Subscribe to our RSS Feed

ဒုတိယသမ္မတနှင့် KNU၊ RCSS တို့ အကြိုဆွေးနွေး

From : ..the voice

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည် တောင်ပိုင်းတပ်မတော်ွ RCSS/SSA တို့သည် နေပြည်တော်တွင် သြဂုတ်လ ၃၁ ရက်နေ့က အကြိုညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

အစိုးရက အောက်တိုဘာလအတွင်း ကျင်းပရန် ရည်ရွယ်ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အဆိုပါ ဆွေးနွေးပွဲကို သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် RCSS အဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းလတို့ တက်ရောက်ခဲ့ကြကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ အတွက် မူဘောင်အချို့ချခဲ့ပြီး KNU နှင့် RCSS အဖွဲ့တို့က မူအားဖြင့် သဘောတူခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းအကြို ညှိနှိုင်းပွဲတွင် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း သြဂုတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ရှိသည့်အနက် KIO/KIA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးပြီး KIO/KIA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်မည် ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။


 .. www.MyanmarExpress.net
 

ခဏနေရင် Sexy Dance ပြိုင်ပွဲ စပါမယ်။ ဝင်ပြိုင်မယ့် မိန်းကလေးတွေ စာရင်းလာပေးလို့ ရပါပြီ၊ ကလပ်ဆိုတာ အခုမှ ပေါ်တာမှ မဟုတ်တာ။ အရင်ကတည်းက ရှိနေတာ။ လူတွေက အခုမှ အရေးကြီး ခွင်ကျယ်လုပ်ပြီး ပြောနေကြတာ

