Subscribe to our RSS Feed

ယနေ့လူပ်ခတ်ခဲ့သော ငလျင်နောက်ဆက်တွဲသတင်း

From : MRTV4

ငလျင်ကြောင့် အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားပုံ


 ငလျင်ကြောင့်အမရပူရ မြို့မှ ဗူးဘုရား အနည်းငယ်ယိမ်းယိုင်ပျက်ဆီးပုံ


နိုင်ဝင်ဘာလ ၁၁ ရက် - ယနေ့နံနက်တွင်ဖြစ်ပေါ်ခဲ့သောငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ ပျက်စီးမှုအချို့နဲ့ ထိခိုက်သေဆုံးမှုအချို့ရှိခဲ့ကြောင်း သိရှိရပါတယ်။

ငလျင်လှုပ်ရှားမှုကြောင့် စစ်ကိုင်းမြို့တွင် ကောင်းမှုတော်ဘုရား စိန်ဖူးတော်တိုင်အနည်းငယ်တိမ်းစောင်းသွားခြင်း၊ ဆင်များရှင်ဘုရားထီးတော်ထိပ်မှ ဖန်သီးအချို့ပြုတ်ကျခြင်း၊ မဟာစေတီဘုရားတွင် ဘုရား၏လုံးပတ်နေရာအချို့ အနည်းငယ်ကွဲအက်ခြင်း၊ လေးကျွန်းမာန်အောင်ချမ်းသာကြီးဘုရား စိန်ဖူးတော်ပြုတ်ကျခြင်း၊ ထူပါရုံဘုရား သပိတ်မှောက်အောက်ပတ်လည်တွင် အက်ကြောင်းအချို့ဖြစ်ပေါ်ခြင်း၊ ရတပုံတံတားထိပ်ရှိမုခ်ဦးအနည်းငယ် ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း၊

ရွှေဘိုမြို့တွင် မြို့ထောင့်စေတီဘုရား၏ ထီးတော်ယိုင်လဲခြင်း၊ လမ်းလယ်ဘုရားဓမ္မာရုံ၏ ကစွန်ပြိုကျခြင်း၊ အရှေ့လောကမာရဇိန်ဘုရားမုခ်ဦးပြိုကျခြင်း၊ အမှတ် ၉ ကျားကျောင်း ဘုန်းကြီးကျောင်း အုတ်တံတိုင်းဘေးခန်း ပြိုကျခြင်း၊ မင်းတုန်းကျေးရွာ ဘုန်းကြီးကျောင်း မုခ်ဦး ပြိုကျခြင်း၊ အမှတ် ၁ ရပ်ကွက်ရှိ ဆန်စက်တစ်ခု၏ ခေါင်းတိုင်ထိပ်ပိုင်း ၆ ပေခန့်ပြိုကျခြင်းနှင့် ဘေးဆိုင်ခန်းတစ်ခု၏ အပေါ်ထပ် အုတ်နံရံပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း၊

ကျောက်မြောင်းမြို့တွင် အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်မှ အုတ်တံတိုင်း ၃ ခန်းပြိုကျခဲ့ရမှာမှ အမျိုးသမီးတစ်ဦး အုတ်တံတိုင်းပိသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊

တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ဃ၏ RP-1 နှင့် RP-2 ကြား၊ RP-2 နှင့် RP-3 ကြား တံတားအခန်း ၂ ခန်းမှ တပ်ဆင်ဆဲ သံဘောင်များ၊ သံဘောင်ပေါ်ရှိ အီရက်ရှင် တာဝါနဲ့ အီရက်ရှင်ကရိန်းတို့ပြုတ်ကျသွားပြီး တံတားအောက်ရှိရေယာဉ်များပေါ်ပြုတ်ကျသဖြင့် Barge တစ်စင်းနဲ့ Z-craft တစ်စီး နှစ်မြှုပ်ကာ တစ်ဦးသေဆုံး၊ ၄ ဦး ပျောက်ဆုံး၍ ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊

ခင်ဦးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ အရှေ့ဘက် အုတ်တံတိုင်း ၁၀ ခန်းပြိုကျခြင်း၊ ကဘွတ်ကျေးရွာဘုန်းကြီးကျောင်းနဲ့ ၂ ထပ် ဘုန်းတော်ကြီးသင်စာသင်ကျောင်းပြိုကျခဲ့ပြီး သံဃာ ၁ ပါး ဒဏ်ရာရရှိခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း၊

မန္တလေးမြို့တွင် လေးမျက်နှာဘုရား၊ အရိပ်မထွက်ဘုရား၊ စန္ဒာမုနိဘုရားတို့မှ စိန်ဖူးတော်များမြေခခဲ့ကြောင်း၊

အမရပူရမြို့နယ်တွင် ပုထိုးတော်ကြီးစေတီ၏ စိန်ဖူးတော် မြေခခဲ့ပြီး စွယ်တော်မြတ်စေတီ မန္တလေး၏ စိန်ဖူးတော် အလယ်ပစ္စယံတို့ ပြုတ်ကျခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း၊

စဥ့်ကူးမြို့တွင် ရွှေဂူကြီးဘုရားမုခ်ဦးတစ်ခြမ်းပြိုကျခြင်း၊ ရွှေဂူကြီး မူလတန်းကျောင်းရှိ ကျောင်းဆောင်တစ်ဆောင်နဲ့ အုတ်တံတိုင်း ပေ ၃၀၀ ခန့်ပြိုကျခြင်း၊ ရွှေယက်တောင်ဘုရား၏ တံခွန်တိုင်နဲ့မုခ်ဦးပြိုကျခြင်း၊ တောရကျောင်းတိုက် အုတ်တံတိုင်း ၅ ခန်း ပြိုကျခြင်း၊ ပရိယတ္တိသတ္တမ၀ံသနန္ဒာကျောင်းတိုက် အုတ်တံတိုင်း ပေ ၆၀၀ ခန့်ပြိုကျခြင်း၊ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ် ၂ လုံးပြိုကျပြီး ၄င်းအိမ်နေ လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခြင်း၊ နွယ်ရုံရဲကင်း၏ မျက်နှာကျက်ပြိုကျခြင်း၊ နွယ်ရုံရွာရှိ တို့ညီနောင်စားသောက်ဆိုင်၏ အုတ်နံရံပြိုကျရာမှ အမျိုးသား ၁ ဦး သေဆုံးခဲ့ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း၊

ကျောက်ဆည်မြို့တွင် ဘနွဲ့ရွာ ဝေဇယန္တာကျောင်းတိုက်ရှိ အောင်တော်မူဘုရားစိန်ဖူးတော်မြေခခဲ့ကြောင်း၊

သပိတ်ကျင်းမြို့တွင် သပိတ်ကျင်းရဲစခန်းမှ အဆောက်အဦးတစ်ခု၏ အုတ်နံရံပြိုကျခဲ့ခြင်း၊ ကြာညှပ်ရဲစခန်းရိပ်သာနဲ့ စခန်းရုံးနံရံပြိုကျခြင်းနှင့် ၀န်ထမ်းနေအိမ်တစ်လုံး၏ နံရံပြိုကျခဲ့ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ကနဦးသတင်းရရှိပါတယ်။

အဆိုပါငလျင်ဘေးဒဏ်သင့်ဒေသများတွင် အပျက်အစီးနှင့်ဆုံးရှုံးမှုအခြေအနေကို ဒေသအာဏာပိုင်များက စာရင်းကောက်ယူလျက်ရှိကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်