Subscribe to our RSS Feed

ပြည်ပရောက် လူမှုရေး/နိုင်ငံရေး အဖွဲ့အစည်းများစွာနှင့် တွေ့ခဲ့သည့် ဝန်ကြီးဦးအောင်မင်း၏ထိုင်းခရီးစဉ်

From :  Myit Makha Mediagroup
 ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်း နှင့်အဖွဲ့သည်   မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ၏ အခွင့်အရေးနှင့် ပတ်သက်၍  အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး FED အဖွဲ့အနေဖြင့်လည်း ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်နယ်တစ်ခုစီတိုင်းအတွက် အလုပ်သမားရုံးများ ထားသင့်သည်ဟု နိုဝင်ဘာလ (၁၁) ရက်နေ့က ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံမှာ အလုပ်သမားအရေး ဆောင်ရွက်ဖို့ ဆိုပြီးတော့ အလုပ်သမားအရာရှိ တစ်ယောက်ပဲ ထားထားတာ ဒီမှာ ရှိတာက သန်းပေါင်းများစွာ ရှိနေတယ်။ တစ်ယောက်ထဲနဲ့တော့ အဆင်မပြေဘူးဆို တဲ့အကြောင်း ဖြစ်နိုင်လို့ရှိရင် ရွှေ့ ပြောင်း အလုပ်သမားအတွက် ဆောင်ရွက်တဲ့ ရုံးတွေ ပြည်နယ်တစ်ခုမှာ တစ်ရုံးထားသင့်တယ်ဆိုတာမျိုးတွေ ဆွေးနွေး တာပါ။ ဟု ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် FED အဖွဲ့မှ  ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
ဝန်ကြီးဦးအောင်မင်းကလဲ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပညာရေး၊ ကျန်းမာရေး စသည့် ဝန်ကြီးဌာနများသို့ တင်ပြ၍ ပူးပေါင်းလုပ်ဆောင်သွားနိုင်အောင် တင်ပြပေးသွားမည်ဟု ပြောဆိုသွားကြောင်း သိရသည်။
ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးနှင့် ပတ်သက်လို့ရှိရင် ထိုင်းအစိုးရကိုလည်း အစိုးရခြင်း တိတိကျကျ   ပြောဆိုဖို့ရယ် နောက်တစ်ခုက အခု အစိုးရချင်း လုပ်နေတဲ့ MOU အဲ့ဟာတွေက ကျွန်တော်တို့ တော်တော်အခက်အခဲတွေနဲ့ လက်ရှိရင်ဆိုင်နေရတယ်။ MOU နဲ့ ပို့နေတဲ့ အလုပ်သမား မြန်မာနိုင်ငံထဲက အေဂျင်စီတွေ ကို သေချာလေးကို စာရင်းဇယားပြန် စိစစ်ပေါ့။ ပြီးတော့ ကျွန်တော်တို့ကတော့ အစိုးရနဲ့ ဒီထက် စနစ်ကျတဲ့ ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ဟာမျိုးပေါ့။ ဟု FED အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ်က ၎င်းတို့၏ ကမ်းလှမ်းချက်များကို  ပြောပြသည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီအဖွဲ့မှ ဒုဥက္ကဌ အေဘယ်တွီ ဦးဆောင်သည့်အဖွဲ့နှင့်  အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သဘောတူညီချက်(၁၄) ချက်ကို ပြန်လည်လေ့လာဆန်းစစ်ခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ  DPNS ဥက္ကဌ ဦးအောင်မိုးဇော် ခေါင်းဆောင်သည့် အဖွဲ့ဝင် (၆) ဦးနှင့်လည်း   တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်လွှတ်၍ လေ့လာရေးခရီးစဉ်အဖြစ် တရားဝင်သွားလိုကြောင်း ဆွေးနွေးခဲ့ရာ သဘောတူညီမှုရရှိခဲ့ကြောင်းကိုလည်း သိရသည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF မှ  ဥက္ကဌ မိုင်အိုက်ဖုန်း ဦးဆောင်သည့်အဖွဲ့နှင့်လည်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရာတွင်လည်း  ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အနေနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ကမ်းလှမ်းခဲ့သည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၉) ရက်တွင် ABSDF ဥက္ကဌ ရဲဘော် သံခဲ ဦးဆောင်သည့် အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီ၊ ရဲဘော် ဆလိုင်းရောအောင်၊ ရဲဘော် မြင့်ဦး၊ ရဲဘော် ကျော်ကိုကို၊ ရဲဘော်ကျော်ကျော်လင်းတို့အဖွဲ့နှင့် ဦးအောင်မင်းနှင့် အချက်(၃) ချက်ကို အဓိကထား ဆွေးနွေးခဲ့သည်ဟု ဥက္ကဌ ရဲဘော်သံခဲ က ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားမယ်၊ နှစ်က တော့ အင်အားစုအားလုံးပါဝင်တဲ့ အမျိုးသားနိုင်ငံရေး နွေးထွေးအေးဆေး ဆွေးနွေးပွဲကြီးတွေ ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့တစ်တွေအနေနဲ့ ဒါ ကျနော်တို့ တိုက်တွန်းတယ်၊ သုံး ကတော့ ဒီမိုကရေစီအရေး လူ့အခွင့်အရေး တန်းတူရေးနဲ့ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုပေါ်ပေါက်ရေး အပါ အ၀င်ပေါ့ဗျာ ။ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွန်းရေးဆိုတဲ့  ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးပွဲ ကိုလာခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ တင်ပြခဲ့ပါတယ်။ ဟု ရဲဘော်သံခဲက ပြောသည်။
အလားတူ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သည့် အဖွဲ့နှင့် ပြည်နယ်အတွင်း   ဖြစ်ပျက်နေသည့်ပြဿနာများတွင် ALP ပါဝင်ပတ်သက်နေ သည်ဆိုသည့် စွပ်စွဲချက်နှင့်ပတ်သက်၍ လုံးဝမပတ်သက် ကြောင်းကို အဓိကထားပြောဆိုဖြစ်ကြောင်း ALP အတွင်းရေးမှူး ဦးခိုင်သုခက ဆိုသည်။
အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) WLB အဖွဲ့က အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညို ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ယောက်ကလည်း အမျိုးသမီးအဖွဲ့ဝင်များအနေဖြင့်လည်း  မြန်မာနိုင်ငံအတွင်း သွားရောက်လေ့လာရေး ခရီးစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီအဖွဲ့(UNFC)က ဒုဥက္ကဌ (၁)အေဘယ်တွီ ဦးဆောင်သည့် အဖွဲ့ဝင် (၉)ဦးနှင့် ၀န်ကြီး ဦးအောင်မင်း က ညစာစားရင်း အချိန်ယူ ဆွေးနွေးပြီးနောက် နိုင်ငံရေးပြဿနာများအား    နိုင်ငံရေးနည်းအရ ဆွေးနွေးဖို့သဘောတူညီခဲ့ကြောင်းကိုလည်း UNFC တွဲဖက်အတွင်းရေးမှူး ဦးခွန်ဥက္ကာ ထံက သိရှိရသည်။
Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်