From : ..the voice


အချိန်က နေ့လယ်ခင်း ဖြစ်နေသော်လည်း အခန်းအတွင်း အမှောင်ဓာတ်က နေရာ တော်တော် များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်း အခန်း အတွင်းတွင် စူးရှ တောက်ပသော Disco Light များက တလက်လက် တောက်ပနေသည်။
ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံ စားပွဲငယ် တစ်ခု အခန့်သား ရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ် လည်တွင် လူငယ် ငါးဦးက တက်ကြွသော ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကို စောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိ လူအားလုံး နီးပါးကလည်း ထိုစားပွဲငယ်ဘေးရှိ လူငယ်များကိုသာ လှုပ်လှုပ်ရွရွဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။
‘Ready နော်။ 1, 2, 3…စပြီ’။ စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးသံ အဆုံးတွင် လူငယ် ငါးဦး တို့သည် စားပွဲငယ်ပေါ်ရှိ Johnny Walker အရက် သုံးပက်စီ ထည့်ထားသော တစ်ခါသုံး ပလတ်စတစ် ခွက်ငယ်ထဲမှ အရက်များကို ပိုက်ဖြင့် အလျင်အမြန် စုပ်ယူနေကြသည်။ ယင်းလူငယ် ငါးဦးထဲမှ အမြန်ဆုံး ကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်ရသူ အတွက်လည်း Jägermeister ၁ ဒသမ ၅ လီတာ အရက်ပုလင်း တစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။
အထက်ပါမြင်ကွင်းမှာ Day Party များတွင် ကျင်းပလေ့ရှိသော Break Drink ပြိုင်ပွဲများတွင် မြင်တွေ့နေကျ မြင်ကွင်း တစ်ခုသာ ဖြစ်သည်။ ရန်ကုန်မြို့တွင် ကျင်းပလေ့ရှိသော Day Party များ၌ အဆိုပါ Break Drink ပြိုင်ပွဲသာမက Shuffle Dance ပြိုင်ပွဲ၊ Sexy Dance ပြိုင်ပွဲ၊ Kissing Time ပြိုင်ပွဲများကို အလျဉ်းသင့်သလို ထည့်သွင်း ကျင်းပလေ့ ရှိသည်။
socie_nmttpsy_02
“ဒီလို ပြိုင်ပွဲမျိုးတွေက ပါတီတွေမှာ နှစ်ခု သုံးခုလောက်တော့ အမြဲ ပါတာပဲ။ ကလပ်ထဲကို လာတာ ကလည်း လူငယ်တွေ များတယ်။ အများစုက တက္ကသိုလ် ကျောင်းသားတွေပေါ့။ ဒီထက်ငယ်တာ တွေလည်း ပါပေမယ့် နည်းပါတယ်။ သူတို့တွေက အပျော်သဘော အနေနဲ့ ပြိုင်ကြတာပေါ့” ဟု တာမွေမြို့နယ်အတွင်းရှိ Day Club များသို့ မကြာခဏ သွားရောက်လေ့ရှိသူ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖြိုးမင်းသူက ဘီယာခွက်ကို လက်တစ်ဖက်က ကိုင်ရင်း ပြောသည်။
Day Club များသည် ကျောင်းချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်သောကြောင့် ကျောင်းသားများအတွက် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
“ကျွန်မတို့ ညဘက် ကလပ်သွားမယ်ဆိုရင် အိမ်က သတ်မှာပေါ့။ ဒီတော့ သူငယ်ချင်းတွေနဲ့ ပျော်ချင်ရင် နေ့ခင်းပိုင်း ဖွင့်တဲ့ Day Party တွေ သွားဖြစ်တယ်။ ခဏခဏတော့ မသွားဖြစ်ဘူး။ အိမ်က သိသွားရင် မလွယ်ဘူး” ဟု နည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦးက ဆိုသည်။
Day Club အများစုတွင် ဝင်ကြေးသည် တစ်ဦးလျှင် ၅၀၀၀ ကျပ်ခန့်သာ ကျသင့်၍ Day Party ကျင်းပသော နေ့များတွင် ၆၀၀၀ ကျပ်အထိ ကျသင့်ပြီး ရန်ကုန်မြို့အတွင်း တာမွေ၊ အလုံ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့် စသော မြို့နယ်များတွင် ဖွင့်လှစ်ထားကြသည်။
“အများစုက ကျောင်းသားတွေဆိုတော့ အိမ်က မသိအောင် ခိုးလာကြတာ များတယ်။ တချို့ မိန်းကလေးတွေဆို အဝတ်အစားတွေ အိမ်က လူကြီးတွေ မသိအောင် ယူလာကြတယ်။ ကလပ်ထဲက အိမ်သာထဲမှာပဲ အလှပြင် အဝတ်အစားလဲ ပေါ့လေ။ တစ်ခါတလေကျရင် ဇယားလား၊ ကျောင်းသူလား သိပ်မကွဲဘူး” ဟု ကိုဖြိုးမင်းသူက ဆိုသည်။
ထို့အပြင် အဆိုပါ နေရာများတွင် အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် အပျော်မယ်များလည်း ရှိနေသော ကြောင့် မိမိတို့ သားသမီးများ သွားရောက် ပျော်ပါးမည်ကို မိဘအများစုက စိုးရိမ်ကြသည်။
“Club ဆိုတာ ကောင်းတဲ့ နေရာလို့တော့ ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ အဲဒီတော့ ဒီကိုသွားပြီ ဆိုမှတော့ ကောင်းပါတော့မလား။ အရက်တွေ၊ မကောင်းတဲ့ မိန်းမတွေ ရှိနေတာကို။ ကိုယ့်သားသမီး က အပြင်မှာ ဘယ်လောက် လိမ္မာနေပါစေ။ အထဲမှာက သူ့ကို လမ်းမှား ရောက်သွားစေနိုင်တဲ့ အရာတွေ အများကြီးပဲ။ မသွားကြတာပဲ ကောင်းပါတယ်” ဟု တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ အထက်တန်းကျောင်းသူ သမီး နှစ်ဦး၏ မိခင် ဒေါ်ချယ်ရီအောင်က ဆိုသည်။
“ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ…”
ယခင်က Day Club များကို အကြီးအကျယ် ဖမ်းဆီးမှုများ ရှိခဲ့ဖူးသော်လည်း ယခုအခါ ပြန်လည် ဖွင့်လှစ်လာကြပြီး Day Party များကလည်း မရင့်ကျက်သေးသော လူငယ်များကို ဆွဲဆောင်နေ ကြသည်။
“Day Party က အမြဲတမ်း လုပ်နေတာ မဟုတ်ဘူး။ တစ်ပတ်တစ်ခါ နှစ်ပတ် တစ်ခါလောက်မှ လုပ်ဖြစ်တာ။ အဲဒီမှာမှ Sexy Dance ပြိုင်ပွဲတွေ၊ Shuffle ပြိုင်ပွဲတွေ၊ အသောက် ပြိုင်ပွဲတွေ ဘာတွေ လုပ်ကြတာ။ နောက်ပြီး Promotion အနေနဲ့ ဒီတစ်ခါ ပါတီလာရင် နောက်တစ်ခါ ထပ်လုပ်မယ့် ပါတီမှာ ဈေးလျှော့ပေးတာမျိုးလည်း ရှိတယ်” ဟု ပါတီပွဲ အချို့ စီစဉ်ဖူးသူ ကိုဇာနည် (အမည်လွှဲ) က ဆိုသည်။
Day Party များကို ရန်ကုန်မြို့တွင် Yangon International Hotel ဝင်းအတွင်းရှိ Flamingo Bar၊ ဗဟန်းရှိ B&W Music Pub၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Cloud 9၊ အလုံရှိ Sky Way၊ တာမွေ မြို့နယ်အတွင်းရှိ DJ Club စသည့် နေရာများတွင် ကျင်းပကြလေ့ ရှိသည်။
အဆိုပါ Day Party များတွင် လူငယ် အများစု စိတ်ဝင်စားသော Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေ အတွက် Kissing Time (စုံတွဲနှစ်ဦး အချိန် အကြာဆုံး ဆက်တိုက် နမ်းရှုပ်သည့် ပြိုင်ပွဲများ) ကျင်းပလေ့ရှိပြီး ဆုကြေးအနေဖြင့် ၅၀,၀၀၀ ကျပ်အထိ ဆုချလေ့ ရှိကြောင်း ကိုဖြိုးမင်းသူက ဆိုသည်။
အလွန် ငယ်ရွယ်သော စုံတွဲများက အဆိုပါ Day Club များက ထွက်လာပြီး ဟိုတယ်သွားရန် ကားငှား ခြင်းမျိုး မကြာခဏ ကြုံတွေ့ခဲ့ရဖူးကြောင်း တာမွေမြို့နယ်အတွင်းရှိ Day Club တစ်ခု အနီးတွင် ဂိတ်ထိုး တက္ကစီ မောင်းနှင်နေသူ ဦးစိုးအောင်ဆိုသူက မှတ်ချက်ပေးသည်။
သို့သော်ငြားလည်း Day Club များကို တည်ဆဲ ဥပဒေများအရ တရားဝင် ဖွင့်လှစ်ခွင့် မပြုထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဖွင့်ခွင့်မရှိဟုဆိုသော အဆိုပါ Day Club များသည် ပွဲစီစဉ်သူများ၏ အမည်နှင့် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ၊ ပါဝင် ဖျော်ဖြေမည့် DJ များ၊ အနုပညာရှင်များ၊ ထည့်သွင်း ပြုလုပ်မည့် စိတ်ဝင်စားဖွယ် အစီအစဉ်များ (ဥပမာ- Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေအတွက် Kissing Time ပြိုင်ပွဲများ) ထည့်သွင်း ကြေညာထားသော ကြော်ငြာများကို ပွဲစီစဉ်သူများ၏ ဖေ့စ်ဘွတ်စ် စာမျက်နှာများမှ တစ်ဆင့် ဖြန့်ဝေမှုများ ပြုလုပ်နေပြီး လူစည်ကားရာ နေရာများနှင့် တက္ကသိုလ်ကျောင်း အချို့တွင် လက်ကမ်း စာစောင် ဖြန့်ဝေမှုများလည်း ရှိသည်။
Day Club နှင့် Night Club များကို တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း အချို့ ကလပ်များမှာ စည်ပင်သာယာရေး ကော်မတီ၏ ထောက်ခံချက်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ် ရဲစခန်း၏ ထောက်ခံချက်များဖြင့် ဖွင့်လှစ်ထားမှုများ ရှိကြောင်း ခရိုင်အဆင့် အဆင့်မြင့် တာဝန် ထမ်းဆောင်ခဲ့သော အငြိမ်းစား ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“ပွဲတွေ ဘာတွေ လုပ်တော့မယ်ဆိုရင် အဆင်ပြေသလိုတော့ ဖြေရှင်းရတယ်” ဟု ကိုဇာနည်က ဆိုသည်။
အဆိုပါ Club များကို အရေးယူမည် ဆိုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညာ အမိန့်ကို ဖီဆန်ခြင်း) ဖြင့် တရား စွဲဆိုနိုင်ပြီး ထောင်ဒဏ် တစ်လအထိ ဖြစ်စေ၊ ဒဏ်ငွေ နှစ်ရာ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်။
ယင်းအပြင် အဆိုပါ ကလပ်တွင် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ ရုန်းရင်းဆန်ခတ် ဖြစ်မှု၊ သတ်ပုတ် နှောင့်ယှက်မှု၊ လုံခြုံရေးကို ထိခိုက်စေမှုများ ဖြစ်ပွား ခဲ့ပါက ခြောက်လထိ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ တစ်ထောင် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည်။
“တစ်ခါတလေကျရင် ရန်ဖြစ်ကြတာမျိုး၊ ရုန်းရင်းဆန်ခတ် ဖြစ်ကြတာမျိုးတွေလည်း ကြုံရတယ်။ ဒါပေမဲ့ နည်းပါတယ်။ ပြီးတော့လည်း ကလပ် လုံခြုံရေးကပဲ ရှင်းသွားတာပါပဲ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။
ကျောင်းသား၊ ကျောင်းသူများ အဆိုပါ ကလပ်များသို့ သွားရောက်ရာတွင် စာရိတ္တ ပျက်ပြားနိုင်သော် လည်း ဖြစ်နိုင်ခြေ နည်းကြောင်း၊ ယင်းကဲ့သို့ သွားရောက် ပျော်ပါးရုံမျှဖြင့် အရေးယူ၍ မရနိုင်ဘဲ ၎င်းတို့၏ ကျင့်ဝတ်နှင့်သာ သက်ဆိုင်ကြောင်း၊ အဆိုပါ ကလပ်များထဲတွင် ပြည့်တန်ဆာများကို ဖမ်းဆီးရမိပါက ပြည့်တန်ဆာ အက်ဥပဒေနှင့် အရေးယူနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။
“Night Club, Day Club နဲ့ ပတ်သက်ပြီး လုပ်ငန်း လိုင်စင် တရားဝင် ချပေးနိုင်တယ်ဆိုတာ မကြားမိဘူး။ အရေးယူရင် ၁၈၈ နဲ့ အရေးယူတယ်။ ဒဏ်ငွေ ပေးရတာများတယ်။ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကမူ အဆိုပါ ကလပ်များကို ဒေသန္တရ အမိန့်ထုတ်၍ ပိတ်ပင် သွားမည် ဖြစ်ကြောင်း ယခုသြဂုတ်လ အတွင်းတွင် ကြေညာချက် ထုတ်ပြန်ထားသည်။
သို့သော်လည်း ပြည်တွင်းရှိ ကလပ်များကို နိုင်ငံတကာတွင်ကဲ့သို့ စနစ်တကျ အသက်အရွယ် ခွဲခြား ကန့်သတ်၍ ဖွင့်လှစ်စေခြင်းများ ပြုလုပ်သင့်ကြောင်း အချို့က အကြံပေးကြသည်။
“ကလပ်ဖွင့်တဲ့သူတွေ အနေနဲ့ အသက် ကန့်သတ်တာမျိုး လုပ်သင့်တယ်။ မဖွင့်နဲ့လို့တော့ သွားပြောလို့ မရဘူးပေါ့။ အသက် ဘယ်နှနှစ်အောက် မဝင်ရတို့၊ ဘာတို့ ကန့်သတ်လိုက်ပြီး ထိထိ ရောက်ရောက်လည်း လုပ်မယ်ဆိုရင် တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်မယ် ထင်တယ်” ဟု အထက်တန်းပြ ဆရာတစ်ဦးဖြစ်သူ ဦးကျော်ရွှေက အကြံပြုသည်။
ထို့အပြင် မိဘများ အနေဖြင့်လည်း ယင်းကိစ္စအပေါ် ရှုမြင်ပုံ ပြောင်းလဲသင့်ပြီး သားသမီးများ အကောင်းအဆိုး နားလည်လာစေရန် စနစ်တကျဖြင့် ရှင်းပြ ဆုံးမသင့်သည်ဟု လူငယ် အချို့က ဆိုကြသည်။
“ကျွန်မ မိဘတွေကတော့ သိပ်စိတ်မပူဘူး။ ကျွန်မက သွားရင်လည်း ညီအစ်ကို မောင်နှမတွေနဲ့ သွားလေ့လည်း ရှိတယ်။ နောက်ပြီး လူကြီးတွေကို ပြောပြီးသွားတယ်။ ပျော်စရာရှိတာ ပျော်တယ်။ မမှားသင့်တာကို မမှားအောင် နေတယ်” ဟု ကွန်ပျူတာ တက္ကသိုလ် တတိယနှစ်ကျောင်းသူ မဥမ္မာက ဆိုသည်။
Day Club များ ဖွင့်လှစ်ချိန်မှာ နေ့ခင်းနေ့လယ် ဖြစ်သောကြောင့် အလွန်အကျွံ မူးယစ် သောက်စား ခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း ဖြစ်နိုင်ခြေမှာ ညပိုင်းထက် နည်းပါးကြောင်း ကိုဇာနည်က ဆိုသည်။
“ဥပမာဗျာ လူငယ်တွေအတွက်တော့ ညဘက်ဆိုရင် အန္တရာယ် ပိုမများဘူးလား။ နေ့ခင်း နေ့လယ် ဆိုရင် အမှားအယွင်းတွေ ဖြစ်ဖို့ ပိုနည်းတယ်။ အဓိကကတော့ လူငယ်ဆိုတာ ကိုယ်မတွေ့ကြုံဖူးတဲ့ အသစ်အဆန်း ကိစ္စမှန်သမျှကို စိတ်ဝင်စားတယ်။ အဲဒါကို အတင်းပိတ်ပင်တာထက် စာရင် အဲဒါ ဘာလဲဆိုတာ ထိတွေ့ခွင့် ပေးပြီး ကောင်းခြင်း၊ မကောင်းခြင်းကို သူတို့ကို ဆုံးဖြတ်ခိုင်းတာ ပိုသင့်တော်မယ် ထင်တယ်” ဟု ကိုဇာနည်က ဆိုသည်။
အဆိုပါနေရာများသို့ သွားရောက်ခြင်းကြောင့် ပျက်စီးနိုင်သည်ဆိုသော အချက်ကို လူငယ် အချို့က သဘောမတူကြပေ။
“ရန်ကုန်မှာ လူဦးရေ ခြောက်သန်း ရှိတယ်။ ဒါပေမဲ့ ဒီနေရာကို လာတဲ့ အရေအတွက်က ရာဂဏန်း လောက်ပါပဲ။ ဒီနေရာမျိုးက လူတချို့ပဲ လာနိုင်ကြတာလေ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။
သက်ဆိုင်ရာဘက်က တရားမဝင်ဟု ဆိုနေသော်ငြား အရက်နှင့် စီးကရက် ကုမ္ပဏီ အချို့က ကြော်ငြာခြင်းနှင့် စပွန်ဆာ ပေးခြင်းများ ကြုံတွေ့ရဖူးကြောင်း ကလပ် ပါတီများသို့ မကြာခဏ သွားရောက်ကြသော လူငယ်များက တညီတညွတ်တည်း ပြောကြားကြသည်။
“ဒီနေရာတွေကို လာလို့သာ ပျက်စီးတယ်ဆိုရင် အရက်၊ ဘီယာဆိုင်တွေ၊ တည်းခိုခန်းတွေ၊ မာဆတ် တွေ မှိုလိုပေါက်နေတာကို အရင် အရေးယူသင့်တယ်။ Club ကို လာတဲ့ လူအရေအတွက်ထက် အဲဒီကိုသွားတဲ့ လူငယ် အရေအတွက်က ပိုများတယ်။ ကလပ်ဆိုတာ လူငယ်တိုင်း နေ့တိုင်း မလာနိုင်ဘူး။ အရက်ဆိုင်ကတော့ နေ့တိုင်း သွားလို့ ရတယ်။ ဘယ်ဟာက လူငယ်တွေအတွက် ပိုအန္တရာယ်များလဲ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သော နည်းပညာတက္ကသိုလ် ကျောင်းသား ကိုဗုံဗုံက ဆိုသည်။
ရန်ကုန်တွင် ကလပ် အရေအတွက်မှာ လက်ချိုး ရေတွက်၍ ရပြီး ပေါများစွာ တည်ရှိနေသော အရက်ဆိုင်များက လူငယ်များအတွက် ပိုအန္တရာယ်ပေးနိုင်ကြောင်း အထက်တန်းပြဆရာ ဦးကျော်ရွှေက မှတ်ချက်ပေးသည်။
“တကယ်ဆိုဗျာ လူတစ်ယောက် ကလပ်သွားမယ်ဆိုရင် တစ်ယောက်တည်း ဘယ်လိုမှ မသွားဘူး။ စိတ်တူကိုယ်တူ လူစုရဦးမယ်။ ပိုက်ဆံလည်း လက်ထဲမှာ လုံလုံလောက်လောက် ရှိဦးမှ သွားဖြစ်တာ။ ဘယ်သူမှ အမြဲတမ်း မသွားနိုင်ပါဘူး။ ဒီဟာတွေကို လိုက်ပိတ်ရင် အရက်ဆိုင်တွေ လူတောင် ပိုစည်သွားဦးမယ်” ဟု ကိုဗုံဗုံက ဆိုသည်။
“ဒီကိုသွားတိုင်း ပျက်စီးတာ မဟုတ်ဘူး။ အဓိကက လူပဲလေ။ မမှားအောင် ထိန်းရမှာပေါ့။ နောက်ပြီး ကိုယ့်ကို ထိန်းသိမ်းနိုင်တဲ့ လူမျိုးတွေနဲ့ သွားတာ ပိုကောင်းပါတယ်။ ကလပ်ဆိုတာ အခုမှ ပေါ်တာမှ မဟုတ်တာ။ အရင်ကတည်းက ရှိနေတာ။ လူတွေက အခုမှ အရေးကြီး ခွင်ကျယ်လုပ်ပြီး ပြောနေကြ တာ” ဟု ကိုဇာနည်က ၎င်း၏ အမြင်ကို ပြောပြသည်။
ပါတီများသို့ ကျောင်းသားအရွယ် လူငယ်များ လာရောက်ကြသော်လည်း လာရောက်တိုင်း ပျက်စီး မည်ဟု မမြင်သင့်ကြောင်း ကိုဇာနည်က ဆိုသည်။
“အဓိကက လူတစ်ဦးချင်းစီရဲ့ ချင့်ချိန်နိုင်စွမ်းပါပဲ။ ဒီကိုလာလို့ ပျက်စီးသွားတယ်လို့ ကျွန်တော် မထင်ဘူး။ ပျက်စီးချင်တဲ့သူက ပျက်စီးမှာပဲ။ ဒီကိုလာမှ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
Day Club များသို့ လာရောက်ခြင်းကြောင့် လူငယ်များတွင် အပြစ်ရှိသည် ဆိုသော်လည်း ၎င်းတို့ သည် အသက်အရွယ် ငယ်ရွယ်သေးသောကြောင့် ဆုံးမ ပြောဆိုသည့် လူကြီးများနှင့် ဆရာ ဆရာမ များတွင် ပိုမို တာဝန်ရှိနိုင်ကြောင်း တက္ကစီ ယာဉ်မောင်း ဦးစိုးအောင်က သူ၏ အမြင်ကို ပြောပြသည်။
“ကလေးတွေ ကျောင်းက ပြေးပြီး လာတယ်ဆိုရင် ဘာကြောင့် ကျောင်းပြေးလဲ။ ကျောင်းမှာ ဘာကြောင့် မပျော်တာလဲ အဖြေ ရှာရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တစ်နေ့ လူကြီးတွေ ဖြစ်လာမှာလေ” ဟု ၎င်းက ဆိုသည်။
မည်ကဲ့သို့ပင် အမြင်အမျိုးမျိုး ရှိနေကြသော်လည်း Day Club များတွင် ကျင်းမည့် Day Party လက်ကမ်း စာစောင်များသည် လူငယ်များကြား ပျံ့နှံ့နေဆဲ ဖြစ်သည်။ အင်တာနက် စာမျက်နှာများ အပေါ်တွင်လည်း ဖြန့်ဝေနေကြဆဲပင် ဖြစ်သည်။ ပါတီများတွင်လည်း လူစည်ကားနေဆဲ ဖြစ်သည်။ အမျိုးစုံသော ပြိုင်ပွဲများကလည်း လူငယ်များကို ဆွဲဆောင်နေဆဲ ဖြစ်သည်။
“ခဏနေရင် Sexy Dance ပြိုင်ပွဲ စပါမယ်။ ဝင်ပြိုင်မယ့် မိန်းကလေးတွေ စာရင်းလာပေးလို့ ရပါပြီ” ဟု စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးလိုက်သည်။
အနည်းငယ် မူးယစ် ရီဝေနေပြီး ပျော်နေပုံရသော မိန်းကလေးငယ် တစ်စုက ဒိုင်လုပ်သူ အနားတွင် စုဝေး တိုးဝှေ့နေကြသည်။
အချိန်သည် တစ်ဖြည်းဖြည်း ညနေစောင်းလာပြီ ဖြစ်သော်လည်း သူတို့ပျော်ရွှင်မှုက အမြင့်ဆုံး အနေအထားတွင်ပင် ရှိနေသေးသည်။ အိမ်ပြန်လိုသူ အချို့သာ သုတ်သုတ်ပြာပြာဖြင့် ကလပ်ထဲမှ အလျင်အမြန် ပြန်ထွက်သွားကြသည်။
“ဒီအချိန်က ကလပ်ထဲမှာ ပျော်စရာ အကောင်းဆုံး အချိန်ပဲ။ Sexy Dance ပြိုင်ပွဲပြီးရင် ပါတီလည်း သိမ်းပြီ ဆိုတော့ အပြတ်ကဲလိုက်ဦးမယ်” ဟု ကိုဖြိုးမင်းသူက ဘီယာဘားကို မှီနေရင်း ရယ်ရယ်မောမော ဆိုလိုက်သည်။

