From :မြဝတီ
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ပြီးခဲ့သည့် လက မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးကျည် လွှတ်တင်မှုနှင့် စပ်လျဉ်း၍ ယင်းနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ် တစ်ရပ်ကို ဇန်နဝါရီ ၂၂ ရက်က ချမှတ်ခဲ့ပြီး နျူကလီးယား စမ်းသပ် ပစ်ခတ်မှုများ ထပ်မံ ပြုလုပ် ခဲ့ပါက ထိရောက်သော အရေးယူ ပိတ်ဆို့မှုများ ပြုလုပ် သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။
ထပ်မံ ဖြည့်စွက်ခဲ့သည့် ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှု များတွင် ဘဏ်၊ ကုန်သွယ်ရေး ကုမ္ပဏီ လေးခု၊ ပုဂ္ဂလိက လေးခုနှင့် နိုင်ငံ၏ အာကာသ အေဂျင်စီတို့ ပါဝင်ပြီး အဆိုပါ အရေးယူ ပိတ်ဆို့မှု များကို မြောက်ကိုရီးယား နိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့ ပြီးနောက် နျူကလီးယား စမ်းသပ်မှုများ ထပ်မံ ပြုလုပ် သွားမည်ဟု အရိပ်အမြွက် ပြောကြား ခဲ့ကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စုက အဆိုပြု ထားပြီး လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက၊ တညီတညွတ် တည်း သဘောတူ ထားသည့် အဆိုပါ ဆုံးဖြတ်ချက် မူကြမ်းတွင် မြောက်ကိုရီးယား နိုင်ငံက ဒီဇင်ဘာ ၁၂ ရက်တွင် ပစ်လွှတ်ခဲ့သော ဒုံးကျည် လွှတ်တင်မှုသည် တိုက်ချင်းပစ် ဒုံးကျည် နည်းပညာ စမ်းသပ်မှု တစ်ရပ် ဖြစ်သည်ဟု ဖော်ပြ ထားသည်။
သို့သော် အဆိုပါ လွှတ်တင်မှုသည် အာကာသ အတွင်းသို့ ဂြိုဟ်တု လွှတ်တင်မှု တစ်ရပ်သာ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြောကြား ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက် မူကြမ်းကို မဲပေးရန် အတွက် လုံခြုံရေး ကောင်စီသို့ မတင်သွင်းမီ နိုင်ငံ တကာမှ တုံ့ပြန်မှု များနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နိုင်ငံတို့သည် ထိပ်တန်းအဆင့် ဆွေးနွေးမှု များကို ရက်သတ္တပတ် များစွာ ကျင်းပခဲ့ကြောင်း သိရသည်။ တရုတ် နိုင်ငံက ၎င်း၏ မဟာမိတ် နိုင်ငံဖြစ်သော မြောက်ကိုရီးယား နိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှု များကို ကာကွယ်ပေးရန် ကြိုးပမ်း နေစဉ် အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယား နိုင်ငံ အပေါ် ပြင်းထန်သော အရေးယူ မှုများ ချမှတ် ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
တိုက်ချင်းပစ် ဒုံးကျည် အစီအစဉ်နှင့် ဆက်စပ်မှု ရှိသည့် လုပ်ဆောင်မှုများ၊ ဒုံးကျည် လွှတ်တင်မှု ဆိုင်ရာ အစီ အစဉ်များ ရပ်ဆိုင်းရန်၊ နျူကလီးယား အစီအစဉ်နှင့် နျူကလီးယား လက်နက်များ အားလုံးကို စွန့်လွှတ် ရန် လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား နိုင်ငံအပေါ် တောင်းဆိုခဲ့ကြောင်း သိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်