Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘဏ္ဍာရေးကော်မရှင် (၁/၂ဝ၁၄) အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

From : president office
 


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂ဝ၁၄) အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ယင်းအစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကားပြောကြားသည်။ အဖွင့်အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်- ဒီကနေ့ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၄) ကြိမ်မြောက် အစည်းအဝေးမှာ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ၂၀၁၄ ခုနှစ် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးကြရန် ဖြစ်ပါတယ်။ ယခုရေးဆွဲ ထားသည့် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းသည် မိမိတို့ အစိုးရတာဝန်ယူသည့် စတုတ္ထနှစ်မြောက် ကာလအတွက် ဘဏ္ဍာငွေအရအသုံးစာရင်း ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မူဝါဒများ ချမှတ်၍ စီမံကိန်းများ ရေးဆွဲခြင်း၊ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက် ရှိပါတယ်။ ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု၏ နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းကို အခြေပြုသော ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းအတည်ပြုချက် ရယူ ဆောင်ရွက်လျက်ရှိပါတယ်။

သို့ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ဟာ အချိတ်အဆက်မိနေရန် လိုအပ်ပါတယ်။ ယခုနှစ်မှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရဲ့ နှစ်စဉ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေစာရင်းများ ရေးဆွဲတင်ပြရာမှာ တစ်နှစ်ထက်တစ်နှစ် အစိုးရရဲ့ မူဝါဒများကို ပိုမိုအထောက်အကူပြုနိုင်မယ့် အရအသုံး ခန့်မှန်းခြေစာရင်းများ ဖြစ်လာအောင် တစ်ဖက်က ကြိုးပမ်းဆောင်ရွက်ခဲ့သလို တစ်ဖက်ကလည်း ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး/ ပြည်နယ်များရဲ့ ဘဏ္ဍာငွေ အရအသုံး၊ အချိုးအစားများကိုလည်း ပိုမိုလျော်ကန်သင့်မြတ်တဲ့ အချိုးအစားများ ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ပြည်ထောင်စုရဲ့ ရငွေများ တိုးတက်လာသလို သုံးစွဲငွေများလည်း တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ မိမိတို့ အစိုးရအပေါ် နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြုမှုများ ပြန်လည် ရရှိခဲ့ပြီဖြစ်လို့ ပြည်ပအကူအညီရရှိငွေနဲ့ ပြည်ပချေးငွေများ တစ်နှစ်ထက် တစ်နှစ် တိုးတက် ရရှိလာတာ ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များရဲ့ ရငွေသုံးငွေ အချိုးအစားကို ပိုမိုလျော်ကန် သင့်မြတ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရငွေများကို အသုံးစရိတ်များ ခွဲဝေပေးခြင်းလည်း စနစ်တကျ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ဖြည့်ဆည်း ပေးခြင်းကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိပါတယ်။