.. www.MyanmarExpress.net
 

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ မှတ်သားဖွယ်




(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။

(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ  ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါတယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။


(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက် တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။

(30)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်။

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက် ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါ တယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ ပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲ သုံးစရာလိုပါတယ် တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန် ရအောင် အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။တကယ်လို့များပေါ့...ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့ လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ် သက်ကြောင်းလည်းအမူအရာနဲ့မျက်မှောင်ကြုတ်ပြမနေပါနဲ့...။အလွယ်ဆုံးနည်းဖြစ်တဲ့...ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...


(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သောအံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာ ရှင်တွေ ယနေ့တိုင်ရှာတွေ့နေ ဆဲပါ။
.. www.MyanmarExpress.net
 

လက်တလော ဖြစ်နေသည့် သူရိန်လှိုင်ဝင်း ပြဿနာ မှာ Myanmar News Update ၏ Facebook အား Hack ခံရခြင်းကြောင့် ဟု သိရ


From : .. http://myanmarnewsupdates.blogspot.com/2013/09/myanmar-news-update-facebook-fan-page_4682.html


 ကျနော်၏ Myanmar News Update ၏ Facebook Fan Page အား ၃၀-၈-၂၀၁၃ ရက်နေ့ မနက် ၁၀နာရီ ခွဲတွင် Password စတင် အချိန်းခံခဲ့ရပါသည်။ ၃၁-၈-၂၀၁၃ ရက်နေ့ မနက် ၂ နာရီခွဲ မှ စတင်ပြီး ကျနော်တင်နေသော Admin အားလုံး ဖြုတ်ချသွားပါတယ်။ မိမိ၏ Fan Page တစ်ခုလုံး Hack လုပ်ခံရပါတယ်။ ကျနော်၏ Fan Page ရရှိရန်အတွက် ပြန်လည်ကြိုးစားလျက် ရှိပါတယ်။ Facebook အဖွဲ့အစည်း သို့လည်း ပြန်လည်တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရှိ နာမည်ကြီး Hacker Group များမှလည်း ကူညီလျက် ရှိပါသည်။ ယခုအချိန်တွင် Myanmar News Update မှာ Blog  myanmarnewsupdates.blogspot.com တစ်ခုတည်းသာ ရှိတော့ပါသည်။ ယခု အချိန်တွင် ကျနော်၏ Blog တွင် Facebook Fan Page အား ဖြုတ်ချထား ပါတယ်။
သတင်းများအား Myanmar News Update တစ်ခုတည်း မှ News Feed ယူသော် လည်း အောက်မှာ တွေ့ရတဲ့ http://shwefulwar.blogspot.com ဆိုတဲ့ Blog မှ သတင်းယူထား ကြောင်း တွေ့ရှိရပါတယ်။
စတင် Hack လုပ်ခံရချိန် မြင်တွေ့ရပုံ


ထို့နောက် စတင်ပြီး ရခိုဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုသူရိန်လှိုင်ဝင်း နှင့် ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းများ အား တင်သွားကြောင်း တွေ့ရပါတယ်။


ကျနော်သည် ရခိုင်လူမျိုး တစ်ဦးဖြစ်ပြီး ကျောက်တော်နယ် ဇာတိဖြစ်ပါတယ်။ မိမိ၏ ၀ါသနာ အလျောက် Facebook တည်ဆောက်ပြီး သတင်းများ ကူးယူဖေါ်ပြပြီးတင်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်သာ နေထိုင်ပြီးသတင်းများတင် ခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားသို့ သွားရောက်ဖူးခြင်း မရှိပါ။ ယခုအခါ သတင်းများ ကို မလေးရှားမှတင်နေကြောင်း တွေ့ရှိရပါတယ်။
ယခုအခါ Myanmar News Update, Eleven Media နဲ့ အမျိုးသားရေးဝါဒီ ကိုသူရိန်လှိုင်ဝင်း ဆိုပြီး တင်ထားပါသည်။ အခြားသတင်းများ ကိုလည်း ဆက်လက် Post လုပ်လျက်ရှိပါသည်။ မိမိ Fan Page အား Hack လုပ်သောသူမှာ ငွေကြေးအရသော် လည်းကောင်း၊ နိုင်ငံရေးအမြတ်ထုတ်ရန် သော် လည်းကောင်း၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရန်သော် လည်းကောင်း၊ မည်သည့် အတွက် ပြုလုပ် သည်ကို မိမိအနေဖြင့် မပြောတတ်တော့ပါ။ မိမိတွင် Admin Team ဟူပြီး မရှိပါ။ တစ်ဦးတည်း Admin များ ခွဲပြီး Post တင်ခြင်းဖြစ်ပါသည်။
ပြန်လည် ရရှိခြင်း မရှိပါက အပြီးအပိုင် ဖျက်နိုင်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါသည်။

တစ်ခြား မီဒီယာ များမှလည်း ဒီသတင်းကို ကူးယူဖော်ပြပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံပါတယ် ဗျာ ..

Myanmar News Updates ချစ်ပရိတ်သတ်များအားလုံး ကျေးဇူးပြုလို့  share ပေး ၊ ကူးယူဖော်ပြပေးစေလိုပါတယ် ...
.. www.MyanmarExpress.net
 

မလေးရှားမှာ မြန်မာ ၅ဝ ကျော် ဖမ်းဆီးခံရ၊ အိုဗာစတေး ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန်

From : မလေးရောက် ME သတင်းထောက်

 ယနေ့ (၁.၉.၂၀၁၃ တနင်္ဂနွေနေ့) Sunday, September 1, 2013 | 12:08:00 PM ယခုအချိန်မှ စတင်ကာ ကေအယ် ကိုတာရာယာ ဝန်းကျင်တွင် နှင့် ကားဂိတ် ၊ ရထားဂိတ် ၊ အဝေးပြေးသွားကားဂိတ်များတွင် နိုင်ငံခြားသားများအား အော်ပရာဇီ (အထူးစစ်ဆေး ဖမ်းဆီးခြင်း) အစီအစဉ်များ စတင်နေပြီ ဖြစ်ပါသည်။ကေအယ်တစ်ဝိုက်နှင့် အခြားနေရာများတွင်လည်း တစ်ပြိုင်နက် စတင်ဖမ်းဆီးမည် ဖြစ်ပါ၍ ကေအယ်နှင့် အခြားနေရာများ လူစည်ကားသော နေရာများသို့
သွားလာမှုများ ဂရုစိုက်ကြပါရန် ကြိုတင် အသိပေးအပ်ပါသည်။)

ယခု နံနက် (၁၀) အချိန်မှ စတင်ကာ ရဲများ လဝကများ ရေလာများ ပြည့်သူစစ်များမှ အဆင့်သင့် ပြင်ဆင်လျက် ရှိနေပြီ ဖြစ်သည်။ မလေးရှားနိုင်ငံ သတင်းဌာန၏ သတင်းထုပ်ပြန်ချက်များအရ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ယခုလ စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေ စပြီးစီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အော်ပရာစီတွင် ဌာနပေါင်းစုံမှ ၀န်ထမ်းပေါင်း ၁၃၅,၀၀၀ (တသိန်း သုံးသောင်း ငါးထောင်)မှ ပါဝင် ဖမ်းဆီးအရေးယူဖြစ်ပြီး အဓိက ဖမ်းဆီးမည့် နေရာများမှာ Kuala Lumpur, Selangor, Penang, Johor, Kalang ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအနေဖြင့် အထောက်ရှိသူ အထောက်ထားမခိုင်လုံသူများ အကြောင်းမျိုးမျိုးကြောင့် အိုဗာစတေး ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန် ကြိုတင် သတိပေးအပ်ပါသည်။


  
မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ်သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

မနက်ဖြန်စတင်မယ့် အော်ပရာစီလို့ လူသိများတဲ့ အဲဒစီမံချက်မှာ တရားဝင်စာရွက်စာတန်းမရှိသူတွေ ပြေးစရာမြေမရှိလို့ ကြေညာထားပြီး၊ ရဲ၊ လူဝင်မူကြီးကြပ်ရေး၊ ပြည်သူ့စစ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးစစ်ဆေးမူတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီကနေ့ ပီနန်းမြို့မှာ လူစည်ကားတဲ့ဈေးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပီနန်းမြို့က ကိုဘိုမြက ခုလိုပြောပါတယ်။

“အခုပီနန်းမှာ လူစည်ကားတဲ့နေရာ ဘူကစ်မာတာဂျန်မှာ တော်တော်ဆွဲသွားတယ်၊ လူကခန့်မှန်း လော်လီ နှစ်စီးဆို ၈ဝ လောက်ပါသွားတယ်၊ ခန့်မှန်း ဗမာက ၅ဝ လောက်ပါမယ်ထင်တယ်၊ ဗမာက အများစုဖြစ်နေတယ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားပါမယ်၊ တရားမဝင်နေတဲ့သူအများစုက ဗမာနဲ့ အင်ဒိုနီးရှားကပိုများတယ်”

