့မှာ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က မြန်မာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်က ဆောင်ရွက်တဲ့ ကိစ္စတွေမှာ လိုအပ်ချက်တွေနဲ့ ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေ အတွက် ထောက်ပြပြောဆိုတဲ့ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေညာချက်မှာ ထိုင်းနိုင်ငံအနေနဲ့ အမျိုးသားရေးကို ဦးစားပေးပြီး ဒုက္ခသည်တွေကို နည်းမျိုးစုံနဲ့ နေရပ်ပြန်ပို့ဖို့ ကြိုးစားနေကြောင်း၊ ဒုက္ခသည်တွေ အနေနဲ့ ထိုင်းနိုင်ငံမှာ ခိုလှုံခွင့်တောင်းတဲ့အခါ လက်ခံပေးသင့်ကြောင်း၊ ဘေးကင်းလုံခြုံရေးကို သတိထား သင့်ကြောင်း၊ ထိုင်းနိုင်ငံဘက်က ဒုက္ခသည်တွေကို ပြန်ပို့ဖို့ကိစ္စမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့၊ နေရေးထိုင်ရေး ကိစ္စတွေအတွက် စဉ်းစားပေးဖို့ လိုအပ်ကြောင်းကို ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်နေကြရတဲ့ မြန်မာ ဒုက္ခသည်တွေ အနေနဲ့ အခွင့်အရေး မျှမျှတတမရဘဲ ဒုက္ခသည်စခန်းမှာနဲ့ ဒုက္ခသည်စခန်း အပြင်ဘက်မှာ အလုပ်လုပ်ကိုင်သူတွေဟာ လုံခြုံမှုမရှိဘဲ အချိန်မရွေး ဖမ်းဆီးခံနေရပြီး ပြန်လည်အပို့ခံရတာတွေ ဖြစ်နေတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒုက္ခသည်စောင့်ကြည့်ရေးပရိုဂရမ် ဒါရိုက်တာ Bill Frelick က ပြောပြခဲ့ကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်