Subscribe to our RSS Feed

ငြိမ်းချမ်းရေးဆွေးနွေးနေသော အဖွဲ့များနှင့် ဒီဇင်ဘာနောက်ဆုံးထားပြီး နိုင်ငံရေးအရဆွေးနွေးမည်

From : Ayeyar Kachin

ငြိမ်းချမ်းရေးဆွေးနွေးနေသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုအား ဒီဇင်ဘာလ နောက်ဆုံးထားပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။

“တိုင်းရင်းသားတွေနဲ့ သဘောတူညီချက်တွေ လုပ်တဲ့အခါမှာ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲတွေ မဖြစ်မနေလုပ်မယ်လို့ ပြောပြီးသားဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ Peace Centre တွင် နိုဝင်ဘာ ၃ ရက်က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ အသိပေး ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

“အကယ်၍ အဲဒီအချိန်မှာ ကချင်အဖွဲ့တွေက အပစ်အခတ်ရပ်စဲရေး မလုပ်ရသေးသည့်တိုင်အောင် နိုင်ငံရေးဆွေးနွေးပွဲကို တက်လို့ရတယ်”ဟု ၀န်ကြီးဦးအောင်မင်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ စတုတ္ထပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကေအိုင်အို၊ ကေအိုင်အေဘက်က တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုကို အစိုးရဘက်က သဘောတူညီခဲ့သည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းသည် တိုင်းရင်းသားလူမျိုးစုများ အဓိကထား တောင်းဆိုနေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှ အခွင့်အရေးရရှိရေးကို ဆွေးနွေးညှိနှိုင်းခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကပြောသည်။

ထာဝရငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပထမအဆင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရန် ပြန်လည်ထူထောင်ရေး၊ နောက်ဆုံးအဆင့်တွင် လွှတ်တော်တွင်း၌ နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်သွားရန်တို့ကို နိုင်ငံတော်သမ္မတက မူဝါဒသုံးရပ် ချမှတ်ထားခဲ့သည်။





 Myanmar Express 

1 comments:

ကချင်မတွေကတော့ sexy တွေပဲ...ဟေ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်