အဖမ်းခံရသူ မြန်မာတွေထဲမှာ အများစုဟာ တရားဝင်စာရွက်စာတန်းမရှိသူတွေဖြစ်ပြီး ၁ဝ ဦးလောက်ကတော့ အထောက်အထား စာရွက်စာတမ်းရှိပေမယ့်၊ ပါမလာသူတွေဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ စီမံချက်နဲ့ ဖမ်းဆီးမှုတွေမှာ တရားမဝင်နေထိုင်သူတွေများတဲ့ နေအိမ်၊ ရပ်ကွက်တွေကို အဓိကထားပြီး ညပိုင်းတွေမှာ ဝင်ရောက်ဖမ်းဆီးလေ့ရှိပေမယ့် ခုလိုဈေးအတွင်း ဝင်ရောက်ဖမ်းဆီးတာမျိုးတော့ သိပ်မတွေ့ရဘူးလို့ ပီနန်းမှာနေထိုင်တဲ့ မြန်မာတွေက ပြောပါတယ်။ အလားတူဖမ်းဆီးမှုတွေကို ကွာလာလမ်ပူမြို့ မြန်မာစားသောက်ဆိုင်တစ်ဝိုက်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။
.. www.MyanmarExpress.net
 

သမ္မတကြီးဦးသိန်းစိန် စက်တင်ဘာလဆန်း ရေဒီယိုမိန့်ခွန်း နားထောင်ရန် (Youtube)


ယခု လဆန်းပိုင်းက ကျင်းပခဲ့တဲ့ ၈၈ ခုနှစ် လူထုလှုပ်ရှားမှု နှစ်ဆယ့်ငါးနှစ်ပြည့် အခမ်းအနားဟာဆိုရင် ကျွန်တော်တို့ နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။ ဒီလိုကျင်းပနိုင်ခြင်းဟာ မိမိတို့ နိုင်ငံရေးဖြစ်စဉ်မှာ ယခင်ကာလများက မရရှိဖူးသေးတဲ့ “သဘောထား မတူညီသူများ အတူလက်တွဲ လုပ်ဆောင်နိုင်တယ်” ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတက်လှမ်းနိုင်မှုကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု  အလေးထားကြောင်းကိုလည်း တစ်ဆက်တည်း ပြောကြားလိုပါတယ်။

 

www.MyanmarExpress.net
 

သမ္မတ ဦးသိန်းစိန် သြဂုတ်လကုန် မိန့်ခွန်း အပြည့်အစုံ


မိဘပြည်သူများခင်ဗျား-


ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ယခုလည်း ဩဂုတ်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်း ဖြစ်ပါတယ်။


လွန်ခဲ့တဲ့လဆန်းပိုင်းက ကျွန်တော်ပြောကြားခဲ့သလို ကျွန်တော်တို့ အစိုးရတာဝန်ယူရမယ့် ငါးနှစ် တာကာလရဲ့ ပထမပိုင်းလို့ဆိုရတဲ့ လပေါင်း(၃၀)မှာ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်နှစ်ခုဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုရှိပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်လိုမှုနှင့် လူမှုစီးပွား ဘ၀ဖွံ့ဖြိုး တိုးတက်လိုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အခြေခံအုတ်မြစ်များကို ကြိုးစားချမှတ်ခဲ့ ပါတယ်။


ဒီလို လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ ဖော်ဆောင်လာနိုင်တာနဲ့အမျှကျွန်တော်တို့အစိုးရရဲ့ ကျန်ရှိနေသေး တဲ့ လပေါင်း (၃၀) ကာလမှာ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အခြေခံ လိုအပ်ချက်တွေကို အသိပေပးပြီး သိသာထင်ရှားတဲ့ လူမှုစီးပွားရေးအကျိုးရလဒ်တွေ ခံစားလာနိုင်အောင် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။


ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူမှုစီးပွားရေးအတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့ သန့်ရှင်းတဲ့ သောက် သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သတင်းဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် ပြည်သူအများစု မှီခိုနေရတဲ့ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလတ်ဒေသ ဖွံ့ဖြိုးရေး တို့ကို အထူး အလေးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေအတွက် သာမက အနာဂတ် အတွက် အလွန် အရေးကြီးတဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာလည်း အဓိကကျ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။


ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီ အစဉ်မှာ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားလိုတဲ့ကိစ္စကတော့ ရေရှည် တည်ဆောက်ရမယ့် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များပဲ ဖြစ်ပါတယ်။


အခုလက်ရှိ ကျွန်တော်တို့အစိုးရလက်ထက်မှာ ပေါ်ပေါက်လာတဲ့ ပြုပြင်ပြောင်းလဲရေးများကို ဖြစ်ပေါ်စေတဲ့ နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အာမခံချက်ရှိတဲ့ အရွေ့များကို တည်ဆောက်နိုင်ပြီလို့ သုံးသပ်နိုင်မှာဖြစ်ပါတယ်။


အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့အကြား လတ်တလောဖြစ်ပွားနေတဲ့ နိုင်ငံ ပွတ်တိုက် မှုတွေဟာလည်း ပြုပြင်ပြောင်းလဲရေးကာလမှာ ကြုံတွေ့ရမယ့် သဘာဝကျတဲ့ကိစ္စရပ်များပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘယ်သူမှန်တယ်၊ဘယ်သူ မှားတယ်ဆိုတာ ပွတ်တိုက်မှုတွေကနေ စည်းစနစ်တွေ၊ နည်းနာ သစ်တွေ၊ ဆက်သွယ်ရေးပုံစံတွေနဲ့ ညှိနိုင်းအဖြေထုတ်ခြင်းဆိုတာတွေ ဖြစ်ပေါ်လာ အောင် ပုံစံချနိုင်ဖို့ဆိုတဲ့ ကိစ္စရပ်က ပိုအရေးကြီးတယ်လို့ ရှုမြင်ကြရမှာဖြစ်ပါတယ်။


ဒီလို ရှုမြင်နိုင်မှသာ ကျွန်တော်တို့တွေ ရယူပိုင်ဆိုင်လိုတဲ့ ဒီမိုကရေစီ စနစ်ကို အခြေခံတဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့ အကြား ကောင်းမွန် မှန်ကန်တဲ့ အပြန်အလှန် ထိန်းကျောင်းမှုတွေကို ခိုင်မာစေမှာပဲဖြစ်ပါတယ်။


ဒါကြောင့် ကျွန်တော်အပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေး ခေါင်းဆောင်များအနေနဲ့ နိုင်ငံရေး ပွတ်တိုက်မှု
တွေကို နားလည်လက်ခံပေးပြီး ရေရှည်တည် ဆောက်ရေးသင်ခန်းစာများ ရယူကာ ဆွေးနွေးညှိနှိုင်းခြင်း
တွေ၊ မျှတတဲ့ အပေးအယူပြုလုပ်ခြင်းတွေနဲ့ ခိုင်မာတဲ့ နိုင်ငံရေဖြစ်စဉ်နဲ့ နိုင်ငံရေး ယဉ်ကျေးမှု သစ် တည်ဆောက်ရေး တို့ကို ရည်သန် ထိန်းကျောင်း ပေးဖို့ တိုက်တွန်းလိုပါတယ်။


ကျွန်တော်ပြောကြားခဲ့တဲ့ ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်းဆိုတဲ့ ကိစ္စတွေဟာ အလျှော့ပေး ညှိနှိုင်းဖို့ဆိုတာမျိုး မဟုတ်ပါဘူး။ မတူညီတဲ့သဘောထားတွေရှိကြပေမယ့်လည်း ခိုင်မာတဲ့ နိုင်ငံရေး အနာဂတ်တစ်ရပ်ပိုင်ဆိုင်နိုင်ဖို့၊ ရေရှည်တည်တံ့မယ့် နိုင်ငံရေးဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့အတွက် ကျယ်ပြန့်ခိုင်လုံတဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့ မှန်ကန်တဲ့ စိတ်စေနာတွေ၊ ဉာဏ်ပညာတွေ၊ စွမ်းအားတွေကို အသုံးပြုပြီး ပြည်သူလူထုအကျိုးကိုဖော်ဆောင်ပေးနိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့အတွက် ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်အသီးသီးကို တိုက်တွန်း နှိုးဆော်ခြင်းသာ ဖြစ်ပါတယ်။


အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကိုယ်စားပြုတဲ့ အစိုးရအနေနဲ့ သော်လည်းကောင်း၊ နိုင်ငံတော်တစ်ရပ်လုံးကို ဦးစီး ဦးဆောင် ပြုနေရတဲ့ သမ္မတ တစ်ယောက်အနေနဲ့ သော်လည်းကောင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ဆောင်မှုများကို အသိအမှတ်ပြု ထိန်းကျောင်းသွားမှာ ဖြစ်သလို ဥပဒေ ပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်များရဲ့ လွတ်လပ်ခွင့်နှင့် လုပ်ဆောင်မှုများကိုလည်း အစဉ် အလေးထား ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။


တရားဥပဒေစိုးမိုးရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း လွတ်လပ်ပြီး အားကောင်း ခိုင်မာ လာအောင် ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။


ယခု လဆန်းပိုင်းက ကျင်းပခဲ့တဲ့ ၈၈ ခုနှစ် လူထု လှုပ်ရှားမှု နှစ်ဆယ့်ငါးနှစ် ပြည့် အခမ်းအနားဟာဆိုရင် ကျွန်တော်တို့ နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါ တယ်။
ဒီလိုကျင်းပနိုင်ခြင်းဟာ မိမိတို့ နိုင်ငံရေးဖြစ်စဉ်မှာ ယခင်ကာလများက မရရှိဖူးသေးတဲ့ “သဘောထား မတူညီသူများ အတူလက်တွဲ လုပ်ဆောင်နိုင်တယ်” ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ကို တက်လှမ်း နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒီတက်လှမ်းနိုင်မှုကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု  အလေးထားကြောင်း ကိုလည်း တစ်ဆက်တည်း ပြောကြားလိုပါတယ်။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့အနေနဲ့ ခေတ်မီ လူ့အဖွဲ့အစည်းတစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် မတူညီတဲ့ သဘောထားတွေကို ငြိမ်းချမ်းတဲ့နည်းလမ်း၊ အကြမ်းမဖက်တဲ့နည်းလမ်းများနဲ့ ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူ လုပ်ခြင်း စတာတွေဟာ မဖြစ်မနေရှင်သန်ရမယ့် အင်္ဂါရပ်များဖြစ်တဲ့အတွက် အလေးထား လေ့ကျင့်ကြရမှာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ အခိုင်အမာ ခံယူထားလို့ပဲဖြစ်ပါတယ်။


မတူညီတဲ့ရပ်တည်ချက်ရှိတဲ့ ကျွန်တော်တို့နိုင်ငံသား အားလုံးဟာ အတူ လက်တွဲ လုပ်ကိုင်နိုင်တဲ့ ယုံကြည်မှု အဆင့်အတန်းတစ်ခုကို  တည်ဆောက်နိုင်ဖို့ အမှန်တကယ်လိုအပ်သလို ယုံကြည်မှု တည်ဆောက်ခြင်း ကိုလည်း လက်တွေ့ အကောင်အထည် ဖော် စမ်းသပ်ခြင်းဖြင့်သာ ရရှိနိုင်တယ်လို့ ယုံကြည်ထားပါတယ်။
ဒီပွဲကို စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သော်လည်းပဲ မှန်ကန်တဲ့ နိုင်ငံရေး စေတနာတွေကြောင့် အေးချမ်းစွာ ကျင်းပပြီးစီး နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ သမိုင်းသင်ခန်းစာတွေကို မေ့ပျောက်ပစ်ခြင်း မဟုတ်ဘဲ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ၊ သမိုင်းကြောင်းတွေထဲက ခွဲထွက် နိုင်မယ့် နိုင်ငံရေးဖြစ်စဉ် သစ်တစ်ရပ် အစပြုနိုင်ခြင်းဆိုတဲ့ မျှော်လင့်ချက်ကို စတင်ပိုင်ဆိုင်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေ ဆက်လက်ရှင်သန်အောင် ဝိုင်းဝန်းကြိုးစား ပေးကြပါလို့လည်း တိုက်တွန်း လိုပါတယ်။
ဩဂုတ်လ အတွင်းမှာ ရေကြီးနစ်မြုပ်ခဲ့မှုတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက်ကယ်ဆယ်ရေး၊ ပြန်လည်နေရာ ချထားရေး လုပ်ငန်းတွေ၊ ပျက်စီးခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည် စိုက်ပျိုးနိုင်ဖို့တွေကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် ခဲ့ရပါတယ်။