ယခုတင်ပြသည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရဲ့ ဘဏ္ဍာငွေ အရအသုံး စာရင်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒုတိယသမ္မတများက စိစစ်ထားပြီး ဖြစ်ပါတယ်။ စိစစ်ပြီး စာရင်းများအရ ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆,၅၄၄.၆၄၇ ဘီလီယံ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉,၂၉၅.၂၉၂ ဘီလီယံဖြစ်၍ လိုငွေကျပ် ၂,၇၅၀၆၄၅ ဘီလီယံ ဖြစ်ပေါ်ပါတယ်။ ယခုနှစ်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ကျပ် ၁,၄၂၁.၇၃၇ ဘီလီယံ ထောက်ပံ့ပေးမှာဖြစ်ပြီး ကျပ် ၂၅.၅၁၇ ဘီလီယံကို ချေးငွေအဖြစ် ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ ၂၀၁၄- ၂၀၁၅ ခုနှစ် တစ်မျိုးသားလုံး၏ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) ဟာ ကျပ် ၆၆,၁၈၇.၁၁၉ ဘီလီယံ ဖြစ်သည့်အတွက် လိုငွေနှင့် ဂျီဒီပီ အချိုးဟာ ၄.၁၆% ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ယခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းအပေါ် သုံးသပ်ကြည့်ပါက နိုင်ငံတော်တစ်ခုလုံးရဲ့ ရငွေအပေါ်မှာ ပြည်ထောင်စုရဲ့ ပါဝင်မှုအချိုး ၈၆.၃၂% နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရဲ့ ပါဝင်မှုအချိုး ၁၃.၆၈% ဖြစ်ပြီး နိုင်ငံတော်တစ်ခုလုံးရဲ့ သုံးငွေအပေါ်မှာ ပြည်ထောင်စုရဲ့ ပါဝင်မှုအချိုး ၈၈.၀၃% နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရဲ့ ပါဝင်မှုအချိုး ၁၁.၉၇% ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေအတွက် ထောက်ပံ့ပေးငွေဟာ ကျပ် ၁,၄၂၁.၇၃၇ ဘီလီယံ ဖြစ်ပြီး ယခင်နှစ်က ထောက်ပံ့ငွေကျပ် ၆၂၆.၃၃၃ ဘီလီယံနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော် ပိုမိုထောက်ပံ့ပေးထား တာကို တွေ့ကြရပါတယ်။

ပြည်ထောင်စု၏ ဘဏ္ဍာငွေများ သုံးစွဲမှုအတွက် လျာထားရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ရည်မှန်းချက်များကို တိုးတက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ထည့်သွင်းခွဲဝေ ပေးထားပါတယ်။ ထို့အတူ လူ့စွမ်းအားအရင်းအဖြစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအတွက် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ တိုးမြှင့်တင်သုံးစွဲခြင်း၊ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ဌာနတွေမှာ ပိုမိုသုံးစွဲခြင်းနှင့် ဦးစားပေး ဆောင်ရွက်ရန် မလိုအပ်သေးတဲ့ ဌာနတွေ အတွက် စိစစ်လျှော့ချခြင်းများ ဆောင်ရွက် ထားတာကို တွေ့ရှိရပါတယ်။

