From :
..the voice
..
www.MyanmarExpress.net
RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း
ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး အင်အားစုများအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒနှစ်ခု ပေါ်ထွက်လာခဲ့ သည့်အတွက် မည်သည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပိုမိုထိရောက်ပြီး မည်သည်က နောက်ကြောင်း ပြန်လှည့်နိုင်ခြေ ရှိသည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။
Voice ။ ။ ပထမဆုံး မေးခွန်းအနေနဲ့ ဒီလပိုင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ပြန်ရေးဆိုတဲ့ မူဝါဒ ကွဲနှစ်ခု ပေါ်လာတယ်။ အဲတော့ ဆရာတို့ ပါတီက ဘယ်လမ်းကြောင်းနဲ့ သွားချင်တယ်ဆိုတာ အရင်ဆုံး ပြောပြပေးပါ။
UUHS ။ ။ ကျွန်တော်တို့ ရခိုင်ပါတီ အပါအဝင် ကျားဖြူရယ်၊ ဆရာ ဦးဇိုဇမ်တို့ ပါတီရယ်၊ ဖလုံစဝေါ်ရယ်၊ မွန်ပါတီပေါ့လေ။ အဲဒီပါတီတွေ ဖွဲ့ထားတဲ့ National Brotherhood Forum ဆိုတာရှိတယ်။ အဲဒါကို National Brotherhood Federation ဆိုပြီး ပြောင်းလိုက်တယ်။ အဲဒီအဖွဲ့အစည်းရဲ့မူက ဖွဲ့စည်းပုံ ပြင်ဆင်ရေးပဲ။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကျွန်တော်တို့ နေပြည်တော်မှာ Workshop တွေလုပ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြင်ဆင်ရေးပဲ။
Voice ။ ။ ခုဖြစ်နေတာက တချို့က ပြင်မယ်၊ တချို့က အသစ်ပြန်ရေးမယ် ဆိုပြီး ပြောကြတယ်။ အဲဒီနှစ်ခုမှာ ဘာက ဒီမိုကရေစီ ကူးပြောင်းမှုအပေါ် ဆိုးကျိုးသက်ရောက်မှု ဖြစ်သွားနိုင်မလဲ။ အသစ်ပြန်ရေးမယ်ဆို တပ်ကအာဏာ ပြန်သိမ်းနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ် လို့လည်း ပြောနေကြပါတယ်။ အဲဒီအပေါ် ဘယ်လိုအမြင်ရှိပါလဲ။
UUHS ။ ။ အရင်ကတော့ အသစ်ပြင်ရေးမယ် ဆိုတဲ့ အယူအဆကို မကြားဘူး။ ခုတစ်လနှစ်လ အတွင်းမှာ အဲဒါကို စကြားလာရတယ်။ သူတို့မှာ ပြောခွင့်ရှိပါတယ်။ ပြင်ရေးခွင့်လည်း ရှိတယ်။ ပြင်ရေးမယ်ဆို လောလောဆယ် ၂၀၀၈ အောက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ပေါ်လာတယ်။ Free and Fair ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘယ်လိုပဲ ကြံ့ခိုင်ရေးက ညစ်ခဲ့တယ် ဆိုပါစေ၊ မြန်မာပြည်မှာ လွှတ်တော်တစ်ခု ပေါ်လာတယ်။ လွှတ်တော် အဆင့်ဆင့် ပေါ်လာတယ်။ နောက်အစိုးရတစ်ခု