မြန်မာနိုင်ငံရဲ့အချို့သော အပူပိုင်းဒေသတွေမှာ ကြုံတွေ့ခဲ့ရတဲ့ မိုးခေါင်ရေရှားမှု ပြသနာတွေ သီးနှံ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း ကြိုးစား ဖြေရှင်းနေရပါတယ်။ ဒီလိုရေကြီးမှု၊ မိုးခေါင်ရေရှားမှု သဘာဝ ဘေးအန္တရာယ်တွေကို နောင်နှစ်တွေမှာ ဆိုးဆိုးရွားရွား မခံကြရအောင် လိုအပ်တဲ့ ကြိုတင် ကာကွယ်မှုတွေ ကို ပြင်ဆင်လုပ်ဆောင် သွားကြရမှာဖြစ်ပါတယ်။


ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန်ယူမယ့် ကျန်ရှိတဲ့ လ(၃၀)မှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် တဲ့ နေရာမှာ ပြည်သူတွေရဲ့လိုအင်ဆန္ဒတွေ၊ အင်အားတွေနဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဟန်ချက် ညီညီ
ပေါင်းစည်းနိုင်ဖို့အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတွေကို ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ အ ဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးတွေက တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ကွင်းဆင်းသွားရောက်ပြီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြတဲ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကိုလည်း ညှိနိုင်း ဖြေရှင်းဆောင်ရွက် ပေးလျက် ရှိပါတယ်။



ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ အဓိ ဦးစားပေး မူဝါဒတစ်ခုဖြစ်တဲ့ ကျေးလတ်ဒေသ ဖွံ့ဖြိုးရေးကိုလည်း ပိုမို ထိရောက်စွာ  အကောင် အထည်ဖော်နိုင်ဖို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ပြောင်းလဲဖွဲစည်းပေးခဲ့ပါတယ်။ ပြည်တွင်း အရပ်ဘက် လူ့ အဖွဲ့အစည်း တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရဲ့ ပူးပေါင်းအင်အားကို အကောင်းဆုံး ရယူနိုင်ဖို့ မူဘောင်တွေ၊ မဟာဗျူဟာတွေကို စတင်ချမှတ်နိုင်ပြီဖြစ်တဲ့ အတွက် မကြာမီကာလမှာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ အသီးအပွင့်တွေကို ကျေးလတ်နေပြည်သူများ ခံစားနိုင်တော့မှာဖြစ်ပါတယ်။


ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော် တာဝန်ယူထားတဲ့ သက်တမ်းကာလ အတွင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်လာအောင်နောင် အနာဂတ် မျိုးဆက်သစ် တွေအတွက်ပါ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ဘ၀တွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားလိုပါတယ်။


လွှတ်တော်များ၊ အစိုးရ ၊ တရားစီရင်ရေး အဖွဲ့ အစည်းများနိုင်ငံရေးပါတီ များနှင့် နိုင်ငံရေး အင်အားစုများ၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ လက်ရှိရရှိထားတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် စတင်နိုင်ခြင်း၊ လမ်းကြောင်းမှန်တဲ့ နိုင်ငံရေးအရွေ့၊ အာမခံချက်ရှိသည့် နိုင်ငံရေးဖြစ်စဉ်တွေကို အမှန်တကယ်ခိုင်မာတဲ့ အမျိုးသားရေးဖြစ်စဉ်တစ်ရပ်အဖြစ် ရယူပိုင်ဆိုင် နိုင်ဖို့ ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေး များ၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ မြန်မာ့လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခြင်းဆိုသည့် လူမှုတန်ဖိုးများ ပြန်လည် ဖော်ဆောင်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွား ကြရမှာ ဖြစ်ပါတယ်။


ဒီလိုကြိုးပမ်း ဆောင်ရွက်မှသာ မြန်မာ့ လူ့အဖွဲ့အစည်းအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးကို ရရှိမှာဖြစ်တဲ့အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။


မိဘပြည်သူများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။


.. www.MyanmarExpress.net
 

အသစ်ခန့်လိုက်သည့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် မှ ၎င်းအနေဖြင့် ဘာမှလည်းမသိကြောင်း၊ ဘာမှပြောပိုင်ခွင့်လည်းမရှိကြောင်း ဖြေကြား


အသစ်ခန့်လိုက်သည့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး ဆွေးနွေးသည့် အကြောင်း အရာများကို မေးမြန်းရာ ၎င်းအနေဖြင့် အသေအချာ ဘာမှမသိသလို ဘာမှပြောပိုင်ခွင့်မရှိဟု ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၃၁ ရက် ညနေ ၃ နာရီက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ နိုင်ငံတော်သမ္မတ လယ်တောအိမ်၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက တွေ့ဆုံခဲ့မှုကို အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှု အကြောင်းအရာများကို သူမသိကြောင်းနှင့် ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။
 
"ဒီနေ့ ညနေ ၃ နာရီ သမ္မတရဲ့ လယ်တော ဆောင်မှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပါတယ်။ ဘာကိစ္စတွေ ဆွေးနွေးလဲ မသိပါဘူး။ ထုတ်ပြန်ဖို့လည်း မရှိပါဘူး။ ဒီတွေ့ဆုံမှုက ရုတ်တရက် ဖြစ်လာတာလား၊ အစီအစဉ် တကျဖြစ်လာတာ အဲဒါကိုလည်း မပြောနိုင်ပါဘူး" ဟု ဦးဝင်းမြင့်ကဆိုသည်။

ဦးဝင်းမြင့် နှင့် ဦးဖြိုးဇေယျာ်သော်တို့အား ပြီးခဲ့သည့် အပတ်ကမှ NLD ပြောရေးဆိုခွင့်ရှိသူ အဖြင့် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။


.. www.MyanmarExpress.net
 

ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်

From : ..7day

ရန်ကုန်- ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ မှန်ပြေးဆွဲပေးမည့် အငှားကားဝန်ဆောင်မှုလုပ်ငန်းကို အမေရိကန်လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင်စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“လေယာဉ်တစ်စီးဆိုက်တိုင်း တစ်ခေါက်ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေးမယ်။ နိုင်ငံခြားသားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ်ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီအကြီးအကဲ ဦးကျော်ကျော်က ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆူးလေနှင့်ပန်းဆိုး တန်းအထိပြေးဆွဲပေးမည်ဖြစ်ပြီး နိုင်ငံခြားသားများအတွက် ဟိုတယ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ကာ ပြည်တွင်းခရီးသွားများအတွက်မူ လေဆိပ်မှအင်းစိန်လမ်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ အနီးဆုံးနေရာများတွင် ချထားပေးမည်ဟု ဦးကျော်ကျော်ကပြောသည်။

“နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာပဲလေ။ ခရီးသွားလုပ်ငန်းကောင်းလာရင် ဒါမျိုးဝန်ဆောင်မှုတွေက ၀င်လာမှာပဲ။ နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သုတေသနလုပ်ပြီးမှလုပ်တာ”ဟု Nature Dream ခရီးသွား ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဒေါ်စပယ်အောင်က ပြောသည်။
Yangon Ariport Shuttle ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံစဉ်အဆို ပါလုပ်ငန်းနှင့်ပတ်သက်၍တင်ပြခဲ့၍ နိုင်ငံတော်သမ္မတနှင့်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတို့က လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် Yangon Ariport Shuttle ကုမ္ပဏီသည် ၀ှီးချဲ ပါတင်ဆောင်နိုင်သောကားအပါအ၀င် ကားခြောက်စီးဖြင့်လုပ်ငန်း စတင်မည်ဖြစ်သည်ဟုဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

.. www.MyanmarExpress.net
 

ဆီးရီးယားကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီး ကွန်ဂရက် သဘောတူညီချက် ရရှိရေး ကြိုးပမ်းသွားမည်ဟု သမ္မတအိုဘားမား ပြောကြား

From : ..eleven

Z-1-9
မြေထဲပင်လယ်တွင် အမေရိကန်က စေလွှတ်ထားသော ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားသည့် ဖျက်သင်္ဘော ငါးစင်း၏ ဓာတ်ပုံကို အမေရိကန် ရေတပ်ဝက်ဘ်ဆိုက်မှ ရယူထားပုံ
ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်၏ အစိုးရကို အရေးယူရန် ဆီးရီးယားကို တိုက်ခိုက်သင့်သည်ဟု ဆုံးဖြတ်ထားကြောင်း သို့သော်လည်း ကွန်ဂရက်၏ သဘောတူ ခွင့်ပြုချက် ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သမ္မတ ဘားရက်အိုဘားမားက သြဂုတ် ၃၁ ရက်က အိမ်ဖြူတော် နှင်းဆီဥယျာဉ်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၅၀ မိနစ်၌ မိန့်ခွန်းပြောကြားခဲ့သော သမ္မတ အိုဘားမားက ဆီးရီးယားတွင် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စစ်ရေးအရ အရေးယူ ဆောင်ရွက်ရန် ကွန်ဂရက်ခေါင်းဆောင်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးများသည် သြဂုတ် ၃၁ ရက်နေ့က ဆီးရီးယားမှ ပြန်လည်ထွက်ခွာလာပြီး လုံခြုံရေးကောင်စီသို့ နောက်ဆုံးအစီအရင်ခံစာ တင်ပြရန် ပြင်ဆင်နေကြပြီး အစီအရင်ခံစာ တင်သွင်းရန်အတွက် အချိန်တစ်ပတ်ခန့် ကြာမြင့်နိုင်သည်။
ဥပဒေပြု အမတ်များနှင့် ဆက်ဆံရေး မကျေမလည်ရှိသော အိုဘားများအတွက် ဆီးရီးယားအရေး ကွန်ဂရက်တွင် ဆွေးနွေးမှုသည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ အိုဘားမားအနေဖြင့် ဗြိတိန်ပါလီမန်တွင် ဆီးရီးယားကို အရေးယူရန် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ ရှုံးနိမ့်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကဲ့သို့ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရနိုင်သည်။
ဥပဒေပြု အမတ်များ နွေရာသီ အနားယူချိန်မှ ပြန်လာသည်နှင့် ကွန်ဂရက်တွင် ဆီးရီးယားအရေး အချေတင် ဆွေးနွေးကြရန် သဘောတူထားကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ ယင်းဆွေးနွေးမှုသည် စက်တင်ဘာ ၉ ရက် မတိုင်မီအထိ ကျင်းပဖွယ် မရှိပေ။ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့ကလည်း အစည်းအဝေး စောစီးစွာ ခေါ်ယူရန် အကြံပြုထားချက် မရှိကြောင်း သိရသည်။
အမေရိကန် အနေဖြင့် ဆီးရီးယားကို ယခုရက်သတ္တပတ် အကုန်တွင် တိုက်ခိုက်ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ရှိနေသော်လည်း အိုဘားမား၏ ဆုံးဖြတ်ချက်ကြောင့် ယခုတစ်ပတ်အတွင်း တိုက်ခိုက်မှု ဖြစ်လာနိုင်ဖွယ် မရှိတော့ပေ။
ဆီးရီးယားအရေး တင်းမာနေချိန်တွင် အမေရိကန်သည် အရှေ့မြေထဲပင်လယ်တွင် တပ်စွဲထားသည့် ခရုဇ်ဒုံးကျည်များ တပ်ဆင်ထားသော ဖျက်သင်္ဘော ငါးစင်းအနီးသို့ စစ်သင်္ဘောတစ်စင်းကို ထပ်မံစေလွှတ်ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက သြဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။ ကုန်းရေသွားနိုင်သော USS San Antonio သင်္ဘောပေါ်တွင် မရိန်းတပ်သား ရာပေါင်းများစွာ လိုက်ပါလာခဲ့သော်လည်း ဆီးရီးယားကို တိုက်ခိုက်ရာတွင် ယင်းတပ်ဖွဲ့ဝင်များအား မြေပြင်တပ်ဖွဲ့ဝင်များအဖြစ် စေလွှတ်မည် မဟုတ်ကြောင်း သိရသည်။ San Antonio သင်္ဘောသည် သြဂုတ် ၂၉ ရက်တွင် ပင်လယ်နီမှတစ်ဆင့် စူးအက်တူးမြောင်းကို ဖြတ်သန်းလာခဲ့ခြင်းဖြစ်ပြီး အရှေ့မြေထဲပင်လယ်ရှိ ဖျက်သင်္ဘောများ အနီးတွင် တပ်စွဲထားရန် သြဂုတ် ၃၀ ရက်၌ ညွှန်ကြားခံရကြောင်း သိရသည်။
ဆီးရီးယား အစိုးရသည် အရပ်သားများအပေါ် ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခဲ့သည့် အထောက်အထားများကို အမေရိကန်သမ္မတ ဘာရက်အိုဘားမား အစိုးရက သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဆီးရီးယား အစိုးရကို အပြစ်ပေးတော့မည့် အလားအလာ ထင်ရှားလာခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် ဆင်နွှဲခဲ့သော လစ်ဗျားစစ်ဆင်ရေးနှင့် မတူဘဲ ကာလတိုအတွင်း ပစ်မှတ်များကို အကန့်အသတ်ဖြင့် တိတိကျကျ တိုက်ခိုက်ဖျက်ဆီးရန် ဆွေးနွေးနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အမေရိကန် ရေတပ်သည် ဖျက်သင်္ဘော သုံးစင်းကို မြေထဲပင်လယ်တွင် တပ်စွဲထားမှုမှာ ပုံမှန်ဖြစ်သော်လည်း ဆီးရီးယားအရေးကိစ္စ ပေါ်လာချိန်တွင် ယခုကဲ့သို့ ဖျက်သင်္ဘောနှစ်စင်းကို တိုးမြှင့်တပ်စွဲခဲ့ခြင်း ဖြစ်သည်။ ယင်းဖျက်သင်္ဘောများတွင် Tomahawk ဒုံးကျည် စုစုပေါင်း အစင်း ၂၀၀ ခန့် တပ်ဆင်ထားကြောင်း သိရသည်။