နိုင်ငံတော်ရဲ့ နှစ်စဉ် အရအသုံး ခန့်မှန်းခြေငွေစာရင်းအရ အစိုးရရဲ့ အသုံးစရိတ်များ တိုးမြှင့်သုံးစွဲနိုင်မှုဟာ ဂျီဒီပီ အပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိနေပါတယ်။ ဂျီဒီပီတွက်ချက်ရာမှာ စားသုံးမှုတန်ဖိုး၊  ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ အစိုးရ အသုံးစရိတ်၊ ပို့ ကုန်တန်ဖိုး၊ သွင်းကုန်တန်ဖိုးတို့ကို ထည့်သွင်းတွက်ချက် ရသည့်အတွက် မက်ခရိုစီးပွားရေး အခြေအနေများကို မျက်ခြည်မပြတ် လေ့လာပြီး လိုအပ်သည့်နေရာများတွင် အစိုးရ၏ အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲပေးခြင်းနှင့် အရေးတကြီး မလိုအပ်သေးသည့် နေရာများတွင် အစိုးရ၏ အသုံးစရိတ်ကို စိစစ်လျှော့ချသုံးစွဲပေးခြင်းတို့ကို မိမိတို့ ချိန်ဆဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ယခုအချိန်မှာ မိမိတို့အနေနဲ့ နိုင်ငံတော်၏ ဘက်စုံ ကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်မှုများ လျင်လျင်မြန်မြန် ရရှိနိုင်စေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဆောင်ရွက် နေချိန်ဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း စသည်များ အသစ်ပြဋ္ဌာန်းခြင်း၊  ပြင်ဆင်ခြင်း၊ ဖြေလျှော့ပေးခြင်း၊ ပြည်တွင်း  ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ခြင်း၊ အခြေခံအဆောင်အအုံဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ခြင်း၊ နိုင်ငံပိုင်အခန်းကဏ္ဍများကို တစ်ဖြည်းဖြည်း လျှော့ချပြီး ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ တိုးမြှင့် လာစေခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အတွက် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီး၏ ကဏ္ဍအလိုက် စီမံကိန်း များတွင် ထည့်သွင်း ဆောင်ရွက်စေခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဒေသအလိုက် စီမံကိန်းများတွင် ထည့်သွင်းဆောင်ရွက်စေခြင်း၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအပေါ် သုံးသပ်၍ အများပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်အဖြစ် အသွင်ပြောင်းလဲနိုင်ရန် စီစဉ်ခြင်း၊ နိုင်ငံပိုင်အဖြစ် ဆက်လက် ထားရှိရမည့် လုပ်ငန်းများအား စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည် တိုးတက် လာစေရန် စီစဉ်ခြင်း၊ ကိုယ်ပိုင် ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ကျင့်သုံး ဆောင်ရွက်စေခြင်း စသည်တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိတယ်။

တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ အားလုံးမှာ အေးချမ်း သာယာဝပြောပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ အနေနဲ့ လည်းကောင်း၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ နိုင်ငံတော် ဂျီဒီပီ တိုးတက်ရေး၊ တစ်ဦးကျဝင်ငွေ တိုးတက်ရေး၊ ဆင်းရဲမှုနှုန်း လျော့ကျရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး ကဏ္ဍ ခေတ်မီဖွံ့ဖြိုးလာစေရေး စသည့် ရည်မှန်းချက် များကို ဖော်ဆောင်ရာမှာ တိုင်းဒေသကြီး အသီးသီး၊ ပြည်နယ်အသီးသီး အပါအဝင် နိုင်ငံတော် တစ်ဝှမ်းလုံးကို ပျံ့နှံ့ရောက်ရှိအောင် ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်၊ ဒီလိုဖော်ဆောင် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့များ၏ ရငွေများ တိုးတက်ရရှိလာအောင် စွမ်းဆောင်နိုင်မှုနှင့် အသုံးစရိတ်များကို ထိရောက်မှန်ကန်စွာနှင့် လုံလောက်စွာ သုံးစွဲနိုင်မှုတို့ဟာ အလွန်အရေးကြီးလှပါတယ်။

ဆက်လက်ပြီးယခုနှစ် တင်သွင်းမဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြောကြားလိုပါတယ်။ ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် နိုင်ငံတော်အစိုးရရဲ့ အဓိက ရငွေမှာ အခွန်အကောင်မှ ရရှိငွေ ဖြစ်ပါတယ်။ နိုင်ငံတော်က ပိုင်ဆိုင်သော မြေထု၊ ရေထု၊ လေထု၊ သဘာဝသယံဇာတ အရင်းအမြစ်များကို သုံးစွဲမှုများထံမှ အခွန်အခများ ရရှိရမှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံရဲ့ နယ်မြေအကျယ်အဝန်း၊ လူဦးရေ၊ စီးပွားရေး လုပ်ငန်းများ အခြေအနေအပေါ်မူတည်၍ အခွန်အခြေခံကို ချဲ့ထွင်ခြင်း၊ အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ထမ်းသူများအား မက်လုံးပေးခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ တိုးတက်ရရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀(ခ) တွင် “ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်” ဟု ပြဋ္ဌာန်းထား ပါတယ်။ သို့ဖြစ်၍ ယခုလာမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကို စတင်တင်သွင်းတော့မှာ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းမှာ အခွန်လျာထားချက်၊ အခွန်နှုန်းများ သတ်မှတ်ခြင်းနှင့် အစီရင်ခံခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကုန်သွယ် လုပ်ငန်းခွန် နှုန်းထားများ၊ ဝင်ငွေခွန် နှုန်းထားများ၊ အခွန်စနစ်ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှုများ ပါဝင်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြမည့် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန် တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက် ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့် မှန်းခြေငွေစာရင်းကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်း  ရေးဆွဲတင်ပြမှုအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ စိစစ်ဆောင်ရွက်ခဲ့မှုကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ၂ဝ၁၄-၂ဝ၁၅ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း၊ ၂ဝ၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ (မူကြမ်း) နှင့် ၂ဝ၁၄ ခုနှစ် အခွန်အကောက်ဆိုင်ရာ ဥပဒေ (မူကြမ်း) တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဘဏ္ဍာရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။ နိဂုံးချုပ်အမှာစကား အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်- ယနေ့ကျင်းပ ပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင်အစည်းအဝေး (၁/၂၀၁၄) တွင် အတည်ပြုသော ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်း၊ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ ၂၀၁၄ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းတို့ကို မကြာမီ ကျင်းပတော့မည့် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့က ဥပဒေနှင့်အညီ တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ် ထားတဲ့ ကော်မတီအသီးသီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း မိမိတို့တင်သွင်းသည့် ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ဥပဒေကြမ်းများအပေါ် စိစစ်ခြင်း၊ ဆွေးနွေးသုံးသပ်ခြင်း၊ အတည်ပြုခြင်း များကို ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ယခုတင်ပြတဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းမှာ ပါဝင်တဲ့ အမျိုးသားစီမံကိန်းရဲ့ နိုင်ငံပိုင်အခန်း ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသုံးစရိတ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့က လည်းကောင်း၊ သာမန်အသုံးစရိတ် များကို ဘဏ္ဍာရေးဝန်ကြီးဌာနကလည်းကောင်း စနစ်တကျစိစစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ပါဝင်သည့် အသုံးစရိတ်များဖြင့် နိုင်ငံတော်ရဲ့ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေစာရင်းမှာ ပါဝင်တဲ့ ပြည်ပအကူအညီနဲ့ ပြည်ပချေးငွေများသည်လည်း နိုင်ငံတော်က ဖော်ဆောင်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ အောင်မြင်စေရန် ပံ့ပိုးပေးမည့် ဘဏ္ဍငွေအရင်းအမြစ်များ ဖြစ်ကြပါတယ်။

ကျွန်တော်တို့ တာဝန်ယူတဲ့ အချိန်ကာလအတွင်းမှာ ရရှိလာတဲ့ ပြည်ပအကူအညီ အထောက်အပံ့များ၊ ပြည်ပချေးငွေများကို တိုင်းပြည်အတွက် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို နှစ်စဉ် လိုငွေပြနေသည့် အနေအထားမှ အရအသုံးညီမျှသည့် အနေအထား၊ ၎င်းမှတဆင့် ပိုငွေပြသည့် အနေအထား မျိုးကို ရောက်ရှိလာစေရန် ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ သို့မှသာ နိုင်ငံတော်အပေါ် တင်ရှိနေသော ပြည်တွင်းပြည်ပကြွေးမြီ များကို ပေးဆပ်နိုင်ခြင်း၊ လျှော့ချနိုင်ခြင်း များကို လုပ်ဆောင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက် လာနိုင်မှာ ဖြစ်ပါတယ်။

ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက် ယင်းဥပဒေနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်ကြသည့်အခါ မိမိတို့မျှော်မှန်း ထားသည့် ရငွေများ မှန်မှန်ကန်ကန်ရရှိရေး မိမိတို့ လျာထားခဲ့သည့် အသုံးစရိတ်များကို မှန်မှန်ကန်ကန် စနစ်တကျ အချိန်မီသုံးစွဲနိုင်ရေးတို့ဟာ အထူးအရေးကြီးပါတယ်။ ရငွေများကို လျာထားသည်ထက် ပိုမိုရရှိလာအောင် ကြိုးပမ်းကြစေလိုပါတယ်။ သုံးငွေများကို သုံးစွဲရာမှာလည်း ရည်မှန်းသည့်အတိုင်း မသုံးစွဲနိုင်ပါက ဘဏ္ဍာရေးနှစ် မကုန်မီ ပြည်လည်အပ်နှံကြရမည်ကိုလည်း အထူးသတိပြုကြစေလို ပါတယ်။ နိုင်ငံတော် အနေနဲ့ အချို့ပြန်လည် အပ်နှံသော ပိုလျှံငွေများကို အသုံးလိုအပ်သည့် နေရာတွေမှာ ပြန်လည်သုံးစွဲနိုင်အောင် ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာန အဖွဲ့အစည်းများအနေနဲ့ ခွဲဝေရရှိတဲ့ ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်းများနဲ့အညီ ထိထိရောက်ရောက် သုံးစွဲနိုင်ကြစေရန် အလေးထားဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဌာနအကြီးအကဲ များဟာ ဘဏ္ဍာရေး တာဝန်ခံကြီးကြပ်သူအရာရှိများ ဖြစ်ကြပြီး လက်အောက်သို့ ဘဏ္ဍာရေး လုပ်ပိုင်ခွင့်များကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အဆင့်ဆင့်ခွဲဝေ အပ်နှင်းလျက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာငွေများ ဖြစ်သည့်အတွက် သုံးစွဲဆောင်ရွက်ရတဲ့ အသုံးစရိတ်တိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိရပါမယ်။ ပွင့်လင်း မြင်သာမှုတွေရှိပါမယ်။ စနစ်တကျ အစစ်အဆေး ခံနိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

နှစ်စဉ် အရအသုံးခန့်မှန်းခြေ လျာထားချက်များ ပြုလုပ်သည့်အခါ ယခင်နှစ် အရအသုံးများကိုသာ အခြေခံခန့်မှန်းတာမျိုး မဟုတ်ဘဲ အစိုးရ၏ မူဝါဒကို အခြေခံသော၊ ဌာနအဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို အခြေခံသော အရအသုံးစာရင်းများ ဖြစ်လာစေရန် မိမိတို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဘဏ္ဍာငွေအရအသုံးစာရင်းများသည် မိမိတို့ ရည်မှန်းထားသော ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို အချိန်တိုအတွင်း လျင်လျင်မြန်မြန် ဖော်ဆောင် နိုင်စေရန်အတွက် အထောက်အပံ့ဖြစ်စေရမှာ ဖြစ်ပါတယ်။ ယခုနှစ် အရအသုံး ခန့်မှန်းခြေ စာရင်းများ ရေးဆွဲရာမှ အထက်နှင့်အောက် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း သုံးသပ်စိစစ်ပြီး လျာထားခဲ့တာ ကို တွေ့ရှိရပါတယ်။