ပေါ်လာတယ်။ အဲဒီ ပေါ်လာတာဟာ ၂၀၀၈ ကြောင့် ပေါ်လာတာပဲ။ အသစ်ပြန်ရေးမယ်ဆိုရင် အသစ်ပြန်ရေးမယ့် သူတွေက အခုမြန်မာပြည်မှာ ရှိနေတဲ့ လွှတ်တော်တွေ၊ အစိုးရတွေကို ဘယ်လို သဘောထားမလဲ။ အဲဒီပြဿနာ ရှိတယ်။ နောက်တစ်ခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာဟာ တပ်မတော်က သူ့ Interest အတွက် လုပ်တဲ့အပိုင်းတွေ အများကြီးပါတယ်။ တပ်မတော်ရဲ့ သြဇာတွေ အများကြီး ကြီးတယ်။ ခုစဉ်းစားနေတာက ဒီ Process မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့။ Military နဲ့ Civil Relations ကို တဖြည်းဖြည်း ညှိယူဖို့ဆိုတဲ့ အနေအထားတစ်ခု။ ဒါပေမဲ့ အသစ်ပြန်ရေးမယ် ဆိုတဲ့ သဘောထားဟာ အဲ့ဒီ Process ရဲ့ အပြင်ကို ရောက်သွားတယ်။ ဆိုလိုတာက တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ Neglect လုပ်တဲ့ သဘောမျိုး ရောက်သွားတယ်။ ဒါအဓိပ္ပာယ် အမျိုးမျိုး ဖွင့်လို့ရတယ်။ စိတ်ဆန္ဒစွဲနဲ့ ပြောလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် Intentionally တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ မြန်မာပြည်ထဲက ပစ်ပလိုက်ဖို့ဆိုတဲ့ အယူအဆမျိုးလည်း တပ်မတော်က တွေးကောင်း တွေးနိုင်တယ်။ အဲဒီလို တွေးတယ်ဆိုရင် Very Risky ပဲ။ ဒါ Challenge ပဲ။
ရှေ့ကို နည်းနည်း ပြန်ပြောရရင် အရင်တုန်းက မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို လုံးဝအမြစ်ဖြုတ်ဖို့ ဆိုရင် နိုင်ငံရေးပါတီတွေက ဒီမိုကရေစီ တိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲကို ပေါင်းစပ်ပြီးတော့ လုံးဝစစ်အစိုးရကို အပြတ်ဖြုတ်ပြီး ဒီမိုကရေစီ လမ်းစဉ်ကို ချီတက်မယ်ဆိုတဲ့ အယူအဆမျိုးတွေ Radical (အစွန်းရောက်) အယူအဆတွေ ပေါ့လေ။ အဲဒါတွေဟာ ရှိခဲ့တယ်။ မအောင်မြင်ဘူး။ လုံးဝမအောင်မြင်ဘူး။ ဒါပေမဲ့ အဲဒီလို အယူအဆမျိုးဟာ တချို့ Elements (လူစု) တွေထဲမှာ ရှိကောင်းလည်း ရှိနိုင်တယ်။ ဒီတော့ စစ်တပ်ရဲ့ သြဇာတစ်စုံတစ်ရာ ရှိနေတဲ့ စစ်တပ်ရဲ့အကျိုးစီးပွားကို ဖန်တီးပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်လိုက်မယ်ဆိုရင် Regime Change (စနစ်/အစိုးရပြောင်း) ဆိုတဲ့ အဓိပ္ပာယ် ထွက်သွားနိုင်တယ်။ အဲဒါမျိုး အဓိပ္ပာယ် စစ်တပ်က အကောက်လွဲမယ်ဆိုရင် ကျွန်တော်တို့ အခုရှိနေတဲ့ တစ်စုံတစ်ရာ မကြိုက်ပေမယ့် နည်းနည်းလေး Liberalized (ဖြေလျှော့ပေး) ဖြစ်နေတဲ့ process (ဖြစ်စဉ်) ဟာ အန္တရာယ် ရှိတယ်။ မြန်မာပြည်ရဲ့ အခုသွားနေတဲ့ လမ်းကြောင်းဟာ တချို့ကတော့ Democratic Transition လို့ပြောတယ်။ ကျွန်တော်တို့တော့ မယူဆသေးဘူး။ ဒါ Liberalization အဆင့်ပဲ ရှိသေးတယ်။ ဒီမိုကရေစီဆိုတာ အဝေးကြီးပါ။ Liberalization မှာ ဂျာနယ်တွေ တစ်စုံတစ်ရာ လွတ်လပ်လာတယ်။ မီဒီယာ လွတ်လပ်ခွင့် ရှိလာတယ်လို့ ပြောလို့ရတယ်။ လယ်ယာမြေ ပြဿနာတွေ တိုင်းရင်းသားပါတီတွေနဲ့ သူတို့ရဲ့ Rights တွေကို တောင်းခွင့် ရှိလာတယ်။ ဒါအစပဲ ဘာမှတော့ မရသေးဘူး။ အဲဒီ အစကလေးကာလမှာ ဒီဖွဲ့စည်းပုံရဲ့ အပြင်ဘက်ကို ရောက်နေတဲ့ အယူအဆတွေ နဲ့ တင်လာတယ် ဆိုတာဟာ ကျွန်တော်တို့ အနေနဲ့တော့ လက်တွေ့မကျဘူးလို့ ထင်တယ်။
Voice ။ ။ အဲဒါဆို ဘာအန္တရာယ်တွေ ရှိလာနိုင်လဲ။
UUHS ။ ။ တပ်က အကောက်လွဲ သွားနိုင်တာပေါ့။ သူတို့ရဲ့အကျိုးစီးပွားကို ခြိမ်းခြောက်တယ်လို့ ထင်သွားနိုင်တယ်။ ခုသွားနေတဲ့ ဖြစ်စဉ် တစ်ခုလုံးဟာ စစ်တပ်က နည်းနည်းလေး Liberalized လုပ်လာတယ်ပေါ့။ နည်းနည်းလေး ဆုတ်လာတယ်။ အများကြီး ဆုတ်တာ မဟုတ်ဘူး။ နည်းနည်း နည်းနည်း ဖြည်းဖြည်းချင်း ဆုတ်နေတာ။ ကိုယ့်ရဲ့အကျိုးစီးပွားကို Maintain (ထိန်းသိမ်း) လုပ်ရင်း နည်းနည်း နည်းနည်း ဆုတ်နေတာ။ သူတို့မှာ ကိုယ့်ရဲ့အကျိုး စီးပွားကို ထိန်းတာလည်းပါမယ်။ နောက် စိုးရိမ်စိတ်တွေလည်း ရှိမယ်။ စိုးရိမ်စိတ်တွေ အမျိုးမျိုး ရှိမှာပေါ့လေ။ အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့ သွားနေတဲ့ ကိစ္စပါ။ ဒီ Process မှာ စစ်တပ်က နောက်ကို နည်းနည်းဆုတ်တယ်။ ကျွန်တော်တို့ ဒီမိုကရေစီ ပါတီတွေက ရှေ့ကို နည်းနည်း တိုးခွင့်ရလာတယ်။ အဲဒီ Process သွားနေတယ်။ စစ်တပ်က နောက်ကို နည်းနည်းဆုတ်ရင် စစ်တပ်ရဲ့ ဂုဏ်သိက္ခာက ပိုပိုတက်လာတယ်။ ကျွန်တော်တို့ ဒီမိုကရေစီပါတီတွေ အနေနဲ့လည်း ပိုပြီးတော့ Spacing (နေရာ) တွေ လုပ်ပိုင်ခွင့်တွေ ရလာတယ်။ လူထုတွေ အနေနဲ့လည်း ပိုပြီးတော့ လွတ်လပ်လာတယ်။ အရင်ထက်စာရင် တစ်စုံတစ်ရာ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ နည်းနည်းလေး ပိုပြီးတော့ Free ဖြစ်လာတယ်။ အလုံးစုံ Free ဖြစ်တာပြောတာ မဟုတ်ဘူး။ ခေါင်းလေး နည်းနည်းမော့ကြည့် လာနိုင်တယ်။ စကားလေး နည်းနည်း ပြောရဲလာတယ်။ အဲဒါ စစ်တပ်က နည်းနည်း နည်းနည်း ဆုတ်ပေးလို့။ ဆုတ်ရင် စစ်တပ်က