.. www.MyanmarExpress.net
 

နေ့စား ပညာရေး ဝန်ထမ်းများ ခံစားခွင့် နှစ်ဆရမည်

From : ..irrawaddy

ချင်းပြည်နယ် မင်းတပ်မြို့နယ် စီးချဲ့ရပ်ကွက်ရှိ မူလတန်းကျောင်း (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)
ချင်းပြည်နယ် မင်းတပ်မြို့နယ် စီးချဲ့ရပ်ကွက်ရှိ မူလတန်းကျောင်း (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)

နေ့စား ပညာရေးဝန်ထမ်းများ၏ ခံစားခွင့်ကို နှစ်ဆ တိုးမြှင့်ခံစားခွင့် ပေးရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံ ပညာရေးစီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ “နေ့စားပညာရေးဝန်ထမ်းတွေအတွက် အခု ဘတ်ဂျက် တွက်ချက်နေတယ်။ ဒီပညာရေးနှစ် မကုန်ခင်ပဲ ဖြစ်မလား၊ နောက်နှစ်ပဲ ဖြစ်မလားတော့ မသိသေးဘူး။ အမြန်ဆုံး ဖြစ်အောင်တော့ လုပ်နေပါတယ်” ဟု ၎င်း တာဝန်ရှိသူက ဆိုသည်။
ဝေးလံခေါင်ဖျား နေရာများကို သွားရောက် တာဝန်ထမ်းဆောင်နေသော အမြဲတမ်း ပညာရေးဝန်ထမ်းများကို လစာ ၁ ဆ တိုးပေးကာ ခံစားခွင့် ပေးထားသော်လည်း နေ့စား ပညာရေးဝန်ထမ်းများမှာမူ နဂို ခံစားခွင့်ထက် ပို၍ခံစားခွင့် မရခဲ့ သေးကြောင်း သိရသည်။

“နေ့စားတွေက တနေ့ကို ၂၇၀၀ ရတယ်။ တခြား ခံစားခွင့်မရှိဘူး။ ဒေသစရိတ် ခံစားခွင့်ရှိတဲ့ နေရာတွေသွားရင် ခံစားခွင့် ပေးမှာပေါ့။ ဒေသစရိတ် ခံစားခွင့်မရှိတဲ့ နေရာပဲ ဆိုရင်တော့ မူလအတိုင်း ၁ ရက် ၂၇၀၀ ပဲ ခံစားခွင့်ရှိပါမယ်။ကျောင်းပိတ်ရက် မပါဘူး။ အမြဲတမ်း ပညာရေးဝန်ထမ်း တွေကတော့ လစာ ၆၀၀၀၀ ရရင် ဝေးလံခေါင်ဖျား သတ်မှတ် နေရာသွားရင် ခံစားခွင့်က လစာနည်း တူရတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပညာရေး သင်ကြားမှုတွင် မြို့ပေါ်ဖြစ်ပါက အေအဆင့်၊ မြို့ပြင်ဖြစ်ပါက ဘီအဆင့်၊ မြို့ပြင်နေ့ချင်းပြန် သွားနိုင်ပါက စီအဆင့်၊ တပတ်တကြိမ်သာ သွားနိုင်လျှင် ဒီ အဆင့်၊ တလတကြိမ်သာ သွားနိုင်လျှင် အီး အဆင့် စသည်ဖြင့် အဆင့် သတ်မှတ် ချက်များ ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

ဝေးလံခေါင်ဖျား နေရာအဆင့် သတ်မှတ်ချက်ကိုမူ အဆင့်သတ်မှတ် သင်ကြားရာတွင် မြို့ပြင် နေ့ချင်းပြန်သွားနိုင်ပါက စီအဆင့်၊ တပတ် တကြိမ်သာ သွားနိုင်လျှင် ဒီအဆင့်၊ တလတကြိမ်သာ သွားနိုင်လျှင် အီးအဆင့်ဖြင့် သတ်မှတ် ထားကြောင်း သိရသည်။

“နေ့စား ပညာရေးဝန်ထမ်း ဆိုတာက များသောအားဖြင့် အမြဲတမ်း ဝန်ထမ်းတွေထက် ပိုပြီး ဝေးလံ ခေါင်ဖျားတဲ့ နေရာတွေ ပိုသွားရတယ်။ အခု သူတို့ပေးဖို့ စီစဉ်တာကလည်း လောက်ငှမှု မရှိပေမယ့် နဂိုကထက် စာရင်တော့ တော်သေးတယ် ပြောရမှာပါ။ ကျမတို့မှာ တခြား ခံစားခွင့် ဘာမှမရှိပါဘူး။ ကျန်းမာရေး ဘာညာဆိုတာလည်း ခံစားခွင့် ရှိတာမဟုတ်ဘူး” ဟု နေ့စား ပညာရေးဝန်ထမ်း မခင်နှင်းဆွေက ပြောပြသည်။
လက်ရှိတွင် နေ့စားဝန်ထမ်းများ အနေဖြင့် ဒေသစရိတ် ခံစားခွင့်ရ နေရာများကို သွားမည်ဆိုပါက တနေ့လျှင် ၂၇၀၀ နှုန်း၊ ဒေသစရိတ် ခံစားခွင့်အရ တနေ့ ၂၇၀၀ နှုန်း၊ ပေါင်း တနေ့လျှင် ၅၄၀၀ နှုန်း ခံစားခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

နေ့စားဝန်ထမ်းများကို အများအားဖြင့် စီအဆင့်၊ ဒီအဆင့်၊ အီးအဆင့် နေရာများကို စေလွှတ်နိုင်ရေးအတွက် ၂၀၁၃ -၂၀၁၄ ပညာရေးနှစ် အတွက် နေ့စားဝန်ထမ်း ၅၀၀၀၀ ကျော်ကို ခန့်အပ်ထားကြောင်း၊ ၎င်းတို့ကို ဒေသစရိတ် ခံစားခွင့်ရ နေရာများကို သတ်မှတ်ကာ နေရာချပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

“နေ့စားဝန်ထမ်းတွေကို အမြဲတမ်း ဝန်ထမ်းဖြစ်ဖို့အတွက် ကတော့ သတ်မှတ်ထားတဲ့ ဆရာဖြစ် မွမ်းမံ သင်တန်းတွေ ပေးပြီးရင်တော့ အမြဲတမ်း ပညာရေးဝန်ထမ်း အနေနဲ့ ခန့်အပ်သွားမှာပါ။ သင်တန်းတွေကိုတော့ ကျောင်းပိတ်ရက်တွေမှာ သင်ပေးပါတယ်။ အဆင့်ဆင့် စာမေးပွဲဖြေပြီးရင် အမြဲတမ်း ပညာရေးဝန်ထမ်း ခန့်အပ်ပါတယ်” ဟု ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပညာရေး သတ်မှတ်ချက်အရ တနိုင်ငံလုံးတွင် ဒေသစရိတ် ခံစားခွင့်ရှိသည့် ဝေးလံခေါင်ဖျားသော မြို့နယ်ပေါင်း ၁၁၀ နေရာရှိကြောင်း၊ ဝေးလံခေါင်ဖျားသော မြို့နယ်ပေါင်း ၁၁၀ နေရာတွင် ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ မကွေး စသည့် ပြည်နယ်တိုင်းများရှိ မြို့နယ်များ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန်ချက်အရ သိရသည်။

.. www.MyanmarExpress.net
 

ဆီးရီးယားအပေါ် စစ်ရေးအရအရေးယူသည့်ကိစ္စ ဗြိတိန်ပါဝင်တော့မည် မဟုတ်ဟု ဒေးဗစ်ကင်မရွန်း ပြောကြား

From : ..the voice

ဓာတုလက်နက်များ အသုံးပြုခြင်းကြောင့် အမေရိကန် ဦးဆောင်၍ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက်အရေးယူရေးကိစ္စတွင် ဗြိတိန်နိုင်ငံက ပါဝင်တော့မည် မဟုတ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက်သည့်ကိစ္စအတွက် ဗြိတိန်ပါလီမန်တွင် ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၇၂ မဲနှင့် ကန့်ကွက်မဲ ၂၈၅ မဲ ရှိခဲ့ခြင်းကြောင့် ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်တွင် ဗြိတိန်အနေနှင့် ပါဝင် တော့မည် မဟုတ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟန်းမွန်းက ပြောကြားသည်။

၎င်းအနေနှင့် ပါလီမန်၏ လိုလားချက်ကို လွှမ်းမိုးကျော်လွှားမည် မဟုတ်ကြောင်း၊ ဓာတုလက်နက် အသုံးပြုသော ဆီးရီးယားအစိုးရကို စစ်ရေးဖြင့် တိုက်ခိုက်ရန် လွှတ်တော်အမတ်များက မလိုလားကြကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆိုသည်။

အမေရိကန် ဦးဆောင်၍ ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်တွင် ဗြိတိန်ပါဝင်ခြင်း မရှိသည့်အတွက် အမေရိကန်တို့အနေနှင့် စိတ်ပျက်သွားဖွယ် ရှိသော်လည်း အမေရိက၏ လုပ်ရပ်ကိုမူ ရပ်တန့်သွားစေမည်ဟု မထင်ကြောင်းကိုလည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုခြင်းသည် အမေရိက၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို အန္တရာယ်ပေးသည့် အခြေအနေသို့ ရောက်ရှိနေခြင်းကြောင့် ဗြိတိန်ကဲ့သို့သော မဟာမိတ်များ၏ ထောက်ခံမှု မရရှိခဲ့လျှင်သော်မှ အမေရိကန်သမ္မတ အိုဘားမားသည် ဆီးရီးယားအပေါ် အကန့်အသတ်ရှိသော လုပ်ရပ်များ ဆက်လက်ပြုလုပ်လိုဖွယ် ရှိကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

“သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို လမ်းညွှန်ပေးမှာကတော့ အမေရိကန်ရဲ့ အကျိုးစီးပွားပါပဲ။ ဆီးရီးယားမှာ အမေရိကန်ရဲ့ ပင်မအကျိုးစီးပွားအပေါ် ထိခိုက်မှုရှိလာပြီ။ နောက်ပြီးတော့ ဓာတုလက်နက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ နှုန်းစံတန်ဖိုးတွေကို ချိုးဖောက်တဲ့နိုင်ငံဟာ တာဝန်ယူ မှု တစ်စုံတစ်ရာ လိုအပ်ပါတယ်” ဟု အမေရိကန်သမ္မတ အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရအမျိုးသမီး ကိတ်လင်းဟေဒန်က ပြောကြားသည်။

