Subscribe to our RSS Feed

ပြည်ပနေ နိုင်ငံသားများကို အခွန်ကင်းလွတ်ခွင့်ပြုမှုကြောင့် နိုင်ငံခြားငွေ ပိုမို စီးဝင်လာနိုင်


ဝင်းကိုကိုလတ်
အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)

မြန်မာအစိုးရအနေဖြင့် ပြည်ပနေ နိုင်ငံသားများကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်မှစ၍ ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြုမည်ဟု ယခုလ ၂၁ ရက်က အမိန့်ကြော် ငြာစာအမှတ် ၅၇/၂၀၁၁ ဖြင့် ထုတ်ပြန် လိုက်ပြီး ထိုသို့ ကင်းလွတ်ခွင့်ပေးလိုက်သည့်အတွက် နိုင်ငံတော် အတွက် တစ်နှစ်လျှင် အခွန်ဝင်ငွေ အမေရိကန် ဒေါ်လာ ငါးသန်းခွဲခန့် လျော့နည်းသွားမည် ဖြစ်သော်လည်း အခြားအကျိုး ကျေးဇူး များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

"နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေ ပိုမို စီးဝင်ရရှိလာပါမယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ယင်းကဲ့သို့ နိုင်ငံခြားငွေစီးဝင်မှု ပိုမို များပြာလာခြင်းကြောင့် ငွေကြေးလည် ပတ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် မြင့်မားလာပြီး အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုပွင့်လန်းလာခြင်း၊ အခွန် ၀န်ထုပ်ဝန်ပိုး လျော့ကျသွားသည့်အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းရှိ မှီခိုသူများထံ လွှဲပို့ ငွေလျော့နည်း ကျဆင်းခြင်းကို တစ်ဖက် တစ်လမ်းမှ ထေမိကာမိစေခြင်းရှိမည်ဟု ၎င်းက ပြောသည်။

"ပြည်ပနေနိုင်ငံသားများကြား ၀င်ငွေ ခွန်ပေးဆောင်ရမှုမှာ ညီမျှမှုရှိစေမယ်။ ပြည်တွင်းမှာရှိတဲ့ မှီခိုသူမိသားစုရဲ့ ၀င်ငွေတိုးတက် လာစေပြီး ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုစေပါမယ်"ဟု ၎င်းက ပြောသည်။

"တရားမ၀င်ငွေလွှဲလုပ်ငန်းများ လျော့ နည်းလာသည်နဲ့အမျှ နိုင်ငံအတွင်း အရန်နိုင်ငံခြားငွေပမာဏ တိုးတက် ရရှိလာမယ်။ နိုင်ငံခြားငွေ စီမံခန့်ခွဲရာမှာလည်း အထောက်အကူပြုမယ်"ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ယခုကဲ့သို့ ပြည်ပနေ နိုင်ငံသားများကို အခွန်ကင်းလွတ်ခွင့်ပြုခြင်းဖြင့် ပြည်ပ မှ တရားမ၀င်ငွေလွှဲမှုများ လျော့ကျခြင်း၊ မကြာသေး မီက ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားငွေလုပ်ငန်း လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းများကြောင့် ဘဏ်လုပ် ငန်းများ ဖွံ့ဖြိုးလာနိုင်ကြောင်း စီးပွားရေး ပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ) က သုံးသပ်ပြောကြားသည်။

"အရင် ပြည်ပနေနိုင်ငံသားတွေဆီက လွှဲငွေဘယ်လောက်ရှိတယ်ဆိုတာ မှန်းလို့မရဘူး။ ခုလိုဆို မှန်းလို့ရလာမယ်" ဟု ၎င်းက ပြောသည်။

သို့သော် ပြန်ပရောက်နိုင်ငံသားများ၏ သဘောထားကို သိရန်မှာလည်း အရေးကြီးကြောင်း ၎င်းက ပြောသည်။

"တရားမ၀င်ငွေလွှဲမှုကြောင့် နိုင်ငံခြားရှိ မြန်မာလုပ်သားတွေ ဆုံးရှုံးနိုင်ခြေရှိမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်"ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

အမိန့်ကြော်ငြာစာ မထုတ်ပြန်မီက ပြည်ပနေနိုင်ငံသားများ၏ လစာ ခေါင်းစဉ်မှ နိုင်ငံခြားငွေဖြင့် စုစုပေါင်း ၀င်ငွေအပေါ် နိုင်ငံခြား ငွေဖြင့် ၀င်ငွေ ခွန် နှစ်ရာခိုင်နှုန်းကို သက်ဆိုင်ရာ နိုင်ငံများရှိ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သံရုံးများတွင် ပေးဆောင်ကြ ရခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက်မှစ၍ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်အား နိုင်ငံခြား ငွေရောင်းဝယ်ဖောက်ကားခွင့်လိုင်စင် ထုတ်ပေးခဲ့သည့် အပြင် သမ၀ါယမ ဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ် နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့မှ စင်ကာပူ၊ ထိုင်းနှင့် မလေးရှား နိုင်ငံ တို့ရှိ မြန်မာအလုပ်သမားများထံမှ မြန်မာနိုင်ငံရှိ မိသားစုများထံ ငွေလွှဲပို့မှု အစီအစဉ် ဆောင်ရွက်ရန်အတွက် တင်ပြခြင်းအား ခွင့်ပြုပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယခုလ ၂၃ ရက်က ဘဏ်များ ကြီးကြပ် ရေးကော်မတီနှင့် မြန်မာနိုင်ငံဘဏ်များ အသင်း အမှုဆောင်အဖွဲ့၏ ၁၃၅ ကြိမ်မြောက် အစည်းအဝေး၌ ပြောသည်။

Myanmar Times

2 comments:

၂၀၁၀ခုနှစ်ကတည်းကနေယခု၂၀၁၂ခုနှစ်ရောက်သည့်တိုင်မိသားစုစီးပွါးရေး
အဆင်မပြေသေးနိုင်တာမို့သင်္ဘောပေါ်တက်တာဝန်ထမ်းဆောင်နေပြီးမပြန်
နိုင်သေးတဲ့သင်္ဘောသားတွေကောအကျုံးဝင်ပါသလား။အမိန့်ကိုတိကျပြတ်
သားရှင်းလင်းစွာထုတ်ပြန်ပေးပါ။အခွန်ဦးစီးကမောင်တွေက..မရှင်းမရှင်း
နဲ့ဆိုဖြတ်စားလာဘ်စားလုပ်လွန်းလို့ပါ။အကောက်ခွန်ကိုမြေလှန်သလိုအခွန်
ဦးစီးဌာနကိုလဲမြေလှန်သင့်ပါတယ်။တွေ့တယ်မဟုတ်လား၊ဒီလောက်
မြေလှန်နားကြောရှော့ထားတာတောင်အကောက်ခွန်မောင်တွေလက်
စောင်းထက်နေတာ..။နိုင်ငံတကာလှည့်ပြီးစီးပွါးရေးအမြင်၊ထောက်
လှမ်းရေးအမြင်...နဲ့ကြည့်ရှု့လေ့လာမှတ်သားနေတဲ့သင်္ဘောသား
ဗျ၊မြင်တယ်။

ဝင်ငွေခွန်လျှော့တာကတော့တကယ်ကြီးလားဗျ
မလေးရှားမြန်မာသံရုံးကတော့ကိုးလပိုင်းမှစလျှော့
မယ်ဆိုတဲ့လက်ကမ်းစာစောင်တွေဝေနေတင်္ရဗျ....
ဘယ်လိုကြီးလည်းဟင်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်