နိုင်ငံတော်ရဲ့ အခွန်ကောက်ရငွေများနဲ့ ပတ်သက်ပြီး ပြောကြားလိုပါတယ်။ အနာဂါတ်ကာလမှာ ကျွန်တော်တို့နိုင်ငံဟာလည်း အခြားနိုင်ငံများနည်းတူ အစိုးရရဲ့ အသုံးစရိတ်များကို နိုင်ငံတော်က ကောက်ခံရရှိတဲ့အခွန်ငွေနဲ့ ရပ်တည်ဆောင်ရွက်နိုင်တဲ့ နိုင်ငံ ဖြစ်အောင်ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရသင့်ရထိုက်တဲ့ အခွန်ကောက်ရရှိရေး၊ အခွန်ထမ်း ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ပြည်သူလူထုက လိုလားစွာ အခွန်ထမ်းသော အခွန်ယဉ်ကျေးမှု ထွန်းကားရေး၊ နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော ပွင့်လင်းမြင်သာသော၊ ရှင်းလင်းလွယ်ကူစွာ ထမ်းဆောင်နိုင်သော၊ မသမာမှု ကင်းရှင်းသော အခွန်စနစ် ဖြစ်ထွန်းပေါ်ပေါက် လာစေရေးအတွက် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ယခုအခါ အခွန်အကောက်ရငွေများ အပါအဝင် ရငွေများကို တိုးတက်ရရှိလာစေရန် ကြိုးပမ်းနေသလို အသုံးစရိတ်အပိုင်းမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးမြှင့် သုံးစွဲလာနိုင် စေရန် ကြိုးပမ်းလျက် ရှိပါတယ်။ သုံးသင့်သုံးထိုက်သော အသုံးစရိတ်များကို မှန်ကန်ထိရောက်စွာ သုံးစွဲနိုင်ရန် အရေးကြီးပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အဖက်ဖက်က အရှိန်အဟန်မြှင့် ကြိုးပမ်းဆောင်ရွက်နေချိန်ဖြစ်၍ ဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ကဏ္ဍအလိုက် စီမံကိန်း များနှင့် ဒေသအလိုက် စီမံကိန်းများ၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရေးအတွက် လိုအပ်သည့် ငွေလုံးငွေရင်း အသုံးစရိတ်များနှင့် ဦးစီးဌာန၊ လုပ်ငန်းဌာန၊ လုပ်ငန်း အဖွဲ့အစည်းများ၏ အုပ်ချုပ်မှုစွမ်းရည် တိုးတက်မြင့်မားလာစေရေးအတွက် လိုအပ်သည့် သာမန်အသုံးစရိတ်များကို တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက် သုံးစွဲရမှာ ဖြစ်ပါတယ်။ ပညာရေး အသုံးစရိတ်အနေနဲ့ ယမန်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၅.၄၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၅.၉၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ တိုးမြှင့်သုံးစွဲရန် စီမံဆောင်ရွက် ပေးထားပါတယ်။ မူလတန်းကို အခမဲ့ပညာသင်ကြားခွင့် ဆောင်ရွက်ပေးသကဲ့သို့ အလယ်တန်းကိုလည်း လာမည့် ပညာသင်နှစ်မှာ အခမဲ့ပညာ သင်ကြားခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေး အသုံးစရိတ် အနေနဲ့ ယမန်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၃.၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၃.၃၈ ရာခိုင်နှုန်းသို့ လည်းကောင်းတိုးမြှင့် သုံးစွဲရန် လျာထားပါတယ်။

ဘဏ္ဍာရေးနှစ်အတွင်း မမျှော်လင့်သော သဘာဝဘေးအန္တရာယ်များ၊ မဖြစ်မနေသုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များ၊ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်း သုံးစွဲရန် မဖြစ်နိုင်သည့် အသုံးစရိတ်များအတွက် သီးသန့်ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ ၁၀၀ ကိုလည်း ယခင်နှစ် အတိုင်း လျာထားပြီး ဒီရန်ပုံငွေကို ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနဲ့အညီ သုံးစွဲ သွားရမှာ ဖြစ်ပါတယ်။

လာမည့် ဘဏ္ဍာရေးနှစ်အတွင်း တိုင်းနှင့်ပြည်နယ်များအတွက် လိုငွေကို ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ပိုမိုတိုးမြှင့် ထောက်ပံ့ပေးသည့် အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများ အတွက် ထောက်ပံ့ငွေ များကိုလည်း ထည့်သွင်း လျာထားပါတယ်။ ယင်းသို့ ထောက်ပံ့မှုတွင် နယ်မြေဒေသအခြေ အနေအရ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရန် အထူးလိုအပ်နေသည့် ပြည်နယ်များကို ပိုမိုထောက်ပံ့ပေးရန် လျာထားပါတယ်။ ဒီထောက်ပံ့ ငွေတွေကို စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေး ရည်မှန်းချက်များ ပြည့်မီအောင် စနစ်တကျသုံးစွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က မြို့နယ်ကို အခြေခံ၍ ခွဲဝေသတ်မှတ်ပြီး မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲရန် ငွေကျပ် ၃၃ ဘီလီယံကိုလည်း ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ တိုင်းဒေသကြီး ပြည်နယ်များသို့ လွှဲပြောင်းထည့်သွင်း ခွဲဝေလျာထားပါတယ်။ ဒီရန်ပုံငွေများကို ထုတ်ယူသုံးစွဲကြရာမှာလည်း ပြည်သူ့ဘဏ္ဍာငွေများဖြစ်၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