ဆီးရီးယားအပေါ် အတူတကွ အရေးယူရန်အတွက် အမေရိကန်သည် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုရရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ပြောကြားသည်။

သို့သော် ဆီးရီးယားအပေါ် စစ်ရေးဖြင့် အရေးယူမည့်ကိစ္စမှာ ဆီးရီးယားတွင် ရောက်ရှိနေသော ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးများ၏ အစီရင်ခံစာ မထွက်မချင်း ဖြစ်နိုင်ဖွယ်မရှိပေ။
ဆီးရီးယားသို့ ရောက်ရှိနေသော ကုလလက်နက် စုံစမ်း စစ်ဆေးရေးမှူးများသည် စနေနေ့တွင် ဆီးရီးယားမှ ထွက်ခွာမည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အစီရင်ခံကြမည် ဖြစ်သည်။

ကုလသမဂ္ဂ စစ်ဆေးတွေ့ရှိချက်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အမြန်ဆုံးချပြရန် ကုလသမဂ္ဂကို ပြင်သစ်နှင့် ဂျာမနီတို့က တိုက်တွန်းထားသည်။

ဆီးရီးယားအပေါ် အရေးယူမည့်ကိစ္စနှင့် ပတ်သက်ပါက ကုလလုံခြုံရေးကောင်စီတွင် ဆီးရီးယား၏ မဟာမိတ်ရုရှားက ကန့်ကွက်ဖွယ် ရှိခြင်းကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ကုလ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မပါခဲ့လျှင်သော်မှ ဆီးရီးယားအပေါ် အရေးယူမှု တစ်စုံတစ်ရာ လုပ်လိုကြသည်။

သို့သော် အီတလီကမူ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မပါဘဲ စစ်ရေးအရ အရေးယူခြင်းကို ပါဝင်မည် မဟုတ်ကြောင်း ပြောကြားထားသည်။

.. www.MyanmarExpress.net
 

ဒေါ်စုက ဒီနေ့ထိ ပါတီကို စနစ်တကျ တည်ဆောက် နိုင်ခြင်း မရှိသေး ဘူး၊ ၈၈ သွားနေတဲ့ လမ်းကြောင်းက မသေချာမရေရာတဲ့ ဝိုးတိုးဝါးတား လမ်းကြောင်းပါ ~ ဒေါက်တာ ရန်မျိုးသိမ်း



မော်ဒန်။ ။ အင်န်အယ်ဒီပါတီရဲ့ အားသာချက် အားနည်းချက်တွေ အပေါ် ဆရာ့ရဲ့အမြင်လေး ပြောပြပေးပါရှင့်။

ဒေါက်တာရန်မျိုးသိမ်း။ ။ အင်န်အယ်ဒီပါတီရဲ့ အဓိက သာချက် ကတော့ ပြည်သူလုထု အများစုကြီးက ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုပါ။ အဓိက အားနည်းချက်ကတော့ ဒီနေ့အချိန်အထိ ပါတီကို စနစ်တကျ တည်ဆောက်နိုင်ခြင်း မရှိသေးတဲ့ အနေအထားပါ။ ခုလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ တည်ဆောက်ရေးကို စနစ်တကျ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အဲဒါဟာ အနာဂတ်မျိုးဆက် တွေအတွက် နိုင်ငံရေးအမွေကောင်း ပေးတာ ဖြစ်နိုင်ပါတယ်။ 



 

 မော်ဒန်။ ။ အခု ၈၈ ကျောင်းသားများအဖွဲ့ သွားနေတဲ့လမ်းကြောင်း ကိုရော ဘယ်လို သုံးသပ်မိပါသလဲ ဆရာ။
 

ဒေါက်တာ ရန်မျိုးသိမ်း။ ။ အခု ၈၈ သွားနေတဲ့ လမ်းကြောင်းက မသေချာမရေရာတဲ့ ဝိုးတိုးဝါးတား လမ်းကြောင်းပါ။ ပြည်သူတွေ မျှော်လင့်တဲ့ အနေအထားနဲ့ တော်တော့်ကို အလှမ်းဝေး နေပါတယ်။



 .. www.MyanmarExpress.net
 

အနားပေးခံရသော ဆရာမဒေါ်စိုးစိုးခိုင် အတွက် ဆရာမများတောင်းဆိုနေကြပြီ

From : .. http://myanmarnewsupdates.blogspot.com/2013/08/blog-post_1044.html

 အခုတလောသတင်းတွေထဲမှာ Hot နေတဲ့ သတင်းတစ်ခုဖြစ်သော ဆရာမဒေါ်စိုးစိုးခိုင်နှင့် ပတ်သတ်ပြီး ပြောချင် ပါတယ်။ ဆရာမဒေါ်စိုးစိုးခိုင်အနေနဲ့ ဘာကြောင့်ဖြစ်တယ်၊ ဘာလို့  ဖြစ်တယ် ဆိုတာ ရဲရဲတင်းတင်းမှန်မှန်ကန်ကန် ဖြေရှင်းသင့်ပါတယ်။ မသိရင် ၈၈၈၈ ငွေရတုပွဲတက်လို့ ပညာရေးဝန်ကြီးဌာနက အနားပေး သယောင်ယောင်ဖြစ်အောင် လုပ်နေ တာတွေ့ ရတာ စိတ်မ ကောင်း စရာပါ။ ပညာရေးဝန်ကြီး ဌာနကနေ ရှင်းထားတာခွင့်ရက် ကျော်လွန်လို့  အနားပေး လိုက်တယ် ဆိုတာတွေ့ရပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ အခုလိုပညာရေး အဆင့်မြှင့် တင် နေတဲ့ အချိန်မှာအခုလိုတာဝန်ချိန်လဲမလေးစား၊ ခွင့်ရက် တွေလဲကျော်ယူတယ်ဆိုတာ လုံးဝ မဖြစ်သင့် ပါဘူး။ အခုလို စံပြပုံစံမျိုးပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးပြီးကတည်းက အဘက်ဘက် ကနေ ဘက်စုံပြင်ဆင်နေသည်ဖြစ်ကာ ပညာရေးဘက်တွင်လည်း ပြုပြင်ပြောင်းလဲ မှုများကိုကြုံတွေ့ နေရ ပြီဖြစ်ပါတယ်။ ယခုလိုပြောဆိုခြင်းကြောင့် ကျမသည် အစိုးရဘက် တော်သားလဲ မဟုတ်ရပါ။ အတိုက်အခံ ဘက်တော်သားလဲ မဟုတ်ရပါ။ သမ္မတကြီး ဦးသိန်းစိန်နှင့် အန်တီစုတို့၏ ပူးပေါင်း လုပ်ဆောင်မှုများကို အမြဲတမ်းအားပေးနေသူပါ။ သမ္မတကြီးနှင့် အန်တီစုတို့ သည်လည်း ပညာရေးခေတ်မှီ တိုးတက်အောင်ဆောင်ရွက်နေ စဉ်လက်အောက်မှ လုပ်ဆောင်ကြသောဆရာ၊ ဆရာမသည်လည်း မိမိတာဝန်ကိုမိမိကျေပွန်အောင် ထမ်းဆောင်ကြမှသာလျှင် ပညာရေးသည် အမှန်တကယ်ခေတ်မှီ တိုးတက် မည်ဖြစ်ပါသည်။ ရှေ့မှလူကြီးများက လမ်းကြောင်းဖြောင့်အာင် သွားနေ စဉ် နောက်မှလိုက် သောသူများက လမ်းကြောင်း အကောက် လိုက်လျှင် ရည်မှန်းချက် ပန်းတိုင်ကို လွယ်ကူစွာ ရောက်မည်မဟုတ်ပါ။ ထို့ အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင် ဖို့ လိုအပ်ပါသည်။
   ကျမအသိကျောင်းသားမိဘတစ်ယောက်ပြောဖူးတယ်။ "ဆရာမရယ်သားကို ကျောင်းသာ လွှတ်ရတယ်။ ဆရာ မလာရတာနဲ့၊ လာတဲ့ဆရာကလဲ စာသိပ်မသင်တာနဲ့ ကျမတို့ လဲ ဘယ်လို လုပ်ရပါ့ မလဲကို မသိပါဘူးတော်"ဟုပြောခဲ့ဖူးပါသည်။ အဲ့ဒီတုန်းကတောင် စဉ်းစား မိတယ်။ တချို့  ဆရာက ခွင့်ပြန်တာတို့ ဘာတို့ ဆို အစားဆရာတစ်ယောက် ၀င်ရတယ်။ အစားဝင်ပေး ရတယ် ဆိုတာ ကလဲ ကိုယ့်အချိန်ကိုယ် အပျက်ခံပြီးဝင်ရခြင်း မဟုတ်ပါ။ ကိုယ့်အချိန်လဲသင်၊ သူများ အချိန်လဲ ၀င်သင်ပေးရ တာပေါ့။ အဲ့ဒီမှာအခုဖြစ်သွားတဲ့ ဆရာမ လိုခွင့်ရက်တွေ အများကြီး ကျော်လွန်ပြီး နေမယ်ဆိုရင် သူ့ အစားဝင်သင်ပေးရတဲ့သူက ကောကြာလာရင် ဘယ်လုပ်ပြီး လုပ်ပေး ချင် ပါတော့မလဲ။ အဲ့တာတွေကို အခုလိုခွင့်ပြန် နောက်ကျတဲ့ ဆရာမဒေါ်စိုးစိုးခိုင် သေချာ စဉ်းစားသင့်တယ်။

    နောက်ပြီးအခုဖြစ်စဉ်ကို ခေါင်းစဉ်တပ်တာက ၈၈၈၈ငွေရတု ပွဲတက်လို့  ဆိုပြီးတော့ ခေါင်းစဉ် တပ်ထား တာတွေ့ ရပါတယ်။ တကယ်ကတော့ ကျမထင်တာ မဆိုင်ဘူး ထင်တယ်။ ကျမလဲ ၈၈၈၈ ငွေရတုပွဲမှာ ဒံပေါက်တောင် သွားစားကြသေးတယ်။ နောက်ပြီး ကိုမင်းကိုနိုင် တို့ စကားပြော တာ တွေတောင် နားထောင်ခဲ့ ပါသေးတယ်။ ကျမတစ်ယောက် ထဲမဟုတ်ပါ။ ကျမ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေလဲပါပါတယ်။ ၈၈၈၈ ငွေရတုပွဲတက် လို့ အလုပ်ဖြုတ်ကြေးဆိုရင် ကျမ တို့ သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး အလုပ်ဖြုတ်ခံရ မှာပေါ့။ အဲ့ဒီလို မဆိုင်ရာကို ခေါင်းစဉ် တက်တာ ကတော့ ၈၈၈၈ ငွေရတုပွဲ ကိုကော၊ အဲ့ဒီဆရာမကို ခွင့်ရက် ကျော်လို့ အနားပေး လိုက်တဲ့ သူတွေအတွက်ကော မကောင်း ဖြစ်သွားစေ ပါတယ်။ ကျမတို့  မြန်မာစကားပုံ လိုပေါ့။ "ထန်းသီးကြွေခိုက်၊ကျီးနင်းလိုက်ဆို သလို" သူ့ဟာ သူခွင့်ရက်တွေ ကျော်လွန်ပြီး ၀န်ထမ်း စည်းကမ်း ဖောက်ဖျက်တာ ၈၈၈၈ ပွဲနဲ့  တိုက်သွားတော့ အံဝင် ဂွင်ကျဖြစ်သွား တာပေါ့။

