From : မြစ်မခ
လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်းရှိ သီးခြားကျေးရွာ (၁၄)ရွာသို့လျှပ်စစ် ဓါတ်အားဖြန့်ဖြူးပေးထားပြီး ၊လာမည့် ၂၀၁၂ -၂၀၁၂ဘဏ္ဍာနှစ်အတွင်း၌ ကျေးရွာ(၆)ရွာသို့ လျှပ်စစ်ဓါတ်အား ထပ်မံဖြန့်ဖြူးပေးရန် ရည်ရွယ် ထားကြောင်း ကျောက်မဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။ ကျောက်မဲမြို့နှင့်အနီးတစ်ဝိုက်ကျေးရွာအများစုမှာ လျှပ်စစ်ဓါတ်အားလိုင်း များရောက်ရှိနေပြီဖြစ်သော်လည်း အချို့ကျေးရွာများများမှာ ယခုအချိန်ထိ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ခြင်း မရှိပေ။ “မြို့နဲ့အနီးဆုံးကျေးရွာတွေကိုတော့ ဓါတ်အားလိုင်းတွေ ရောက်နေပါပြီ၊ တစ်ချို့ကျေးရွာတွေက ကိုယ်ထူကိုယ်ထဓါတ်အားလိုင်းဆွဲဖို့ ကျေးရွာ မီးလင်းရေးအဖွဲ့တွေကနေ စီစဉ်တာမျိုးရှိတယ်၊ အဲ့လိုရွာတွေကျတော့ ရွာရဲ့ ရန်ပုံငွေအရ မလုံလောက်လို့ မလုပ်ဖြစ်သေးတာ”ဟု ကျောက်မဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ (AE) အဆင့်ရှိ ဦးဆန်းဦးမှ ပြောသည်။ ကျေးရွာများတွင်လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများ သုံးစွဲမှု တိုးပွားလာပြီး လျှပ်စစ်ဓါတ်အားမှာ ကျေးရွာတိုင်းသို့မရောက်ရှိသေးသောကြောင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာများကိုအစားထိုးသုံးစွဲလာကြခြင်းဖြစ်သည်ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များက သုံးသပ်သည်။ ကျောက်မဲမြို့နယ်အတွင်းရှိ လျှပ်စစ်ဓါတ်အား မရရှိသေးသောကျေးရွာများ၌ လျှပ်စစ်မီးလိုအပ်ချက်ကြောင့် နေရောင်ခြည်စွမ်းအင် သုံးဆိုလာပြားများ အသုံးပြုမှုတွင်ကျယ်လာပြီး လျှပ်စစ်ပစ္စည်းအသေးစားများအထိပါ ဆိုလာနှင့် တွဲဖက်သုံးစွဲမှုများလာကြောင်း ဒေသခံများထံက သိရသည်။ “ရွာတွေက လာဝယ်ရင် ဓါတ်မီးဆိုရင်တောင် အားသွင်းတဲ့ ဓါတ်မီးပဲ သုံးတော့တာ၊ တီဗွီ (TV) တွေ အောက် စက်( DVD/CD )တွေ အားသွင်းပြီး အသုံးပြုတဲ့ ဆောင်းဘောက်စ်တွေ အသုံးပြုမှုများလာတယ်၊ လျှပ်စစ် ဓါတ်အားက ရွာတိုင်းမရောက်သေးတော့ ဆိုလာတွေနဲ့တွဲပြီး သုံးလာကြ တယ်”ဟု ကျောက်မဲမြို့လျှပ်စစ်နှင့်ဆက်စပ် ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ရှင် ဦးသန်းအေးက ပြောသည်။ နေရောင်ခြည်စွမ်းအင်သုံးဆိုလာများတွင် (၆၀)၀ပ်နှင့် (၄၀)၀ပ်ဓါတ်အား ထုတ်ယူနိုင်သော ဆိုလာများကို ကျေးရွာများမှ အများဆုံးဝယ်ယူအသုံးပြု ကြပြီး ယခုနှစ်အတွင်း ကျေးရွာများတွင် လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းအသုံးပြု မှု ပိုမိုများပြားလျှက်ရှိသည်။ လက်ရှိတွင်ကျောက်မဲမြို့နယ်အတွင်း အိမ်သုံးမီတာအလုံးပေါင်း (၈၀၀၀) ရှစ်ထောင်ကျော်တပ်ဆင်အသုံးပြု နေပြီး လျှပ်စစ်ဓါတ်အားလုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် မီတာ အလုံး (၂၀၀ )ခန့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ထပ်မံ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်