ဂုဏ်သိက္ခာ တက်လာတယ်။ လူထုတွေလည်း နိုးကြားလာတယ်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ အဲဒီ Process က ခုမှစရုံပဲ ရှိသေးတယ်။ စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပာယ် လွဲသွားနိုင်တဲ့၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေဟာ အန္တရာယ် များပါတယ်။
Voice ။ ။ ဒီအခြေခံဥပဒေမှာ တချို့အပိုင်းတွေက ဖက်ဒရယ် သဘောပါတယ်လို့ ပြောကြတာလဲ ရှိတယ်။ တိုင်းရင်းသားအဖွဲ့ အချို့ကတော့ ဖက်ဒရယ်ဖြစ်ဖို့ အခြေခံဥပဒေ တစ်ခုလုံး အစအဆုံး ပြန်ရေးမှရမယ်လို့ ပြောကြတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဖက်ဒရယ်အတွက် ပေးထားတယ်လို့ မြင်ပါသလား။
UUHS ။ ။ ဖက်ဒရယ်လစ်ဇင် အကြောင်းပြောမယ်ဆို နည်းနည်းတော့ ကျယ်ပြန့်တယ်။ ဖက်ဒရယ်လစ်ဇင် ဆိုတာ ဘာလဲဆိုတဲ့ Criteria တွေရှိတယ်။ အဲဒါကို နိုင်ငံရေးသမားတွေ မြင်တဲ့အမြင်နဲ့ Scholar (ပညာရှင်) တွေ မြင်တဲ့အမြင်နဲ့ နည်းနည်း ကွဲလိမ့်မယ်။ ဒါပေမဲ့ Form (ပုံစံ) တစ်ခုအနေနဲ့ ခု ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ် နည်းနည်းလေး ဆန်တာတော့ ရှိတယ်။ ဒါပေမဲ့ အဓိပ္ပာယ် အနှစ်သာရတွေမှာ တိုင်းရင်းသား ပြည်သူတွေ၊ အထူးသဖြင့် လူမျိုးစုဒေသတွေမှာ တစ်လျှောက်လုံး တိုင်းရင်းသား အခွင့်အရေးတွေ ဘာမှမခံစားခဲ့ရဘူးလို့ မှတ်ယူနေတဲ့ ကျွန်တော်တို့ ရခိုင်တွေ၊ ရှမ်းတွေ အတွက်တော့ ဒီဖွဲ့စည်းပုံဟာ ဘာမှအာမခံချက် မပေးနိုင်ဘူး။ မပေးနိုင်ပေမယ့် ဒီထဲမှာ တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်းနဲ့ ကျွန်တော်တို့ National Democracy Task တွေရလာမယ်။ ရလာနိုင်အောင်လည်း ဒီမော်ဒယ်လ်ကို တဖြည်းဖြည်း ပြောင်းသွားလို့ ရနိုင်တယ်လို့ ယူဆတဲ့ အပိုင်းတွေ ရှိတယ်။ ဖက်ဒရယ်ဆိုတာ Rigid မဟုတ်ဘူး။ ကျွန်တော်တို့ဟာ Unitary ဒီ ဗဟိုချုပ်ကိုင်မှု ပြင်းထန်တဲ့ Unitary ကို ကျွန်တော်တို့ ဆန့်ကျင်တယ်။ တစ်ချိန်တည်းမှာ အင်မတန် လွတ်လပ်ပြီး ခွဲထွက်နိုင်ခွင့်ကို ဦးတည်တဲ့ Confederation ဆိုတာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက် ကြားထဲမှာ ဖက်ဒရယ်ဆိုတာ မော်ဒယ်လ်တစ်ခုပဲ။ အဲဒီ မော်ဒယ်လ်ဟာ ကျွန်တော်တို့ နိုင်ငံရေး ပါတီတွေ တပ်မတော်က ခေါင်းဆောင်တွေ လွှတ်တော်ထဲမှာရှိတဲ့ အမတ်တွေ ပြည်သူတွေက ဘယ်လိုမျိုးက ကောင်းတဲ့ မော်ဒယ်လ် တစ်ခုလည်းဆိုတာ ကျွန်တော်တို့ အချိန်ယူပြီး သဘောထား ညှိနှိုင်းသွားရမယ်၊ ဆွေးနွေး သွားရမယ်၊ တည်ဆောက် သွားရမယ်။ ဖက်ဒရယ်ကို ဒါမျိုးဖြစ်ရမယ်၊ ဒါက ဖက်ဒရယ် မစစ်ဘူး။ ဒါက ဖက်ဒရယ် စစ်တယ်လို့ ပြောလို့မရဘူး။ ဖက်ဒရယ်ဆို တာ မော်ဒယ်လ်ပဲ။ လက်ရှိ ၂၀၀၈ က ဖက်ဒရယ် ဟုတ်သလိုလိုနဲ့ အနှစ်သာရ မခံစားရဘူး။ ပြည်နယ် အစိုးရတွေ ဖွဲ့ပေးထားတယ်။ လုပ်ပိုင်ခွင့်ကို ဗဟိုက ကိုင်ထားတယ်။ ပုဒ်မ ၂၆၁ (ခ) ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်တဲ့ကိစ္စ ကျွန်တော်တို့ မကြိုက်ဘူး။ ဒါဟာ ဘယ်လိုမှ ဒီမိုကရေစီ မဆန်ဘူး။ နောက် ရွေးကောက်ပွဲကလည်း မသမာဘူး။ ဝန်ကြီးချုပ် ခန့်တာလည်း ဒီမိုကရေစီ မဆန်ဘူးဆိုတော့ ဒါဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က လုံးဝလက်ခံနိုင်တဲ့ အနေအထား မဟုတ်ဘူး။ ဒါတကယ့် ဖက်ဒရယ်လစ်ဇင်ရဲ့ အနှစ်သာရထဲမှာ ပါလာတဲ့ Power Sharing (အာဏာခွဲဝေခြင်း) မှာ အများကြီး အနှောင့်အယှက်ပေးတယ်။ ပွင့်လင်းမြင်သာမှု မရှိဘူး။ တိုင်းရင်းသားတွေကို တန်ဖိုးမထားဘူး။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ဇယား (၂) ဆိုတာ ရှိတယ်။ အရေးကြီးတဲ့ ကိစ္စတွေ ဘာမှလုပ်ပိုင်ခွင့် ရေရေရာရာ မရှိဘူး။ ဖက်ဒရယ်လစ်ဇင် အကြောင်းကို ပြောရမယ်ဆိုရင် Power Sharing အကြောင်းကို ပြောရမယ်။ နောက် Resource Sharing (အရင်းမြစ် ခွဲဝေခြင်း)။ ဇယား (၂) မှာ Resource Sharing က ဘာမှမရှိဘူး။ နားလည်အောင် ပြောရမယ်ဆို ရခိုင်ပြည်မှာ သယံဇာတတွေ ထွက်တယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွေ ထွက်တယ်။ ရှမ်းပြည်မှာ သတ္တုမိုင်းတွေ ရှိတယ်။ အဲဒါကို ပြည်နယ် အစိုးရက Management Power ဘယ်လောက်ရှိလဲ။ ဒေသဆိုင်ရာ ပြည်သူတွေ ဘယ်လောက် ခံစားခွင့်ရှိသလဲ။ ဒါ ဖက်ဒရယ် မဟုတ်ဘူးဆိုတာ ရှင်းနေတဲ့ကိစ္စပဲ။ လိုင်ပိုင်ခွင့်တစ်ခု ပေးထားပေမယ့် ဗလာလို ဖြစ်နေတယ်။ အဲဒါတွေကို ကျွန်တော်တို့က ပြောင်းလို့ရတယ်။ လောလောဆယ် ရှိနေတဲ့ လွှတ်တော်က ခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေက သဘောထားကြီးကြီးနဲ့ ဒါကို လွှတ်ပေးလိုက်မယ်ဆို ပြည်ထောင်စု အတွက်လည်း ကောင်းတယ်။ တိုင်းရင်းသားတွေ အတွက်လည်း ကောင်းတယ်။ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုဘက်ကိုလည်း ဦးတည်တယ်။ ဒါတွေက လုပ်လို့ရတဲ့ Process