ကျမအနေနဲ့ ဆရာမအချင်းချင်း ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါ။ကျမလဲ ၀န်ထမ်း တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင် နေရင်းခွင့် ရရင်ပြန်ဖြစ်ပါတယ်။ ခွင့်ရက် စေ့လို့ ပြန်ခါ နီးဆို ပြန်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးရတာ။ ခွင့်ရက်ကျော်မှာ စိုးရိမ်လို့ ပါ။ ခွင့် ရက် ကျော်လွန် တာထက် ကျမတပည့်လေးတွေနဲ့ ကျမပြန်မရောက်ရင် ကျမအစားဝင်ပေး မယ့် ဆရာ/ ဆရာမ တွေရဲ့  စိတ်တွေကို တွေးရင်းနဲ့ အချိန်မှန် ရောက်အောင်ပြန်ရတာပါပဲ။ ကျမတို့လိုကျောင်း ဆရာမ၀န်ထမ်းတွေ တင်မဟုတ်ပါဘူး။ ၀န်ထမ်းတိုင်းမှာ တာဝန်ချိန် ပျက်ကွက်ရင် ဘာဖြစ်တယ် ဆိုတာ သူ့ စည်းကမ်းနဲ့ သူ၊ သူ့ စည်းမျဉ်းနဲ့ သူ ရှိပါတယ်။ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ဆိုပိုတောင် ဆိုးပါတယ်။ အခန့် မသင့်ရင်သေဒဏ်တောင် ကျနိုင်တဲ့ တာဝန်ချိန် ပျက်ကွက်မှု စည်းကမ်းတွေ ရှိပါတယ်။ ကျမတို့ နိုင်ငံသားတွေ အတွက် လဲ စိတ်မကောင်းတာ တစ်ခုက တစ်ခုခုဖြစ်ပြီ ဆိုဘယ်လို လုပ်စားမလဲ၊ ဘယ်လိုအကြောင်း ပြရမလဲဆိုတာပဲတွေးတတ်ကြပြီး ပြသနာကို ရဲရဲ တင်းတင်း ဖြေရှင်းဖို့ ဝန်လေးနေတတ်ကြ ပါတယ်။ အဲ့လိုတွေကြောင့်လဲ အခုလိုတွေဖြစ်နေ တယ်လို့ ထင်ပါတယ်။
     ကျမအနေနဲ့ အခုပြောချင်တာကတော့ အဲ့ဒီခွင့်ကျော်လွန် နေထိုင်ပြီး ၈၈၈၈ငွေရတုပွဲ တက်လို့ ဆိုပြီး ခေါင်းစဉ်တက်ထားတဲ့ ဆရာမဒေါ်စိုးစိုးခိုင် အနေနဲ့ ကိုယ့် တာဝန်ကို ကိုယ်တိုင် ဖြေရှင်းသင့်ပါတယ်။ ဆရာမအတွက် ၈၈၈၈ ငွေရတုပွဲကိုလဲ အကျည်းမတန် စေချင်ပါ။ ပညာရေးဝန်ကြီးဌာနကိုလဲ တောင်းဆိုချင်တာ ကတော့ နောင်လဲ စည်းကမ်း မလိုက်နာတဲ့သူ ဆိုလျှင် စာရေးသူ ကျမကစပြီး ထိထိရောက်ရောက် အရေးယူပေးပါလို့ တောင်းဆိုပါရစေရှင်။ သို့ မှသာလျှင် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲ လျှက်ရှိတဲ့ ပညာရေး စနစ်သည်လဲ အမှန်တကယ် ထိရောက် မည်ဖြစ်ပါသည်။ ဒေါ်စိုးစိုးခိုင်အနေဖြင့် လဲ ကိုယ့် တာဝန် ကိုယ်ယူနိုင်သော ၀န်ထမ်းကောင်း တစ်ယောက် ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
ဒေါ်ခင်နွယ်ဦး(အ.ထ.ပြ)
အမှတ်( )၊အခြေခံပညာအထက်တန်းကျောင်း၊
ရန်ကုန်တိုင်းဒေသကြီး။

မှတ်ချက်။   ။ပေးပို့ ဆရာမ၏ ကျောင်းအမှတ်နှင့် မြို့ နယ်များကိုလိုအပ်ချက် အရဖြုတ်ထားပေး ပါသည်။


.. www.MyanmarExpress.net
 

ယာဉ်ထိန်းရဲများကို ခရီးသည်တင် ယာဉ်မောင်း စကေဘာဖြင့်ထိုး

From : ..the voice

တာမွေမြို့နယ် လေးထောင့်ကန် လမ်းပေါ်ရှိ ILBC ကျောင်းဆင်းချိန်တွင် ယာဉ်ကြော ရှင်းနေသော ယာဉ်ထိန်းရဲများကို မ.ထ.သ (၁၈၇) ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦးက စကေဘာဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း တာမွေမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စု (၂၇) မှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြား သည်။

တာမွေ ယာဉ်ထိန်းတပ်စု (၂၇) မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် သုံးဦးက သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မှ တာမွေသို့ ပြေးဆွဲသည့် မ.ထ.သ (၁၈၇) ယာဉ်လိုင်း ခရီးသည်တင် ဘီအမ်ယာဉ်ကို မှတ်တိုင် မဟုတ်ဘဲ တံခါးဖွင့် မောင်းလာ သဖြင့် ချလန် ဖြတ်လိုက် ကြောင်း၊ ယာဉ်မောင်းက မကျေနပ်၍ ညနေ ၃နာရီ မိနစ်၃၀ ခန့်တွင် အဆိုပါ ယာဉ်ထိန်းရဲများကို စကေဘာဖြင့် ထိုးခြင်း ဖြစ်ကြောင်း၊ ယာဉ်ထိန်း တပ်ကြပ် အုန်းကျော်တွင် ညာလက်သန်း ပြတ်ရှ ဒဏ်ရာနှင့် တပ်သား လွင်မျိုးအောင်တွင် ခါးဘယ်ဘက် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

“ဒီလူ ကွမ်းယာကို လာဝယ်ပြီး ယာဉ်ထိန်းရဲဘက် ထွက်သွားတာ တွေ့ တယ်။ အသံတွေ ကြားတော့ လှမ်းကြည့်လိုက်တာ ရဲတွေကို စကေဘာနဲ့ လိုက်ထိုးနေတာ” ဟု ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန် လမ်းထောင့် တွင် မျက်မြင် တွေ့ရှိသူ ကွမ်းယာသည် အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောဆိုသည်။

ယာဉ်ထိန်းရဲများကို စကေဘာဖြင့် ထိုးသူ (၁၈၇) ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးခင်မောင်ဌေးကို တာမွေ မြို့မ ရဲစခန်းက (ပ) ၃၇၉/၁၃၊ ပြစ်မှု ပုဒ်မ ၂၉၄/ ၃၃၃/၅၀၆ တို့ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် စုံစမ်းလျက် ရှိကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။


 .. www.MyanmarExpress.net
 

ဥက္ကံတွင် ကောလာဟလထွက်ပေါ်ပြီး ကျောင်းများသို့ လူရာချီ သွားရောက်သဖြင့် လုံခြုံရေးတိုးမြှင့်

From : ..the voice

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီကျော်က ဗုဒ္ဓဘာသာနှင့် ဘာသာခြားတို့ ရိုက်နေသည်ဟူသော ကောလာဟလ ထွက်ပေါ်ခဲ့သဖြင့် အဆိုပါမြို့ရှိ မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းများသို့ လူရာချီစုဝေး ရောက်ရှိ ခဲ့သောကြောင့် လုံခြုံရေး တိုးမြှင့်ဖြေရှင်းခဲ့ရကြောင်း ကျောင်းသားမိဘများနှင့် မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ ကောလာဟလများကြောင့် အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် စာသင်နေသော ကလေးငယ်များကို စိုးရိမ်ပူပန်သောကြောင့် ကျောင်းသားမိဘများက နေအိမ်များမှ လာရောက်ခေါ်ယူခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦးက The Voice သို့ ပြောကြားသည်။

ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက်နေ့ ၁၀ နာရီခန့်က ဒသမတန်းအခန်း D တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသားနှစ်ဦးက ကျပ်တစ်သောင်း လောင်းကြေးထပ်ကာ ၁၃ ပေခန့်မြင့်သော နှစ်ထပ်ကျောင်းဆောင်ပေါ်မှ ခုန်ချရန် သဘောတူပြီး ခုန်ချစဉ် ၎င်းတို့နှစ်ဦးအနက် အစ္စလာမ် ဘာသာဝင်ကျောင်းသား ခြေထောက်နာသွားသဖြင့် ဆေးခန်းသွားပြပြီးနောက် အဆိုပါ ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါကျောင်းမှ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက ရှင်းပြသည်။

တစ်ချိန်တည်းတွင် ဥက္ကံမြို့ရှိ မြို့မ (၁) ရပ်ကွက် အိုးဘိုတန်း ဘွက်ကုန်းနှင့် ဥက္ကံရွာမ ကျွန်းတောကုန်းတို့တွင် ဆိုင်ကယ်ပေါ်မှနေ၍ အော်ဟစ်ဆဲဆိုမှုများ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း ဥက္ကံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင် ဦးမောင်မောင်ကြည်က ပြောကြားသည်။

“အခုလို နေရာအနှံ့ တစ်ချိန်တည်းမှာ ဆိုင်ကယ်တွေနဲ့ အော်ဟစ်ဆဲဆို သွားတာကို ကြည့်ခြင်းအားဖြင့် ဒါဟာ စနစ်တကျနဲ့ ကောလာဟလ ဖြန့် တယ်လို့ ကျွန်တော်တို့ကထင်တယ်” ဟု တိုက်ကြီးမြို့နယ် BG သွေးလှူရှင်အသင်း တာဝန်ခံ ဦးသက်ဦးက ပြောဆိုသည်။

ယင်းကဲ့သို့ လူစုလူဝေး ဖြစ်ပွားပြီးနောက် ဥက္ကံမြို့ရှိ အထက်တန်းကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်းများတွင် ကျောင်းသားများကို ၎င်းတို့၏ မိဘများက လာရောက်ခေါ်ယူခဲ့၍ ကျောင်းများ ပိတ်ထားခဲ့ရကြောင်း ဥက္ကံမြို့ရှိ အထက်တန်းကျောင်းမှ နဝမတန်းပြ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ဥက္ကံမြို့အတွင်း ကောလာဟလ သတင်းများကြောင့် နေရာအနှံ့ လူစုလူဝေးများ ဖြစ်ပွားခဲ့သည်ကို တာဝန်ရှိသူများက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သဖြင့် မွန်းတည့် ၁၂ နာရီတွင် ပြန်လည် ငြိမ်သက်ကာ လူစုကွဲခဲ့ကြောင်း မြို့ခံတစ်ဦးက ရှင်းပြသည်။

ဧပြီလ ၃၀ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခမျိုး ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်သဖြင့် အဝတ်အစားများကို ထုပ်ပိုးပြင်ဆင်ခြင်း၊ နေအိမ်လုံခြုံရေးအတွက် ပြင်ဆင်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် ရဲတပ်ဖွဲ့ ၄၀ ကျော်ဖြင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဥက္ကံမြို့ ကောလာဟလဂယက်သည် တိုက်ကြီးမြို့သို့ ကူးစက်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်က တိုက်ကြီးမြို့ရှိ အထက်တန်းကျောင်းနှစ်ကျောင်းရှေ့ တွင် ကျောင်းသားမိဘ ၁၀၀၀ ကျော်ခန့် ရောက်ရှိလာကာ ကျောင်းသား များကို အတန်းလိုက်ခွဲ၍ ပြန်လည် စေလွှတ်ခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့မှ လုံခြုံရေးချပေးခဲ့ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကောလာဟလ သတင်းများကြောင့် ဥက္ကံမြို့နှင့် တိုက်ကြီးမြို့နယ်တို့တွင် ရပ်ကွက်များအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ စုပေါင်း၍ လုံခြုံရေးများ ဆောင်ရွက်မည်ဖြစ်ကာ ကျေးရွာများတွင် တာဝန်ကျရဲများက လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေး တိုးမြှင့်သွားမည်ဖြစ်ပြီး ဆိုင်ကယ်ဖြင့် အော်ဟစ်သူများကို စုံစမ်းလျက် ရှိကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။


 .. www.MyanmarExpress.net