From : https://www.facebook.com/photo.php?fbid=278197259010938&set=a.136478926516106.31502.100004619984171&type=1&theater
လဆန်းရက်တွေဆို အထုပ်တွေ၊ဖိုင်တွေ တစ်ပွေ့တစ်ပိုက်၊ ခေါင်းက ဆံပင်ဖြူ ဘုတ်သိုက်နဲ့ အလှူငွေပိုက်ဆံလိုက်ကောက်ဖို့ သူစိုက်စိုက်မြိုက်မြိုက် ရောက်လာတတ်တယ်ဗျ။
သူဆိုတာကတော့ အငြိမ်းစား စစ်သားအိုကြီးပါ။တစ်ခါတစ်ရံမှာ လွမ်းမောဖွယ်ရာ မြရာတောတွေအောက်က စစ်ဆင်ရေးကြီးတွေအကြောင်း၊ပဲခူးရိုးမက ဗကပတွေအကြောင်း၊ ထင်းရှုးပင်တွေအောက်မှာ စွန့်ခွာချန်ထားခဲ့ရတဲ့ သူ့ရဲဘော်ရဲဘက်တွေအကြောင်း တမ်းတမ်းတတ ပြောပြတတ်လေရဲ့။
အဲဒီစစ်သားအိုကြီးဟာ တပ်မတော်က အငြိမ်းစားရပြီးတာတောင် တပ်မတော်အပေါ် ချစ်မြတ်မဆုံး ဖြစ်နေတုန်း။ငွေကြေးဥစ္စာဓန ဘာမှမကြွယ်ဝတာတောင် သူတတ်နိုင်သမျှ ပြည်သူ့အကျိုးပြု ပရဟိတလုပ်ငန်းတွေကို မနားမနေဦးဆောင် လုပ်နေတုန်း။လက်ရှိမှာလည်း တပ်မတော်က ကျောင်းကြီးတစ်ကျောင်းမှာ အကြံပေးပုဂ္ဂိုလ်အဖြစ် သူချစ်တဲ့မျိုးဆက်သစ်တွေကို အမွေပေးနေတုန်း။အိုမင်းမစွမ်းဆိုတဲ့စကားကို အံတုလို့ ပျိုနုနေတုန်း။
လဆန်းရက်တွေမှာ ထီးဖြူဖိနပ်ပါး ဌာနတကာလှည့်ပြီး သဒ္ဓါတတ်အားသမျှ ပါဝင်ထည့်စွမ်းကြဖို့ လှည့်လည်ဆော်သြပြီး အလှူငွေစနစ်တကျကောက်။ဒီတစ်ခေါက်မှာ ဘယ်နေရာကို ဘယ်လိုလှူမယ်ဆိုတဲ့ planတွေကို အာပေါင်အာရင်းသန်သန်ရှင်းလင်း။ယခင်လက လှူခဲ့သမျှ ဒါနအစုစုကို သာဓုခေါ်ဆိုနိုင်ဖို့ အလှူခံဖြတ်ပိုင်းနဲ့ ဓာတ်ပုံအထောက်အထားကအစ ထုတ်ပြ။ ဒီတစ်လ အားရင် သူနဲ့အတူ လှူမယ့်နေရာကို လိုက်ခဲ့ကြဖို့ တက်ကြွစွာဖိတ်ခေါ်။ ကျောင်းရဲ့ နိဗ္ဗာန်ဆော်ပေါ့။
သူက ခေတ်ကိုလည်း မျက်ခြေမပြတ်လေ့လာနေတာဖြစ်တော့ ဒီဘက်ခေတ်နိုင်ငံရေး ကိစ္စတွေကိုလည်း ထဲထဲဝင်ဝင် သိမြင်ထားတယ်ဗျ။
တစ်နေ့သားမှာ ကျွန်တော်နဲ့စကားစမြည်ပြောကြရင်း အတိုက်အခံပါတီရဲ့ ခေါင်းဆောင်အကြောင်း ရောက်သွားတော့ ….ငါအရင်က သူ့ကို ဗိုလ်ချုပ်သမီးဆိုပြီး အတော်လေးအထင်ကြီး လေးစားတယ်ကွ..။ နောက်မှ သူ့မျက်နှာဖုံးတွေကွာကျလာပြီး တော်တော်အတ္တကြီးတာ သိလာတယ်..။ဘယ်နှယ်ကွာ သမ္မဖြစ်မှ နိုင်ငံ့အတွက်လုပ်လို့ရမှာလား။သူနိုင်ငံတကာထွက်တိုင်း တို့ပြည်သူအတွက် ဘာတစ်ခုမှ ပါမလာဘူး။ဒါတောင် ခွင့်လွှတ်မယ်ဆို ခွင့်လွှတ်နိုင်သေးရဲ့။
လက်ရှိအစိုးရကို သိပ်မယုံကြပါနဲ့ဦးဆိုတဲ့ စကားကို ဟိုနားပြော ဒီနားပြောဆိုတာတွေများလာတော့ကျ ငါနားကြားပြင်း ကတ်သကွ။ပြီးတော့ ၅၉(စ)သူပြင်မယ်ဆိုတာက နိုင်ငံတော်နဲ့ လူမျိုးအပေါ် သစ္စာဖောက်တာကွ…တဲ့။