မိမိတို့ကျင့်သုံးဆောင်ရွက်နေတဲ့ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို နိုင်ငံတကာအဆင့်မီ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ဖြစ်လာစေရေးအတွက် ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့နေရာမှာ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ငွေစာရင်း တစ်နည်းအားဖြင့် ဘတ်ဂျက်ရေးဆွဲမှုကိုလည်း စနစ်တကျ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့က စနစ်တကျ ရေးဆွဲမှု၊ ပြည်ထောင်စုလွှတ်တော်က ဝိုင်းဝန်းစိစစ်ပေးမှုနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးကြပ်မတ်ပေးမှုတို့ကြောင့် အတိုင်းအတာ တစ်ခုအထိ တိုးတက်မှုများ  ရရှိလာတာကို တွေ့ကြရပါတယ်။ စီမံကိန်းနှင့် လိုက်လျော ညီထွေဖြစ်သည့် ဘတ်ဂျတ်အဖြစ်သို့ ရည်မှန်း ဆောင်ရွက်ခြင်း၊ ငွေကြေးသုံးစွဲမှုကို စိစစ်ကြပ်မတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်၏ ဘတ်ဂျတ်လိုငွေ ပေါ်ပေါက်မှုကို ထိန်းကျောင်း ဆောင်ရွက်သည့် အသွင်သဏ္ဍာန်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပီပြင်စွာ ဆောင်ရွက်လာနိုင်ကြောင်း တွေ့ရှိရပါတယ်။

နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေး များကိစ္စနှင့် ပတ်သက်၍ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ ရငွေနှင့် သုံးစွဲရမည့်ငွေ၊ ဘတ်ဂျက် အခြေအနေပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ပေးသွား မှာဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ ပါတယ်။ ဒီလိုနိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ တိုးမြှင့်ပေးနိုင်ရန် အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာ၊ ဖြစ်ပေါ် ရိုက်ခတ် လာနိုင်သည့် အကျိုးသက်ရောက်မှုများစသည့် အခြေအနေ အကြောင်းအရာများကို စဉ်းစားသုံးသပ် တွက်ချက် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအစိုးရ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့်စရိတ်၊ ပင်စင်လစာနှင့် ဆုကြေးများကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ယခုလာမည့် ဘဏ္ဍာရေးနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထား ပါကြောင်း ပြောကြားလိုပါတယ်။

အချုပ်အားဖြင့် ကျွန်တော်တို့အစိုးရအဖွဲ့၏ ရည်မှန်းချက်တာဝန်များဖြစ်တဲ့ ပြည်သူဗဟိုပြု သည့် အုပ်ချုပ်ရေးစနစ် ကျင့်သုံးရေး၊ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး၊ ပြည်သူတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ တစ်ဦးကျ ဝင်ငွေတိုးတက်လာရေး စသည်တို့အတွက် ပြည်ထောင်စုအဆင့် ဌာန အဖွဲ့အစည်းအားလုံး၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်း အားလုံး ခွဲဝေရရှိမည့် ပြည်သူ့ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့် အညီ နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံး သုံးစွဲမှုဖြစ်စေရန် စီမံဆောင်ရွက်ကြပါ။ လျာထားသည့် ရငွေများကို ပြည့်မီကျော်လွန် ရရှိအောင် ကြိုးပမ်းကြပါ။ ဘဏ္ဍာငွေအရအသုံးစာရင်းများကို ဌာနတွင်း စာရင်းစစ်ဆေးခြင်းနှင့် စာရင်းစစ်ချုပ်ရုံး အဆင့်ဆင့်၏ စစ်ဆေးမှုခံယူခြင်းတို့ကိုလည်း စနစ်တကျ အလေးထား ဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်လိုက် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
 

1 comments:

ပျော်တယ်ကွာ ၀န်ထမ်းလစာတိုးမယ်တဲ့ ဟီးဟီး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်