From : သမ္မတရုံး
Myanmar Express
နေပြည်တော် နိုဝင်ဘာ ၂ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ မွန်းလွဲပိုင်း (၁)နာရီ (၄ဝ)
မိနစ်တွင် Peace Palace ပထမထပ် CM Meeting Room ၌ ကျင်းပသည့်
(၇)ကြိမ်မြောက် အရှေ့အာရှထိပ်သီး မျက်နှာစုံညီအစည်းအဝေးနှင့်
(၇)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး သီးသန့်အစည်းအဝေးများသို့ တက်ရောက်သည်။
ရှေးဦးစွာ အရှေ့အာရှထိပ်သီး အစည်းအဝေးကို ကျင်းပရာ
နိုင်ငံတော်သမ္မတဦးသိန်းစိန် အပါအဝင်နှင့် အာဆီယံနိုင်ငံများမှ
ခေါင်းဆောင်များ၊ တရုတ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်၊ သြစတြေးလျနိုင်ငံ၊
နယူးဇီလန်နိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံနှင့် အမေရိကန်တို့မှ နိုင်ငံ့အကြီးအကဲ
အစိုးရအဖွဲ့ အကြီးအကဲများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ နိုင်ငံခြားရေး
ဝန်ကြီးနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့်
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးတို့ကို
အထူးဧည့်သည်များအဖြစ် ဖိတ်ကြားခဲ့ပြီး၊ ၎င်းတို့ နှစ်ဦးက ဒေသဆိုင်ရာ
ငွေကြေးကိစ္စများနှင့် ငွေကြေးပေါင်းစည်းရေးကိစ္စများကို ရှင်းလင်း
ပြောကြားသည်။
အစည်းအဝေးတွင် အရှေ့အာရှထိပ်သီး အစည်းအဝေး
အဖွဲ့ဝင်နိုင်ငံများက လက်ရှိ အကောင်အထည်ဖော်လျက်ရှိသည့်
ဦးစားပေးကဏ္ဍ(၆)ရပ်ဖြစ်သည့် ငွေကြေး၊ စွမ်းအင်၊ ပတ်ဝန်းကျင်၊ ပညာရေး၊
သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးနှင့်ပေါင်းစည်းဆက်သွယ်ရေး အစီအစဉ်များကို
တိုးမြှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
အရှေ့အာရှထိပ်သီးအစည်းအဝေး၏ ဖနောင်ပင်ဖွံ့ဖြိုးရေး
ကနဦးအစီအစဉ် (The Phnom Penh Declaration on East Asia Summit (EAS)
Development Miliative ) နှင့် သတ္တမအကြိမ်မြောက် အရှေ့အာရှ
ထိပ်သီးအစည်းအဝေး၏ ဆေးယဉ်ပါးသော ငှက်ဖျားတိုက်ဖျက်ရေး ဆေးဝါးများနှင့်
ငှက်ဖျားရောဂါ ထိန်းချုပ်ရေး၊ ဒေသဆိုင်ရာ အရေးယူဆောင်ရွက်ခြင်း ကြေညာချက်
The Declaration of 7th East Asia Summit on Regional Response to
malarial Control and addressing Resistance to Quantimalarial Medicines)
တို့ကို အတည်ပြုခဲ့ကြသည်။
မျက်နှာစုံညီ အစည်းအဝေးအပြီးတွင် (၇) ကြိမ်မြောက်
အရှေ့အာရှထိပ်သီး သီးသန့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က မြန်မာနိုင်ငံ အနေဖြင့် အရှေ့အာရှထိပ်သီးအစည်းအဝေး၏
ဦးစားပေးကဏ္ဍများ၊ အထူးသဖြင့် ပညာရေး၊ စွမ်းအင်နှင့် သဘာဝ ဘေးအန္တရာယ်
ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများတွင် အဖွဲ့ဝင်များနှင့် ပူးပေါင်း
ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များသည်
ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ အပေါ်ညှိနှိုင်းဆွေးနွေး၍
အမြင်ချင်းဖလှယ်ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
ညနေပိုင်းတွင် Peace Palace တတိယထပ် Nuon Srey Hall ၌ ကျင်းပသည့်
ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက် ပါဝင်မှု စေ့စပ်ဆွေးနွေးမှုအား
တရားဝင်စတင်ခြင်း (The Regional Comprehensive Economic Partnership
Negotiation- RCEP) အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲ
များနှင့်အတူ တက်ရောက်သည်။
ရှေးဦးစွာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် က မိန့်ခွန်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ
စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်