တွေ။ နောက် တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ ကိစ္စတွေ၊ ဒါတွေက ဖက်ဒရယ်လစ်ဇင် အောက်မှာ လုပ်ပိုင်ခွင့်တွေ။ အဲဒါတွေဟာ ပေးလို့ရတယ်ဆိုတော့ ဒါတွေကို ကျွန်တော်တို့က ဒီ Process အောက်မှာပဲ၊ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးစရာ မလိုဘဲနဲ့ ဒါတွေကို ဟိုဘက်က သဘောထားကြီးကြီးနဲ့ လျှော့ပေးမယ် ဆိုရင်၊ သူတို့က လျှော့မယ် သူတို့ ဂုဏ်သိက္ခာ တက်သွားမယ်။ ကျွန်တော်တို့က ရှေ့နည်းနည်း တိုးမယ်။ Trust Building တွေ ပိုပေါ်လာမယ်။ ဒီအနေအထားကို ပိုပြီးကောင်းသွားလိမ့်မယ်။ လက်ရှိအနေ အထားမှာ နားလည်မှု လွဲသွားပြီးတော့ တစ်ယောက်ကိုတစ်ယောက် ခြိမ်းခြောက်တယ်။ စစ်တပ်ကလည်း သံသယရှိတယ်။ ဒီဘက်ကလည်း စိန်ခေါ်သလို ဖြစ်နေတယ်၊ အဲ့ဒီမှာ ပြည်တွင်းပြည်ပ မီဒီယာတွေကလည်း မြှောက်ပေးလိမ့်မယ်။ ပိုမိုရှုပ်ထွေးမှုတွေ ပေါ်လာမှာမျိုးကို ကျွန်တော်က မလိုလားဘူး။
Voice ။ ။ ခုအခြေအနေက တပ် ခေါင်းဆောင်ဟောင်းတွေက ပုဒ်မ ၁၈၈၊ ဇယား (၂) ကို ပြင်တာတော့ လက်ခံတယ်လို့ ပြောတယ်။ အဲဒီအပေါ် ဘယ်လို သဘောရပါသလဲ။
UUHS ။ ။ ပြင်ဖို့ဆိုတာကို ယေဘုယျတော့ သဘောတူကြတယ်လို့ ကျွန်တော်တို့ ကြားတယ်။ ပြည်နယ်တွေရဲ့ စီမံခန့်ခွဲခွင့်၊ သယံဇာတ ခွဲဝေခွင့်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဝမ်းသာရမယ့် စကားတွေကို ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့လည်း ပြောပါတယ်။ သူတို့ပြောတာ ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုတယ်။ အဲဒါတွေဟာ Constitution ထဲမှာ အခိုင်အမာ Amendment အနေနဲ့ ပြောင်းသွားဖို့ လိုတယ်။ ခေါင်းဆောင် တစ်ယောက်က ပါးစပ်နဲ့ နှုတ်ကတိ ပြောတာမျိုး မဖြစ်ရဘူး။ ဒါတွေဟာ အချိန်တိုတိုတွင်းမှာ လုပ်လို့ရတဲ့ ဟာတွေ။
ဆက်လက်ဖော်ပြပါမည်။
(အောင်ဘိုဘိုရှိန်၊ နော်ကိုကို)
-------------------------------------
ကိုယ်ရေးအကျဉ်း
အမည် - ဦးဦးလှစော (မောင်ခိုင်အောင် - စစ်တွေ)
မွေးသက္ကရာဇ် - ၁၉၅၃ မေ ၂၇
ပညာအရည်ချင်း - စက်မှုတက္ကသိုလ် ပဉ္စမနှစ် (မြို့ပြ)
၁၉၇၅ တွင် ကျောင်းသား လှုပ်ရှားမှုဖြင့် ကျောင်းအထုတ်ခံရ။ စစ်ခုံရုံး ထောင်ဒဏ် ၉ နှစ်
နိုင်ငံရေးလှုပ်ရှားမှု - ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်၊