ကျွန်တော်လည်း ဒီစကားကို နားမရှင်းတော့ ပြန်ရှင်းခိုင်းရတာပေါ့။ အဲဒီခါကျ..ဒီလိုကွ..။တို့အမျိုးဘာသာ၊သာသနာ မပျောက်အောင် တို့ဘိုး၊တို့ဘေးတွေ အသက်တွေအများကြီး ပေးခဲ့တယ်။တို့လက်ထက်မှာလည်း ဒီလိုပဲ။မင်းတို့ခေတ်ကျတော့လည်း ဒီအတိုင်းပဲ။၅၉(စ)ကို အခွင့်ထူးခံအဖြစ် ခြွင်းချက်နဲ့ ပြင်ပေးရရင် သူသေရင်ဘယ်လိုလုပ်မလဲ။ သူ့နောက်ပိုင်းမှာ တို့နိုင်ငံ တို့လူမျိုးကို တို့ဘုရင်၊တို့သမ္မတတွေသာကြီးစိုးပြီး နှစ်ထောင်ချီ ထိန်းလာခဲ့သမျှ ကျီးစားစား ခွေးထိုးထိုးဆိုတဲ့ သမ္မတမျိုးတွေတက်လာပြီး သူခိုးကို ဓားရိုးကမ်းလို့ မွတ်နိုင်ငံဘ၀၊တရုတ်ကြယ်ရံနိုင်ငံဘ၀ တဖြည်းဖြည်းနဲ့ ရောက်ရရင် သေရောတဲ့။အဲဒီခါကျ ကမ္ဘာမှာ မြန်မာဆိုတာ မရှိတော့ဘူးတဲ့။ပြီးတော့ လူတွေကို လမ်းပေါ်ဆွဲတင်မယ့် အကြံ ဒင်းမှာရှိတယ်။လျှော့မတွက်နဲ့။ မစားရတဲ့အမဲ သဲနဲ့ပက်မယ့် စိဉ္စမာနလို မိန်းမကွတဲ့။အဲဒီအခါကျ အိမ်နီးချင်းထိုင်းလို ဖြစ်ကြရဦးမယ်။ကြားက ပြည်သူက ဒူးနဲ့မျက်ရည်သုတ်ရဦးမယ်။ တော်တော်ကြောက်စရာကောင်းတဲ့ မိန်းမကွတဲ့။
ခု ငါလုပ်နေတာတွေကရော နိုင်ငံအကျိုး၊ပြည်သူ့အကျိုး မဟုတ်ဘူးလား။ငါ့မှာ ဘာအာဏာ၊ဘာပါဝါမှ မရှိဘူး။စေတနာပဲရှိတယ်။ဒီစေတနာဆိုတဲ့ ကြွက်သေတစ်ခုအရင်းပြုပြီး ငါလုပ်လာတာ ကြာကြာခဲ့ပြီ။တကယ်အကူအညီ လိုအပ်နေတဲ့နေရာတွေကို တို့ဘယ်လို ထောက်ပံ့ကူညီခဲ့တယ်ဆိုတာ မင်းလည်းအသိတဲ့။
သူ့နေရာကို ငါခဏလောက်ရောက်ရင်ကို သမ္မတဖြစ်စရာမလိုဘဲ လုပ်ပေးနိုင်တာတွေ အများကြီးတဲ့။သူ့အရှိန်အ၀ါနဲ့ နိုင်ငံတကာအကူညီတွေ ရနိုင်တာအများကြီးတဲ့။လုပ်နိုင်ရဲ့သားနဲ့ မလုပ်တာဟာ စေတနာမမှန်တာတဲ့။ ငါသမ္မတ မဖြစ်မချင်း နိုင်ငံအကျိုးမဆောင်ကျဉ်းဘူးဆိုတာ မနာလိုဝန်တိုတာတဲ့။ ငါသမ္မတဖြစ်မှ လုပ်ပြလိုက်မကွဆိုတာက အတ္တတဲ့။
မင်းက အင်တာနက်သုံးနေတယ်ဆိုတော့ ငါ့ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်း(၃)ခု မေးပေးစမ်းပါတဲ့။
သမ္မတဖြစ်မှ နိုင်ငံ့ကျိုး လုပ်လို့ရမှာလား။သမ္မတဖြစ်မှ ပြည်သူ့အကျိုး လုပ်လို့ရတာလား။ဒါလား ပြည်သူ့ခေါင်းဆောင်တဲ့။
ရှုးရူးဒိုင်းဒိုင်းပြောပြီး ဇိုးခနဲဆတ်ခနဲ အခန်းထဲက လှည့်ထွက်သွားတဲ့ စစ်သားအိုကြီး ကျောပြင်ကို ကြည့်ရင်း ကျွန်တော် ဟင်းပဲ တွင်တွင်ချနေမိတော့တယ်။

1 comments:
သမ္မတဖြစ်ဖို့ဟိုသူအဖေခေါ်ရတွေကရာဘာသာခြားထိုင်ရှိခိုးရစိတ်မပျက်ဘူးလားဟင်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်