စစ်တွေအထွေထွေ သပိတ်ကော်မတီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်။ ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရ။
၂၀၁၀ ရွေးကောက်ပွဲမှစတင်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်။

6 comments:
၂၀၀၈ ဖွဲ့စည်းပုံကြောင့် စစ်တပ်က ဘာအခွင့်အရေး
တွေပိုရလာပါသလဲ၊ စစ်သားတွေရဲ့ဘ၀ကိုလေ့လာ
ကြည့်ကြပါ၊ ဘ၀ကို အရင်အတိုင်း ကြမ်းတမ်းစွာ
ဖြတ်သန်းနေရတုန်းပါဘဲ
1-GOOD INTERVIEW.
2-GOOD INFORMATION.
3-GOOD IDEA.
4-LIKE READ MORE......
5-LIKE TO READ THE COMMENTS.
6-WITHOUT DESTROYING ANYTHING;
LET US BUILDING OUR FUTURE TOGETHER.
7-PLEASE LEARN THE LESSON FROM THE
HISTORY OF "WAI THAR LE".
8-OUR COUNTRY NEEDS BUILDERS, AND MAKERS ONLY.
9-LOT OF PEOPLE,GROUPS ETC..HOLDING
WRONG OPINIONS,WRONG WAY TO DO FOR
THEIR INDIVIDUAL BENEFITS.
10-LOOK LIKE MANY PEOPLE,MANY GROUPS,
MANY POLITICIANS AND MANY LEADERS LOOKING FOR OWN BENEFITS AND VERY
SHORT SIGHTED.
11-LOOK LIKE THEY ALL DID NOT SEE THE
COMMON ENEMIES AND THREATS INSIDE OUR
COUNTRY AND OUTSIDE OUR COUNTRY.
12-PLEASE FIND THE REAL ROOT CAUSE AND
EFFECT TO OUR COUNTRY STARTING FROM
AFTER *KING ALAUNG PHAYA" TO YEAR 2013.
13-THE VERY SHORT CONCLUSION IS OUR
COUNTRY AND OUR PEOPLE SUFFERING UNNECESSARILY DUE TO STUPID,SELFISH,
AND POWER HUNGERS IN OUR COUNTRY.
ဘာဘဲဖြစ်ဖြစ် လစာ ကိုလုံလောက်အောင် ပေးထားကြယင် ဘယ်အစိုးရကိုမဆို ငါတို့ဝန်ထမ်း တွေ လက်ခံနေမှာဘဲ
ခုလိုမဝ ရေစာပေးနေမယ်ဆိုယင်တော့ လာယင်ပေးမှလုပ် ပုဒ္မ ၄ အရ ပေါ့
နောက်ပြီးစစ်သားကိုအပြစ်ပြောနေမယ့်အစား
သူတို့နဲ့ ဖက်ဒိုက် တရက် ဝင် လုပ်လိုက်ပါ
He is a University drop out. Less than average student. He probably was a 2 F student. Only failed students took up politics. He should go back to college again and study Myanmar history, constitutional law, and political science until he graduates.
အပြုသ ဘောဆောင် တဲ့အ မေးအ ဖြေ တွေ ဖတ်ခွင့်ရ လို့ ကျေးဇူး တင် ပါတယ်။
Really good. I congratulate UUHS. He is a real politician.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်